အောင်မြင်သူမရှိသလောက် နည်းပါးခဲ့တဲ့ ပူတာအိုခရိုင်၊ခေါင်လန်ဖူးမြို့တွင် ဂုဏ်ထူးဖြင့် အောင်မြင်သူများပါ ရှိလာ

အောင်မြင်သူမရှိသလောက် နည်းပါးခဲ့တဲ့ ပူတာအိုခရိုင်၊ခေါင်လန်ဖူးမြို့တွင် ဂုဏ်ထူးဖြင့် အောင်မြင်သူများပါ ရှိလာ

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အထိ ကိုးနှစ်တာကာလအတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်သူ သုံးဦးသာရှိခဲ့တဲ့ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်မှာ အခုနှစ်မှာတော့ (၉) ဦးအောင်မြင်ခဲ့ပြီး (၅) ဦး ဂုဏ်ထူးထွက်ရှိခဲ့ပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တဲ့နောက်ပိုင်း ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၉ ရက်နေ့အထိ ဖြေဆိုကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းရလဒ်တွေကို  ဇွန်လ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၀၁၉ - ၂၀၂၀ ပညာသင်ခုနှစ်က ခေါင်လန်ဖူးမြို့နယ်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၄၉ ဦးရှိရာကနေ အောင်မြင်သူ ၂ ဦးရှိခဲ့ပြီး ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်မှာတော့ အောင်မြင်သူ ၁ ဦးသာ ရှိခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက ကြီးမှူးကျင်းပခဲ့တဲ့ လက်ရှိ ၂၀၂၂ ခုနှစ်မှာတော့ ခေါင်လန်ဖူးမြို့နယ်က တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်သူ အများစုဟာ ပထဝီဝင်ဘာသာ ၊ သမိုင်းဘာသာ နဲ့ ဘောဂဗေဒ ဘာသာရပ်တွေမှာ ဂုဏ်ထူးထွက်ရှိပြီး (၃) ဘာသာ (၃) ဦးနဲ့ တစ်ဘာသာ (၂) ဦး ဂုဏ်ထူးထွက်ခဲ့တာပါ။

ခေါင်လန်းဖူးမြို့နယ်ဟာ ဝေးလံခေါင်ဖျားပြီး ရာသီဥတုနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသဖြစ်တဲ့အပြင် အရင်နှစ်တွေက စာစစ်ဌာနမရှိတာကြောင့် နောင်မွန်းမြို့နယ်စာစစ်ဌာနကို သွားရောက်ဖြေဆိုရတာတွေရှိသလို ၂၀၁၉ - ၂၀၂၀ ပညာသင်ခုနှစ်မှာတော့ အစိုးရရဲ့ထောက်ပံ့မှုနဲ့ ပူတာအိုမှာ စခန်းသွင်းပြီး တက္ကသိုလ်ဝင်တန်းကို ဖြေဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒီကနေ့ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းရလဒ်တွေ ထုတ်ပြန်မှုအပေါ် စစ်အာရှင်ကိုဆန့်ကျင်ပြီး ကျောင်းမတက် CDM ပြုလုပ်ထားတဲ့ ပြည်နယ်အတွင်းက ကျောင်းဆရာမတစ်ဦးက သူ့မရဲ့အမြင်ကို အခုလိုပြောပါတယ်။

“သူတို့ရဲ့အရည်အချင်းက တကယ်စစ်တာလား ။ ဒါမှမဟုတ် စကစ က ကျောင်းတွေကို ပုံမှန်ပြန်လည်ပတ်နိုင်အောင် ကလေးတွေကို မက်လုံးပေးတဲ့သဘောပေါ့နော်။ အဓိက မိဘတွေပေါ့နော်။ သူတို့ကလေးတောင်မှအောင်သွားပြီ ကိုယ့်ကလေးမအောင်သေးဘူး ကျောင်းမတက်နိုင်သေးဘူး အဲလိုတွေပေါ့နော်။ ဒီပညာရေးစနစ်ကြီးက အရမ်းကို နိမ့်ကျသွားပြီလို့ထင်တယ်။ အကုန်လုံးဖြေရင် ဖြေတဲ့သူတိုင်းအောင်မြင်နေတဲ့ ဒီပညာရေးစနစ်ကြီးက ဘယ်လိုသွားနေသလဲဆိုတာ အရမ်းကိုသိသာလွန်းတဲ့အတွက် မိဘပြည်သူတွေ နားလည်ကြမယ်လို့ ထင်ပါတယ်။ “လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျောင်းသူ၊ ကျောင်းသားဦးရေ (၂၈၁၇၅၁)နှစ်သိန်းရှစ်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး (၁၃၂၀၇၇) တစ်သိန်းသုံးသောင်းကျော်အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်းရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Most read this week

August 23, 2024
ဝိုင်းမော်မြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး နောင်းချိန်ကျေးရွာက...
August 21, 2024
ကချင်ပြည်နယ်၊ တရုတ်နယ်စပ်၊ ကန်ပိုက်တီမြို့က စစ်ရေးအခြေအနေကြောင့် ယာယီပိတ်ထားတဲ့ အထက်တန်းကျောင်း...