နိုင်ငံတော်ကို အကြမ်းဖက်မှုဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီ ကြေညာ

နိုင်ငံတော်ကို အကြမ်းဖက်မှုဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီ ကြေညာ

သျှမ်းမြောက်နှင့် ရခိုင်ပြည်တွင် စစ်ကောင်စီကို တော်လှန်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား မဟာမိတ် တပ်မတော်-MNDAA၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် – TNLA နှင့် အာရက္ခတပ်တော်-ULA/AA တို့အား နိုင်ငံတော်ကို အကြမ်းဖက်မှုဖြင့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၂ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့အား ယခုကဲ့သို့ အကြမ်းဖက် အုပ်စု အဖြစ် ကြေညာလိုက်သဖြင့် ပြည်တွင်း၌ စစ်ကောင်စီနှင့် ဆွေးနွေးပွဲများ ကျင်းပရန် မဖြစ်နိုင်တော့ဘဲ စစ်ရှိန် ပိုမြင့်လာနိုင်ကြောင်း တရုတ်-မြန်မာ အရေး လေ့လာစောင့်ကြည့်သူ တစ်ဦးက သုံးသပ်သည်။

“အခုလို ကြေညာလိုက်တော့ ပြည်တွင်းမှာ ဆွေးနွေးတာမျိုး လုံးဝ မဖြစ်နိုင်တော့ဘူးပေါ့။ တရုတ်ဘက်မှာ တရုတ်က ကြားဝင်တဲ့ ကြိတ်ဝိုင်း ဆွေးနွေးပွဲမျိုးတွေကတော့ ဆက်ရှိနိုင်တာပေါ့။ တရားဝင် ဆွေးနွေးတာတွေတော့ လတ်တလော မရှိနိုင်တော့ဘူး။ စစ်ရှိန်ပိုမြင့်လာမယ်” ဟု ၎င်းက သုံးသပ်သည်။

နိုင်ငံတဝှမ်း စစ်ပွဲများကို စစ်ကောင်စီက ပြည်တွင်းစစ် အဖြစ် မသုံးနှုန်းဘဲ အကြမ်းဖက်မှု အဖြစ်သာ အစဥ်တစိုက် သုံးနှုန်းနေမှုနှင့် ယခုကဲ့သို့ အကြမ်းဖက်အုပ်စု အဖြစ် ကြေညာခြင်းသည် သတိပြုစရာ ဖြစ်ကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးခေါင်းစဥ်အောက်က နိုင်ငံတကာ အကူအညီ မျှော်လင့်နေပုံရကြောင်း ၎င်းကသုံးသပ်သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် လမ်း၊ တံတားများ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးခြင်း၊ မြို့ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ နိုင်ငံတော်ပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသည့် အပြင် နိုင်ငံတော်အတွင်း အခြေပြု၍ နိုင်ငံတော်ကို အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိသဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ထုတ်ပြန်သည် စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် NLD အစိုးရ လက်ထက် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ULA/AA အဖွဲ့အား အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာခဲ့ပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲများ ပြန်လည် ကျင်းပရန် မျှော်လင့်ချက်ဖြင့် စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်တွင် အကြမ်းဖက် အုပ်စုအဖြစ် ကြေညာခြင်းအား ပြန်လည် ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။

September 16, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ တပိုင်တနိုင် ကုန်ကူးနေသည့် ဆင်ဖြူဂိတ်ကို စစ်ကောင်စီဘက်က...
September 16, 2024
သျှမ်းပြည် လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...
September 13, 2024
သျှမ်းတောင်၊ ကလောမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့က စတင် ဖြစ်ပွားနေသည့် ရေကြီး မြေပြိုမှုများကြောင့်...
September 13, 2024
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့အတွင်း စစ်ကောင်စီလက်‌အောက်ခံ ပြည်သူ့စစ်အဖွဲ့ နှစ်ဖွဲ့...