လားရှိုးနှင့် နောင်ချို လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲခံရ၊ အရပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

လားရှိုးနှင့် နောင်ချို လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲခံရ၊ အရပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေခြင်းကြောင့် အရပ်သား (၅) ဦး သေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ ၁၃ ရက် ည ၇ နာရီခန့်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၅) ဦး သေဆုံးပြီး (၈) ဦး ဒဏ်ရာရရှိကာ ပြည်သူနေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“မနေ့က ညမိုးချုပ်ခင်လေး လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ၊ ခရစ်ယာန်ရပ်ကွက်ဘက်က အိမ်တွေ တော်တော်များများ ထိတယ်။ ၅ ယောက်သေတယ်၊ ဒဏ်ရာရတဲ့ ၈ ယောက်ကတော့ ဆေးရုံခေါ်သွားပြီ။ ဒီနေ့ ( စက်တင်ဘာ ၁၄ ရက်) နေ့လယ်ကျတော့ ဂျက်ဖိုက်တာ နှစ်စီးနဲ့ ၄ လုံး ထပ်ချသွားတာ သံလမ်းဘက်နဲ့ သပြေရေဘက်လည်း ကျတယ်”ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စက်တင်ဘာလ ၁၄ ရက် နေ့လယ် ၁၂ နာရီခန့်တွင်လည်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာသို့ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် နှစ်စီးဖြင့် နောက်ထပ် ဗုံး (၄) လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ရာ လူနေအိမ်နှင့် ဈေးဆိုင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း လားရှိုးမြို့နယ် နမ့်ပေါင်ရွာအနီးရှိ နမ္မကျောက်မီးသွေးတွင်းလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး (၅) ရက်အတွင်း သုံးကြိမ်မြောက် လေကြောင်းဗုံးကြဲခံရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်တွင်လည်း  စက်တင်ဘာလ ၁၄ ရက်  နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံးကို မြို့ပေါ်ရှိ သပြေရပ်ကွက်သို့ ကြဲချတိုက်ခိုက်ခဲ့ရာ တစ်လုံးပေါက်ကွဲပြီး ကျန်တစ်လုံးမှာ မပေါက်ကွဲကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်သည်။

ယင်းကဲ့သို့ နောင်ချိုမြို့ပေါ် လူနေရပ်ကွက်အတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် လူနေအိမ်အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့တွင်လည်း  နောင်ချိုမြို့ပေါ်ရှိ ရဲစခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုကာ ဗုံး(၁၃) လုံး လာရောက်တိုက်ခိုက်ခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရှိရပြီး ရော့ကတ်ဒုံးဖြင့်လည်း ဆက်လက်ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။

မြန်မာနိုင်ငံတဝှမ်းနှင့် သျှမ်းပြည်မြို့ကြီးများတွင် ရေဘေးအန္တရာယ် ရင်ဆိုင်နေရချိန်တွင် စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် နယ်မြေဒေသများသို့ တန်ပြန်ထိုးစစ်ဆင်ကာ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် နှစ်ပတ်အတွင်း အရပ်သားသေဆုံးမှု ပိုမိုမြင့်တက်လာနေသည်။

Most read this week

September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...
September 18, 2024
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ...