ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး မလုံလောက်မှုတို့ကြောင့် အရေပြားရောဂါ ဖြစ်ပွားနေမှု ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး အမြန်ဆုံး ဆေဝါးကုသရန် လိုအပ်နေကြောင်း ဒေသခံအများအပြားက နိရဉ္စရာသတင်းဌာနသို့ ဆက်သွယ်ပြောကြားသည်။
သုံးရေ မသန့်သည့်အပြင် ဆေးဝါး လုံးဝပြတ်လပ်နေသဖြင့် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး အရေပြားရောဂါ ခံစားနေကြရကာ ထိုအထဲတွင် ပွေး၊ ဝဲ၊ ခူနာ အဖြစ်များနေကြောင်း၊ ကူးစက်မှုများလည်းရှိနေကြောင်း သံတွဲဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
"စလို့ဖြစ်တာက တိုက်ပွဲတွေကြားက အသက်လုပြီး ထွက်ပြေးလာရတဲ့အချိန်ကနေစပြီး ဖြစ်တာ။ အခု အဖြစ်များနေတာက ပွေးတို့၊ ဝဲတို့၊ ခူနာရောဂါတွေ ဖြစ်နေတာ။ အဲဒီရောဂါတွေက ကူးစက်တတ်တယ်။ ကုသဖို့ လိမ်းဖို့ ဆေးလုံးဝမရှိဘူး" ဟု ပြောသည်။
စစ်ရှောင်များမှာ ဖြစ်ပွားနေသည့် ရောဂါများကို တိုင်းရင်းဆေးများဖြင့် ကုသနေသော်လည်း ပျောက်ကင်းမှုမရှိသဖြင့် အခြေအနေ ဆိုးဝါးလာနေပြီး ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု စစ်ရှောင်အရေး ကူညီပေးနေသူ အမ်းဒေသခံအမျိုးးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
"တိုင်းရင်းဆေးနဲ့ ကုသပေမယ့် တခဏပဲသက်သာတယ်။ ပြီးရင်ပြန်ဖြစ်တယ်။ ဒီအနာတွေကို လိမ်းဖို့ ကုဖို့ ဆေးဝါးတွေကို သိရက်သားနဲ့ ဆေးက လုံးဝမရှိတာက ဆိုးနေတယ်။ မကြည့်ရက်ဘူး ခံစားနေရတာတွေကို" ဟု ပြောသည်။
ယင်းအပြင် စစ်ရှောင်စခန်းတွင် နေထိုင်သည့် စစ်ရှောင်များအပါအဝင် ဒေသခံများမှာ တစ်ကိုယ်ရည်သန့်ရှင်းပြီး ပိုးမွှားရောဂါကာကွယ်သည့် ဆပ်ပြာများလည်း လိုအပ်နေသည်ဟု ရမ်းဗြဲဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။
"စစ်ရှောင်တွေမှာ ရေချိုးရင်တောင် ဆပ်ပြာမတိုက်ရတဲ့ လူတွေရှိတယ်။ ရောဂါကို ဆေးဝါးမလုံလောက်လို့ မကုသနိုင်တဲ့အချိန်မှာ တစ်ကိုယ်ရေသန့်ရှင်းမှုအပိုင်းလည်း အရမ်းအရေးကြီးတယ်" ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လကတည်းကပင် အရေပြားရောဂါ ဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိတွင် တဖြည်းဖြည်း ပွားများလာကာ ၅ လကျော်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း ကျောက်တော်မြို့နယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
"ကိုယ်လက်တွေယားယံတော့ ကုတ်ရင်း အခုဆို ပိုပွားလာတာ မကောင်းတော့ဘူး။ ဆေးခန်းတစ်ခါပြရင် သုံးသောင်းလောက်ကုန်တယ်။ သုံးလေးရက်နေရင်တစ်ခါ ဆေးခန်းပြရတယ်။ စားသောက်ရေးတောင်မနိုင်တာ အဆင်မပြေတဲ့ကြားက ပြရတာပေါ့လေ" ဟု ပြောသည်။
အလားတူ နောက်ထပ် ၅ လသားအရွယ် ကလေးတစ်ဦးတွင်လည်း အရေးပြားယားယံမှု ဖြစ်ပွားနေခြင်းမှာ ၄ လကျော်ခန့် ကြာမြင့်ပြီဖြစ်၍ မိခင်တစ်ဦးအနေဖြင့် စိုးရိမ်ပူပင်မှုများရှိနေကြောင်း ဒေါ်မချေက နိရဉ္စရာကို ပြောသည်။
"ကလေးက တစ်ကိုယ်လုံးဖြစ်နေတာ။ ညဘက်ဆိုရင် ယားလို့နေမယ် ငိုတာလေ အိမ်နီးနားချင်းတွေကိုတောင် အားနာတယ်။ သူငယ်နာထင်လို့ မရှိတဲ့ကြားထဲက ဆေးခန်းသွားပြတာ သုံးခေါက်ရှိပြီ။ တစ်ခါပြရင် ပိုက်ဆံ ၈ သောင်း။ ဆေးခန်းမှာ ဆက်ပြဖို့အတွက် ပိုက်ဆံကလိုတယ်။ အခုတော့ ကံ့နဲ့အုန်းဆီ လိမ်းပေးထားတယ်" ဟု ပြောသည်။
ထို့အတူ ပြီးခဲ့သည့် ဧပြီလမှစတင်၍ ကိုယ်လက်ယားယံလာပြီး တဖြည်းဖြည်းပွားများလာကာ ဆေးဆိုင်များမှ လိမ်းဆေး၊ သောက်ဆေးများဖြင့် ကုသနေသော်လည်း ပျောက်ကင်းမှုမရှိသေးဟုလည်း စစ်တွေမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်မခင်အေးက နိရဉ္စရာသတင်းဌာနကိုပြောသည်။
"တကယ်တော့ ဆေးခန်းတွေမှာ ပြကြည့်ချင်တယ်။ ပြီးရင် ဒီလိုမျိုးအနာတွေက ပိုးသတ်ဆေးတို့ထိုးမှ အဆင်ပြေမယ် ပြောကြတယ်။ တချို့တွေက ဒီလိုဖြစ်တာကို ကောင်းတဲ့နေရာတွေညွှန်ပေးတယ်။ ပိုက်ဆံမရှိတော့ လမ်းစရိတ်ရော၊ ဆေးစရိတ်ရော မတတ်နိုင်တော့ မသွားရဘူးပေါ့" ဟု ပြောသည်။
ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်စခန်းများတွင် ထိုသို့ အရေပြားရောဂါဖြစ်ပွားနေခြင်းမှာ အသက်အရွယ်အားဖြင့် ၅ လသားအရွယ်မှ သက်ကြီးအထိ ဖြစ်ပွားနေသည်။
စစ်ဘေးရှောင်တစ်ခုလျှင် နှစ်ပုံတစ်ပုံခန့် ၎င်းရောဂါများ ခံစားနေရသည်ဟု သိရသည်။
စစ်ဘေးရှောင်စခန်းများတွင် ဆေးဝါးမလုံလောက်မှုနှင့် အဓိက နေရာဒေသ မသန့်ရှင်းမှုများလည်း ဖြစ်ပွားနေကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
"အဓိက မသန့်ရှင်းတဲ့လေကို ရှုရတယ်။ နေထိုင်ရတာကလည်း အများအားဖြင့် ရောထွေးပြီးနေရတာလေ။ မိလ္လာကိစ္စ၊ ရေချိုးတာ၊ အဝတ်လျှော်တာတွေက အများသုံးနေတော့ မသန့်ရှင်းဘူးပေါ့ " ဟု ပြောသည်။
ထို့အတွက်ကြောင့် ၎င်းစစ်ဘေးရှောင်စခန်းများတွင် ဆေးဝါးများလိုအပ်နေသလို ကျန်းမာရေးအသိပညာပေး ဟောပြောချက်များလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။
မောင်တောဒေသခံတစ်ယောက်က “သောက်သုံးရေအခက်အခဲကြောင့် ဝမ်းရောဂါနဲ့ အရေပြားရောဂါတွေ ဖြစ်နေကြတယ်၊ နွားတွေ ကျွဲတွေလည်း ရေတိုက်ဖို့ ခက်ခဲနေပါတယ်” ဟု ပြောသည်။
မောင်တောမြို့ ကျေးရွာအများစုတွင် ရေကန်များခမ်းခြောက်နေပြီး သုံးရေများကို သောက်ရေအဖြစ် အသုံးပြုနေကြရသောကြောင့် ဝမ်းရောများအပြင် အရေပြားရောဂါများပါဖြစ်ပွားနေကြောင်း ဒေသခံများက ဆိုသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ရပ်ရွာတချို့တွင် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
မောင်တောမြို့နယ်ရှိ ခမောင်းဆိပ်၊ ကြောင်နဖေ၊ မီးတိုက်၊ သက်ကိုင်းညှာ၊ သုပဏ္ဏက၊ ဘောင်း၊ သစ်တုံးနားခွဆုံ၊ တမန်းသား၊ ရီနောက်ငါးသားစရေရပ်ကျေးရွာများတွင် ကျေးရွာသားများသည် သောက်သုံးရေအခက်အခဲကြောင့် ဒေသခံများ အခက်အခဲဖြစ်နေသည့်အပြင် သောက်သုံးရေ မသန့်ရှင်းသောကြောင့် ဝမ်းရောဂါနှင့် အရေပြားရောဂါများပါ ဖြစ်ပွားနေကြောင်း သိရသည်။
ထို့အပြင် သံတွဲမြို့နယ်၊ ငပလီ၊ လင်းသာ၊ မြပြင်၊ ဂျိတ္တော ကျေးရွာတို့တွင် အရေပြားရောဂါ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
ကလေးအပါအဝင် အရေပြားရောဂါဖြစ်ပွားနေသူ ၂၀၀ ကျော်အထိရှိနေကြောင်းနှင့် ရေမသန့်ရှင်းသောကြောင့် အရေပြားရောဂါ ဖြစ်ပွားနေမှုသည် ကြာလာပါက ပိုမိုဆိုးဝါးလာကြောင်း ဒေသခံတို့က ဆိုသည်။
သံတွဲမြို့နယ်တွင် စစ်ဘေးရှောင် ၂ သောင်းကျော်ရှိကြောင်းသိရသည်။
လက်ရှိတွင်သံတွဲ၊ ဂွ၊ တောင်ကုတ်၊ အမ်းနှင့် ရမ်းဗြဲ စသည့် မြို့နယ်များမှ ဒေသခံနှင့် စစ်ရှောင်များမှာ အဆိုပါရောဂါများ ခံစားနေကြရကြောင်း ဒေသခံများက ပြောသည်။