အာရက္ခနိုင်ငံတည်ဆောက်ရေးမှာ မည်သူမဆို လူမျိုးဘာသာမခွဲခြားဘဲ ပါဝင် ဆောင်ရွက်နိုင်ကြောင်း အာရက္ခတပ်တော် (AA) တာဝန်ရှိသူများက အစ္စလာမ်ဘာသာရေး အခမ်းအနားတစ်ခုတွင် ရှင်းလင်းပြောကြားခဲ့သည်ဟု သတင်းရရှိသည်။
ယခုနှစ် မတ်လ ၂၉ ရက်နှင့် ၃၀ ရက်နေ့များက ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ကျင်းပပြုလုပ်ခဲ့သည့် အီဒုလ်ဖွိသွိရ်နိ အခမ်းအနားတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သကြား၊ ပြောင်း၊ ဆန် စသည့် ရိက္ခာပစ္စည်းများကို ထောက်ပံ့ပေးစဉ် ထိုသို့ ပြောဆိုသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ အခမ်းအနားတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဒေသဆိုင်ရာတာဝန်ရှိသူများက လက်ရှိစစ်ရေး နိုင်ငံရေး ကိစ္စရပ်များနှင့် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ တည်ဆောက်ရေးကာလ၊ တည်ဆောက်နေဆဲ ကာလအခြေအနေများကို ရှင်းလင်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ၏ မူဝါဒလမ်းစဉ်များ၊ မတူကွဲပြား မျိုးနွယ်စုများအပေါ် ဘာသာလူမျိုးမခွဲခြားဘဲ ထားရှိသည့် ပကတိသဘောထားများ၊ နိုင်ငံသားတယောက်ချင်းစီ၏ တာဝန်နှင့် အခွင့်အလမ်းများ၊ နိုင်ငံတည်ဆောက်ရေးတွင် မည်သူမဆို လူမျိုးဘာသာမခွဲဘဲ ပါဝင် ဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍများကိုလည်း အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။
အီဒုလ်ဖွိသွိရ်နိ အခမ်းအနားကို အာရက္ခဒေသက ဘူးသီးတောင်နှင့်မောင်တော မြို့နယ်တို့တွင် မတ်လ ၂၉နှင့် ၃၀ရက်နေ့များက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အာရက္ခတပ်တော်က တာဝန်ရှိသူများ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များနှင့် ဒေသခံ မွတ်ဆလင် ပြည်သူလူထုများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားသို့ တက်ရောက်ခဲ့သည့် အစ္စလာမ်ဘာသာဝင်တစ်ဦးက “အီဒုလ်ဖွိသွိရ်နေ့ဆိုတာကတော့ ချစ်ခြင်းမေတ္တာနဲ့တန်းတူညီမျှမှုကိုဖော်ပြတဲ့နေ့တစ်နေ့ပါ။ အီဒုလ်ပွဲတော်နေ့မှာULA /AAက ရိက္ခာတွေကူညီထောက်ပံ့ပေးသလိုကျနော်တိုရဲ့ ပွဲတော်ရက်မြတ်တွေကို အခုလို အလေးထားကျင်းပပေးတဲ့အတွက် ULA /AA ကို အထူး ကျေးဇူးတင်ပါတယ်” ဟု ပြောဆိုခဲ့သည်။
အာရက္ခတပ်တော် (AA) ကပလက်ဝအပါအဝင် အာရက္ခဒေသ (၁၅) မြို့နယ်ကို ထိန်းချုပ်ပြီးနောက် အာရက္ခဒေသအတွင်း မှီတင်းနေထိုင်ကြသည့် လူမျိုးစုများအချင်းချင်းအကြား ချစ်ကြည်ရင်းနှီးမှုနှင့် လူမျိုးစုများ၏ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုလွတ်လပ်ခွင့်များကို အထူးတန်ဖိုးထား လေးစားလိုက်နာပြီးမြှင့်တင်ဆောင်ရွက်ပေးလျှက်ရှိနေကြောင်း သိရှိရသည်။