အံကြိတ်ပြီး အားမွေးထားကြပါစို့

အံကြိတ်ပြီး အားမွေးထားကြပါစို့

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀၀ အတွင်း ရစ်ခ်တာစကေး ၆ နှင့်အထက် လှုပ်ခတ်ခဲ့ဖူးတဲ့ မြေငလျင်ကြီး ၁၈ ကြိမ်အနက် ပြီးခဲ့တဲ့မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးဟာ ဒုတိယအကြီးဆုံးဖြစ်တယ်။ ရစ်ခ် တာစကေး (၇ ဒသမ ၇) ရှိပါတယ်။ ၁၉၁၂ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြီးကတော့ ရစ်ခ်တာစကေး (၈ ဒသမ ၀) ဖြစ်ပါတယ်။

ငလျင်ဘေးဒဏ် အများဆုံး ခံစားကြရတဲ့ဒေသတွေကတော့ (စကစ) စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးဗဟိုဌာနဖြစ်တဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းဒေသကြီးတို့ပဲ ဖြစ်ပါတယ်။

လူ့အသက်အန္တရာယ် သေဆုံးထိခိုက်မှုမှာတော့ ဧပြီလ ၉ ရက်နေ့အထိ စစ်တပ်ပိုင်မြဝတီသတင်းစာပါ အချက်အလက်များအရ သေဆုံးသူ ၃၆၄၉ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၀၁၈ ဦးနှင့် ပျောက်ဆုံးသူ ၁၄၅ ဦး ရှိတယ်လို့ သိရှိထားရပါတယ်။

အဆောက်အအုံပျက်စီးမှု တန်ဖိုးစုစုပေါင်းကတော့ အသေးစိတ် တွက်ချက်ကြရပါလိမ့်အုံးမယ် ထင်ပါတယ်။ အဆုံးအရှုံးအပျက်အစီးက အင်မတန်မှ ကြီးမားပါတယ်။

မြဝတီသတင်းစာမှာ ဖော်ပြထားတဲ့ အချက်အလက်တစ်ခုအရဆိုရင် အဆောက်အအုံပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခု၊ ရန်ကုန် – နေပြည်တော် – မန္တလေးသွား မီးရထားလမ်းနဲ့ ကားလမ်းများပျက်စီး၊ ဘူတာများပျက်စီးခြင်း၊ တံတား ၁၆၉ စင်း ပျက်စီးပါတယ်။

အဲဒီအထဲမှာ မြစ်ကြီးနား – မန္တလေးကို ဆက်သွယ်ပေးတဲ့ မီးရထားလမ်းပေါ်က အဓိကကျတဲ့ ဧရာဝ တီမြစ်ကူးတံတား စစ်ကိုင်းတံတားကြီး (အင်းဝတံတား) ရဲ့ တံတားကုန်းကြီး ၆ ခု ငလျင်ဒဏ်ကြောင့် ဧရာဝတီ မြစ်ထဲ ထိုးကျပျက်စီးခဲ့ပါတယ်။ ကားလမ်းသာပါရှိတဲ့ တံတားသစ်ရတနာပုံကလည်း ထိခိုက်ပျက်စီးမှုတွေရှိ နေလို့ ကားငယ်များသာ အကန့်အသတ်နဲ့ ဖြတ်သန်းခွင့်ပေးထားတယ်လို့ ဆိုပါတယ်။

ဆည်မြောင်းတာတမံ ၁၉၈ခု၊ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း ၁၈၄ ပိုင်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၂၂နိုင်ငံက ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ဦး ရောက်ရှိလာပါတယ်။ ထောက်ပံ့ပို့ဆောင်ရေး ပစ္စည်းတန်ချိန်ပေါင်း ၁၄၇၂ တန်၊ ကယ် ဆယ်ရေးပစ္စည်းများတန်ချိန် ၁၁၀၀ ကျော် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အလျင်အမြန် လာရောက်ကူညီကယ်ဆယ်ကြတဲ့၊ လိုအပ်တဲ့အကူအညီတွေပေးအပ်ကြတဲ့ တိုင်းပြည်က အစိုးရနဲ့ပြည်သူတွေကို ကျနော်တို့ ပြည်သူတွေက လေးလေးနက်နက် ကျေးဇူးတင်ကြရမှာပါ။ မှတ်တမ်းထင်ထားကြရမှာပါ။ ဒီလိုကယ်ဆယ်ကူ ညီမှုတွေသာ အချိန်မီရောက်မလာခဲ့ကြဘူးဆိုရင် ကျနော်တို့ပြည်သူတွေရဲ့ အသက်အန္တရာယ်ထိခိုက်မှုဟာ အခုထက်ပိုပြီး ကြောက်ခမန်းလိလိ တိုးများလာစရာရှိပါတယ်။

အထက်မှာ အပျက်အစီးတွေနဲ့ ပတ်သက်ပြီး စစ်အုပ်စုချုပ်ကိုင်ထားတဲ့ သတင်းစာထဲက အချက်အ လက်တွေကို စုစည်းပြီး ဖော်ပြထားပါတယ်။ ဒါဟာ မင်းအောင်လှိုင်တို့ (စကစ) စစ်အုပ်စု ထိခိုက်နစ်နာရတာ ပဲဆိုတဲ့ ဝမ်းသာလှိုက်လှဲမှုနဲ့ တင်ပြနေတာ မဟုတ်ပါဘူး။

ဒီငလျင်ကြီးက ပထမအချက်အားဖြင့် မင်းအောင်လှိုင်တို့ စစ်အုပ်စုအဆက်ဆက်ရဲ့ “မျက်ဖြူဆိုက်လေ – ဆရာကြိုက်လေ” ဆိုတဲ့စိတ်ထားနဲ့ ပြည်သူတွေ ဘေးဒုက္ခကြုံတွေ့ချိန်ကို ချက်ကောင်းယူတတ်တဲ့ စစ်အုပ်စုအဆက်ဆက်ရဲ့ စရိုက်သဘာဝကို ဖွင့်ချပြနေတယ်။ ဒုတိယအချက် မင်းအောင်လှိုင်တို့ စစ်အုပ်စု အဆက်ဆက်ရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတာ၊ ပြည်သူ့ဘဏ္ဍာငွေတွေ ကိုယ်ကျိုးသုံးခဲ့တာ စတဲ့ ပြည်သူတွေအပေါ် သစ္စာဖောက်ပြီး ခိုးဝှက်ခဲ့တာတွေကို ဒီငလျင်ကြီးရဲ့အပျက်အစီးတွေ အထင်ရှားဆုံး ဖွင့်ချပြနေပါတယ်။ တတိယအချက်က ပြည်သူတွေအတွက် ကြီးမားပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်ကြုံရတဲ့အခါမှာ ဘယ်လိုကယ်ဆယ်ကူညီမယ်ဆိုတဲ့ စီမံမှု၊ ကျွမ်းကျင်သူ၊ နည်းလမ်းနဲ့ပစ္စည်းကိရိယာတွေ မရှိတဲ့အချက် ဖြစ်ပါတယ်။

ပထမအချက်။ “မျက်ဖြူဆိုက်လေ – ဆရာကြိုက်လေ” ဆိုတဲ့ စိတ်ထားနဲ့ပြည်သူတွေ ဘေးဒုက္ခကြုံ တွေ့ချိန်ကို ချက်ကောင်းယူတတ်တဲ့ စစ်အုပ်စုအဆက်ဆက်ရဲ့ စရိုက်သဘာဝကို တွေးမိပြီး ပြည်သူတွေအတွက် စိုးရိမ်စိတ်နဲ့ ဖော်ပြလိုက်တာပါ။ “စစ်အုပ်စု” အဆက်ဆက်ဟာ ဘယ်သူသေသေ ငတေမာရင်း ပြီးစတမ်းဆိုတဲ့ လူဆိုးလူမိုက်တစ်စုပဲ မဟုတ်ပါလား။ နာဂစ်မုန်တိုင်းကြီး ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ ကြုံ ကြရစဉ်က (နအဖ) စစ်အုပ်စုရဲ့လုပ်ရပ်တွေကို ပြည်သူတွေ မှတ်မိကြအုံးမှာပါ။ အဲဒီထဲက အမြင်သာဆုံးက တော့ မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေထက် “၂၀၀၈ အခြေခံဥပဒေ” အတည်ပြုရေးကို အာသာငမ်းငမ်းနဲ့ အမိအရ အသုံးချခဲ့ကြ တယ် မဟုတ်ပါလား။

အခုလည်း မင်းအောင်လှိုင်တို့ (စကစ) စစ်အုပ်စုက သူတို့ရည်မှန်းပြင်ဆင်ထားတဲ့ အထွေထွေရွေးကောက်ပွဲကို သူတို့မူလ စဉ်းစားထားချက်အတိုင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ နဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ၂သုတ်စီခွဲ ကျင်းပမှာကို နောက်မဆုတ်ဘူးလို့ ပြောကြားထားပါတယ်။

ဒါ့အပြင် ဘယ်လိုမှမတတ်သာလို့ (စကစ) စစ်အုပ်စုဟာ (ဧပြီလ ၂ မှ ၂၂ ထိ) ကာလကို “ယာယီပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ်” ထုတ်ပြန်ကြေညာလာရပါတယ်။ ကြေညာချက်ထုတ်တဲ့ စာရွက်မင် ခြောက်မီ စစ်အုပ်စုက လေယာဉ်နဲ့ဗုံးကြဲတဲ့သတင်း၊ ပစ်ခတ်တိုက်ခိုက်တဲ့သတင်းတွေ ပေါ်ထွက်လာပါတယ်။ ဒီတော့ (စကစ) စစ်အုပ်စုရဲ့ ဒီကြေညာချက်ဟာလည်း ယခင့်ယခင်ကလိုပဲ ဗြောင်ကျတဲ့လိမ်ညာချက်ဖြစ် ကြောင်း ပေါ်လွင်သွားပြန်ပါတယ်။

ဒုတိယအချက်။ နေပြည်တော် – မန္တလေး – စစ်ကိုင်းတစ်လျှောက် ပျက်စီးသွားတဲ့ အဆောက်အအုံ တွေ၊ ကားလမ်း၊ မီးရထားလမ်း၊ ဆည်မြောင်းတာတမံ၊ တံတားတွေရဲ့အပျက်အစီးတွေကြည့်ရင် စစ်အုပ်စု အဆက်ဆက်က တစ်နပ်စားနဲ့ဉာဏ်နဲ့ ခိုးဝှက်ထားခဲ့တာတွေ ဗူးပေါ်သလို ပေါ်ကုန်ပါတယ်။ အထပ်မြင့် ဟိုတယ်ကြီးတွေ ပြိုကျတော့ အင်ဂျင်နီယာပညာနဲ့ ငလျင်ဗေဒကို ပမာမခန့်လုပ်ပြီး (စတသ) က ဘာမဆို သင်ပေးလိုက်လို့ စစ်ဗိုလ်ဆိုတာ မလုပ်တတ်တာမရှိ၊ အကုန်သိ အကုန်တတ်ဆိုတဲ့အချိုးနဲ့ လုပ်ခဲ့သမျှတွေ ပေါ်ကုန်တယ်။ ငလျင်ကြီးက စစ်ဗိုလ်တွေ မတတ်တာအပြင် ခိုးဝှက်ထားတာတွေပါ ထိုးကော်ပြီးဖော်ပြလိုက် ပါတယ်။ ပြိုပျက်နေတဲ့ လွှတ်တော်အဆောက်အအုံ၊ တရားရုံးချုပ်အဆောက်အအုံတွေ၊ ပြိုကျသွားတဲ့ လေဆိပ်တာဝါ၊ ငှက်ပျောရွက်တွေ ချစီထားသလို တွန့်ခေါက်ကျိုးကျေနေတဲ့ အမြန်လမ်းမကြီး၊ ရေလည်တိုင် သာကျန်တဲ့ ငုံးတိတိတံတားတွေ၊ ဘုံးဘုံးလဲကျနေတဲ့ ဝန်ထမ်းအိမ်ရာတွေ၊ ဒါ့အပြင် ဝန်ကြီးဌာနအဆောက် အအုံတွေပါ စိတ်မချရလို့ ရွက်ဖျင်တဲထိုးပြီး နိုင်ငံခြားဧည့်သည် လက်ခံတွေ့နေကြရတယ် မဟုတ်လား။ ဒီလို လက်တွေ့ဖြစ်ရပ်တွေက စစ်ဗိုလ်တွေရဲ့အမြင်တိုမှု၊ တစ်နပ်စားကြံမှု၊ ခိုးဝှက်မှုတွေကို ထင်ရှားသက်သေခံနေ ပါတယ်။

တတိယအချက်။ ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက် ဘယ်လိုကယ်ဆယ်ကူညီရေးမှ ဟုတ်ဟုတ်ငြား ငြား လမ်းပေါ်ထွက်မလာပါဘူး။ ဟိုနေ့ဒီနေ့တွေဆို စစ်ကြောင်းတွေဖွဲ့ပြီး အင်အားပြတတ်တဲ့ စစ်သားတွေ၊ ရဲသားတွေ ဘယ်ရောက်ကုန်ကြပြီလဲ။

တချိန်က မြို့ထဲရွာထဲအရပ်ထဲမှာ အရေးဟဲ့ဆိုရင် ရှေ့ကထွက်ကြတဲ့လူငယ်တွေလည်း စစ်အုပ်စုကို နာကျည်းစိတ်နဲ့ နွေဦးတော်လှန်ရေးထဲ ခြေစုံပစ်ဝင်သွားကြပြီ။ ဒါ့အပြင် အဓမ္မစစ်သားစုဆောင်းနေတဲ့ ဥပဒေ ကြောင့်လည်း လူငယ်တွေဟာ အမိမြေကို မစွန့်ခွာချင်ဘဲ စွန့်ခွာသွားခဲ့ကြရတယ်။ မိဘတွေကလည်း သားသမီးတွေကို သတင်းစာကနေ “သား/သမီးအဖြစ် စွန့်လွှတ်ကြောင်း” ကြော်ငြာထည့်ခဲ့ကြရတယ်။

ချုပ်လိုက်တော့ ပြည့်လက်ရုံးလို လှံသွားလိုအခန်းက ပါတဲ့လူငယ်တွေ တိုင်းပြည်ထဲမှာ ရှားပါးလျော့ နည်းနေချိန်ဖြစ်တယ်။ လူငယ်တချို့ကလည်း စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းနေတဲ့ဥပဒေကို မလွန်ဆန် နိုင်လို့၊ ပေါ်တာဆွဲသလိုဆွဲနေတာကို မရှောင်နိုင် မတိမ်းနိုင်တော့လို့ ရပ်ကွက်လိုက် မဲချပြီးစစ်သားဆွဲနေတာ ကို မပြေးနိုင် မပုန်းနိုင်တော့လို့ လေ့ကျင့်ရေးငရဲခန်းတွေဆီကို အသုတ်လိုက်ပါသွားကြရချိန် ဖြစ်တယ်။ ဒီလို အနေအထားနဲ့ အချိန်အခါကြီးမှာ ငလျင်ကြီးက လှုပ်ခတ်လာတာပါ။

ပြီးတော့ အင်မတန်ပြင်းထန်တဲ့ (၇ ဒသမ ၇) ရစ်ခ်တာစကေး၊ မြန်မာနိုင်ငံမှာ လှုပ်ခဲ့ဖူးသမျှထဲ ဒုတိယ အကြီးမားဆုံး၊ အားကိုးစရာ လူငယ်တွေလည်း မရှိ၊ ကယ်ဆယ်ရေး ပစ္စည်းကိရိယာက နတ္ထိ၊ ကယ်ဆယ်ရေးနည်းနာနဲ့ နည်းပညာက ဝေးစွ။ ဒါကြောင့် အထက်တစ်နေရာမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကူ အညီတွေသာ အချိန်မီရောက်မလာခဲ့ဖူးဆိုရင် ကျနော်တို့ပြည်သူတွေရဲ့ အသေအပျောက်ဟာ တွေးဝံ့စရာ မရှိဘူးလို့ ရေးခဲ့တာပါ။

စစ်အုပ်စုဟာ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ စစ်ရေယာဉ်တွေ၊ ရေငုတ်သင်္ဘောတွေကို တပ် တော်ဝင်အခမ်းအနားလို့ ဆိုတာတွေလုပ်ပြီး ဟန်ရေးပြ ကြွားဝါတတ်ပါတယ်။ ပျံသန်းပြ၊ ခုတ်မောင်းပြ၊ ပစ်ခတ်ပြပါတယ်။ အရေးအကြောင်းကြုံတော့ အဲဒီစစ်တပ်ကြီးဟာ ပြည်သူတွေကို မကယ်ဆယ်ပါလား၊ မကူညီပါလား။ အဲဒီလိုကယ်ဆယ်ကူညီဖို့ ပစ္စည်းကိရိယာ၊ နည်းပညာနဲ့ ကျွမ်းကျင်သူတွေမရှိပါလားဆိုတာ ဒီငလျင်ဘေးကြီးက အထင်အရှား ဖွင့်ချပြနေပါတယ်။

ဒီငလျင်ကြီးက ပြည်သူလူထုကြီးကို (စကစ) စစ်အုပ်စုက ကုပ်ခွစီးထားတဲ့ ဒီစစ်တပ်ကြီးဟာ စစ်အုပ် စုရဲ့ တစ်လက်ကိုင်တပ်၊ ခါးပိုက်ဆောင်တပ်ပဲ ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း ပိုမိုထင်ရှားစွာ သိမြင်နား လည်သွားစေပါတယ်။

ဒီလိုရေးလို့ မင်းအောင်လှိုင်ဦးဆောင်တဲ့ (စကစ) စစ်အုပ်စု ကယ်ဆယ်ရေးမလုပ်ဘူးလားဆိုတော့ လုပ်ပါတယ်။ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ပါတယ်။ ငလျင်ဒဏ်ကြောင့် လဲနေတဲ့ ပြည်သူတွေကို ကျောပေါ် တက်နင်းထားနိုင်ဖို့ လုပ်နေပါတယ်။ သေဆုံးသူတွေအတွက် ကျပ် ၁၀သိန်းစီ ပေးအပ်မယ်တဲ့။ အပြိုအပျက် တွေကို ဘယ်လိုရှင်းကြမလဲ။ ဘယ်က ပိုက်ဆံနဲ့ရှင်းကြမလဲ။ ပြီးတော့ အိုးသစ်အိမ်သစ်ဘဝသစ်ကို ဘယ်လို ပြန်တည်ဆောက်ကြမလဲ။ တချို့က သူတို့အိုးအိမ်တွေတင်မကဘူး၊ သူတို့အလုပ်လုပ်နေတဲ့ အလုပ်ရုံတွေ၊ ဟိုတယ်တွေပါ ပြိုကျသွားတာ။ ဒီတော့ ပြည်သူတွေ ရှေ့ ဘယ်လို အသက်ဆက်ကြမလဲ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အခွန်စည်းကြပ်မှုစစ် – ကုန်သွယ်ရေးစစ်ကလည်း ဖြန့်ကျက် လိုက်ပြီမို့ ကုန်ဈေးနှုန်းတွေကျဖို့ မရှိတော့ပါဘူး။ မရှိမဖြစ် ဆောက်လုပ်ရေးပစ္စည်းတွေဖြစ်တဲ့ သံချောင်း၊ သံလုံး၊ သွပ်ပြား၊ ဘိလပ်မြေ စတာတွေဟာ နိုင်ငံခြားကပဲ တင်သွင်းရတာ မဟုတ်ပါလား။ ဒါတွေကို တက် ဈေးနဲ့ မိတော့မယ်။ လက်ထဲရှိစုမဲ့စု မြန်မာကျပ်ငွေက ဖောင်းပွလို့ဆုံးမယ် မထင်ပါဘူး။ သေဆုံးသူတစ်ဦးစီ အတွက် ကျန်ရစ်သူတွေရမယ့် ၁၀သိန်းက ကျန်ရစ်သူတွေလက်ထဲရောက်လာချိန်မှာ အဲဒီကျပ် ၁၀သိန်းရဲ့ ဝယ်နိုင်အားက ဘယ်လောက်လျော့ကျသွားမလဲ။ ကုန်ပစ္စည်းဘယ်လောက်ပဲ ဝယ်လို့ရတော့မလဲ တွက် ကြည့်ကြပါ။

ဒီတော့ ကျနော်တို့နိုင်ငံလို တတိယကမ္ဘာက ဖွံ့ဖြိုးမှုနောက်အကျဆုံး၊ ပြည်တွင်းစစ်အရှည်ကြာဆုံး၊ လောလောလတ်လတ်မှာ ရစ်ခ်တာစကေး (၇ ဒသမ ၇) ရှိတဲ့ အင်မတန်ပြင်းထန်တဲ့ ငလျင်ဘေးကြီးကို ရင်ဆိုင်တိုးလိုက်ရတဲ့ တိုင်းပြည်အဖို့ သန်းခေါင်ထက် ညဉ့်မနက်နိုင်တော့ပါ။

ကျနော်တို့ပြည်သူတွေရဲ့ ငလျင်သောကကို ငလျင်နာကျည်းမှုကို (စကစ) စစ်အုပ်စုက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ပြုလုပ်လာမယ့် “အထွေထွေရွေးကောက်ပွဲ” အပေါ်ကို အသား ကုန် ပုံချလိုက်ဖို့ပါပဲ။ ဒီရွေးကောက်ပွဲဟာ မင်းအောင်လှိုင်တို့ (စကစ) စစ်အုပ်စုနဲ့ လူတစ်စုသာ လုပ်သွားတဲ့ တိုင်းပြည်မှာ လုပ်ခဲ့ဖူးသမျှရွေးကောက်ပွဲတွေအနက် “မဲလာပေးသူ အနည်းဆုံးရွေးကောက်ပွဲ” ဆိုတဲ့ သမိုင်း မှတ်တမ်းရေးထိုးနိုင်ဖို့ အခုကတည်းက အံကြိတ်ပြီး အားမွေးထားကြပါစို့။

Most read this week

April 11, 2025
တနင်္သာရီတိုင်း၊ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာ၊ ဒေသတဝိုက်တွင် စစ်ကောင်စီက...
April 9, 2025
စစ်ကောင်စီက ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့ထိ ယာယီ အပစ်ရပ်ထားမည်ဟု ပြောဆိုထားသော်လည်း ကော့ကရိတ်မြို့နယ်၊...
April 9, 2025
“ကျမကလေးတွေက အဖေမရှိကြဘူး။ သူတို့ မျက်နှာမငယ်ရအောင် အဖေရှိတဲ့သူတွေနဲ့...
April 8, 2025
သံလွင်နဲ့ သောင်ရင်းမြစ်ဆုံရာ ကမ်းနံဘေး သဲသောင်ပြင်ပေါ် သဘာဝလရောင်အောက်မှာ ကလေးငယ် ၈ ဦးနဲ့...