အပစ်ရပ်ကာလအတွင်း ကော့ကရိတ်တွင် လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော်ရှိလာ

အပစ်ရပ်ကာလအတွင်း ကော့ကရိတ်တွင် လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော်ရှိလာ

စစ်ကောင်စီက ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့ထိ ယာယီ အပစ်ရပ်ထားမည်ဟု ပြောဆိုထားသော်လည်း ကော့ကရိတ်မြို့နယ်၊ ကျေးရွာများသို့ တစ်ပတ်အတွင်း လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုအကြိမ် ၁၀၀ ကျော်ရှိလာပြီဖြစ်သည်ဟု တော်လှန်ရေးပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူများနှင့် ဒေသခံများက ပြောသည်။

အဆိုပါ ကောကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဧပြီ ၂ ရက်နေ့မှ ၈ ရက်နေ့ စစ်ကောင်စီ အထိုင်တပ်ရင်း နေရာများမှလည်းကောင်း၊ ရွေ့လျား အမြောက်သံချပ်ကာယာဉ်ဖြင့်လည်းကောင်း၊ ဒရုန်းဗုံးချ တိုက်ခိုက်ခြင်းတို့ကို နေ့စဉ်ပြုလုပ်နေသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA မဟာမိတ်စစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

“စစ်ကောင်စီက ကော့ကရိတ် တောင်ပိုင်း၊ မြောက်ပိုင်း ရွာတွေကို အလုံးကြီးနဲ့ ပစ်တာ ဆက်လုပ်နေတယ်။ အပစ် ရပ်တယ် ကြေညာပြီး ရပ်မှမရပ်တာ။ ကျုံဒိုးဘက်ကနေ ကိုးတိုင်၊ လှိုင်ကွယ်၊ ဝိဇ္ဇာကုန်းတို့ ကော့ကရိတ်ဆို ရန်ကုတ်၊ ကောင်းမှုအောက်ဘိုတဲနဲ့ အာရှလမ်းဘေး ဆိုရင် ကော့နွဲ၊ တတန်ကူး၊ တောင်ပေါ်အထိ အကုန်နေရာ စုံပေါ့၊ တစ်ရွာကို ၅ လုံး၊ ၁၀ လုံးပေါ၊ အခု ၆ ရက်နဲ့ ၇ ရက်၊ ၈ရက်မှာ ပိုပစ်လာတယ်၊ ဒရုန်းနဲ့ လက်နက်ကြီး ကျတာရော ပေါင်းရင် ၁၀၀ ကျော်ပြီး” ဟု KNLA၊ မဟာမိတ် ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

ထို့အပြင် စစ်ကောင်စီက ကော့ကရိတ် မြေပြင်စစ်ကြောင်းများသို့ စစ်ကူ၊ အင်အား ဖြည့်တင်းခြင်းများ ယခုရက်ပိုင်းတွင် ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

ယာယီအပစ်ရပ်ခြင်းသည် လက်နက်၊ လူအင်အားဖြည့်တင်းရန် အချိန်ယူနေသည်ဟု ထင်မြင်ကြောင်း ကော့ကရိတ်၊ စစ်ရေးနယ်မြေ မြောက်ပိုင်း ၃၁ ဗျူဟာ စစ်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“စစ်တပ်က လက်နက်ကြီးနဲ့ နေ့တိုင်းပစ်တယ်။ စစ်ကူကလည်း ဖားအံ၊ ကျုံဒိုးကနေ လမ်းကြောင်းပေါင်းစုံနဲ့ ကော့ကရိတ်ကို ပို့နေတာပဲ၊ သူတို့ အပစ်ရပ်တာ ယုံရတာမဟုတ်ဘူး။ တခြားနေရာတွေ အပစ်ရပ်တာတော့ ဖြစ်ချင်ဖြစ်မယ် ဒီမှာကတော့ အာရှလမ်းကို တိုက်ဖို့ လက်နက်၊ အင်အားဖြည့်ဖို့ အချိန်ယူနေတာလို့ ထင်တယ်” ဟု ကော့ကရိတ်ဒေသ ၃၁ ဗျူဟာ စစ်ကြောင်း ပြန်ကြားရေးက ပြောသည်။

ယမန်နေ့ ဧပြီ ၈ ရက်နေ့တွင် ကျုံဒိုး အခြေစိုက် ခြေမြန်တပ်ရင်း -ခမရ (၅၄၅) က လက်နက်ကြီး ဖြင့် ၂ နှစ်ကြိမ် ရေပူရွာဘက်သို့  ပစ်ခတ်ခဲ့သည်။

၎င်းအပြင် ကော့ကရိတ် လှိုင်ဝ အမြောက်ပစ်ကုန်းက လက်နက်ကြီး (၅) လုံး ရန်ကုတ် ကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီရှေ့တန်းအတွက် ပစ်ကူပေးခဲ့သည်။

လက်ရှိ ရန်ကုတ်ကျေးရွာ အရှေ့ဘက်၌ KNLA မဟာမိတ် ပူးပါင်းတပ်ဖွဲ့ များနှင့် စစ်ကောင်စီစစ်ကြောင်းများ ဧပြီ ၈ ရက်နေ့တွင် နှစ်ဖက် တိုက်ပွဲဖြစ်နေသည့်အခြေအနေ ဆက်ရှိနေသည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

April 11, 2025
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀၀ အတွင်း ရစ်ခ်တာစကေး ၆ နှင့်အထက် လှုပ်ခတ်ခဲ့ဖူးတဲ့ မြေငလျင်ကြီး ၁၈...
April 11, 2025
တနင်္သာရီတိုင်း၊ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာ၊ ဒေသတဝိုက်တွင် စစ်ကောင်စီက...
April 8, 2025
သံလွင်နဲ့ သောင်ရင်းမြစ်ဆုံရာ ကမ်းနံဘေး သဲသောင်ပြင်ပေါ် သဘာဝလရောင်အောက်မှာ ကလေးငယ် ၈ ဦးနဲ့...
April 8, 2025
ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ် (၄) ရပ်ကွက်တွင် လူငယ် အမျိုးသမီး၊ အမျိုးသား ဖြစ်ခြင်းအပေါ် မူတည်...