မန္တလေး၊ နေပြည်တော်နဲ့ စစ်ကိုင်းမြို့တွေမှာ ငလျင်ကယ်ဆယ်ရေး လာရောက်ကူညီကယ်ဆယ်ကြတဲ့ နိုင်ငံတကာအဖွဲ့တချို့က ရှာဖွေရေးလုပ်ငန်းတချို့ပြီးဆုံးသွားတာကြောင့် နေရပ်ပြန်ကြပြီဖြစ်တယ်လို့ သိရပါတယ်။
ဧပြီလ ၈ ရက်နေ့မှာ တရုတ်နိုင်ငံက လာရောက်ကူညီတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ ၄ ဖွဲ့ဟာ နေရပ်ပြန်သွားခဲ့ပြီလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ငလျပ်လှုပ်ခတ်ပြီး တစ်ရက်ကျော်အကြာမှာ တရုတ်နိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့ China International Search and Resuce team (CISAR)၊ Blue Sky Rescue (BSR)၊ Hong Kong China Search and Rescue Team စတဲ့ လေးဖွဲ့မှ လူအင်အား ၂၆၅ ဦးက ပါဝင်ကူညီခဲ့ကြတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် တခြားသော အာဆီယံနိုင်ငံတွေ၊ အာရှနိုင်ငံတွေက ကူညီကယ်ဆယ်ရေးတပ်ဖွဲ့တွေ စေလွှတ်ခဲ့ပြီး နိုင်ငံ ၁၃ နိုင်ငံက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၁၃ ဖွဲ့ကျော် လာရောက်ကူညီခဲ့ပါတယ်။
ကုလသမဂ္ဂကတော့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ကျွမ်းကျင်မှုတွေကြောင့် အသက်ရှင်ကျန်နေသေးသူတွေကို ကယ်ထုတ်ရေးနဲ့ ဘေးဒဏ်သင့်သူတွေရဲ့ ဒုက္ခအရောက်ဆုံး နာရီပိုင်းအတွင်း ကယ်ဆယ်ရေးအတွက် အရေးပါခဲ့တယ်လို့ ထုတ်ပြောထားပါတယ်။
ပြည်တွင်းက ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောဆိုမှုတွေမှာ နိုင်ငံတကာရဲ့ နည်းပညာအကူအညီများစွာနဲ့ ကျွမ်းကျင်မှုတွေဟာ အားသာချက်ရှိတယ်လို့ မှတ်ချက်ပြုကြပါတယ်။
“သူတို့ဆီမှာ နည်းပညာနဲ့လာတာဆိုတော့လေ။ သူတို့ကျတော့ အလွယ်တကူပြောရမယ်ဆိုရင် တိုက်ပိနေတဲ့ အလောင်းတွေဆိုရင် စက်ကိရိယာတွေနဲ့ စမ်းတာဆိုတော့ အလောင်းတွေ ဘယ်နားမှာ ဘယ်နှစ်လောင်းရှိတယ် သူတို့ရဲ့ အားသာချက်က အဲ့လောက်ပါပဲ။ ကျန်တာကတော့ တိုက်ဖြိုတာကအစ ကယ်ထုတ်တာက သူတို့နဲ့ ကိုယ်တွေက တူတူပဲ။ ကွာခြားမှုတော့ မရှိပါဘူး။ သူတို့က ထွေထွေထူးထူး ပြောစရာမရှိဘူးလေနော်။ ဒို့ဗမာပြည်မှာက စက်ကိရိယာနဲ့ နည်းပညာအပိုင်း ထွန်းကားမှုအားနည်းတယ်လေနော်။ သူတို့က စက်ကိရိယာ နည်းပညာနဲ့ လာတာဆိုတော့ အလောင်းတွေရှာတဲ့နေရာမှာ အားသာတာပေါ့” လို့ တရုတ်၊ ဘယ်လာရုစ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တွဲလုပ်ကိုင်နေတဲ့ ပြည်တွင်းကယ်ဆယ်ရေးသမားတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီရဲ့အဆိုအရ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်လျက် ၆၅၃ ဦး၊ အသက်သေဆုံးသူ ၇၀၀ ဦးကို ရှာဖွေခဲ့တယ်လို့ ဧပြီလ ၇ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်နိုင်ငံက ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပြန်လည်ထွက်ခွာသွားပေမယ့် ငလျင်ဘေးဒဏ်သင့်သူတွေအတွက် ဆေးရုံများ၊ တခြားအကူအညီများကို ဆက်လက်လုပ်ကိုင်ပေးနေဆဲလည်းဖြစ်ပါတယ်။
ငလျင်ကြောင့် နောက်ဆုံးရရှိထားတဲ့ စာရင်းတွေအရ သေဆုံးသူ ၃,၅၅၀ ဦး၊ ဒဏ်ရရှိသူ ၄,၈၁၄ ဦး၊ ပျောက်ဆုံးနေသူ ၁၆၀ ဦးရှိနေပြီလည်းဖြစ်ပါတယ်။
ပြိုပျက်စီးနေတဲ့ စာရင်းမှာတော့ လူနေအိမ်ပေါင်း ၄၈,၈၃၄ အိမ်၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၃,၀၉၄ ကျောင်း၊ စာသင်ကျောင်း ၂,၀၄၅ ကျောင်း၊ ရုံးနှင့်အဆောက်အဦး ၂,၁၇၁ လုံး၊ တံတား ၁၄၈ စင်း၊ ဘုရား/စေတီ ၅,၂၇၅ ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။