သံလွင်နဲ့ သောင်ရင်းမြစ်ဆုံရာ ကမ်းနံဘေး သဲသောင်ပြင်ပေါ် သဘာဝလရောင်အောက်မှာ ကလေးငယ် ၈ ဦးနဲ့ ဆရာမတစ်ဦးတို့ ဝိုင်းဖွဲ့ ထမင်းစားနေပါတယ်။ မှတ်မှတ်ရရ အဲ့နေ့က တပေါင်းလပြည့်ည။
လပြည့်ည ဆိုသော်လည်း ထမင်းဝိုင်းအတွက် ခေါင်းပတ်ဓါတ်မီးအသေးလေးတွေကို အသုံးပြုကာ ပလပ်စတစ်အိတ်နဲ့ ထုပ်ပိုးလာတဲ့ ထမင်းထုပ်ကို ဖြည်ပြီး စုပေါင်းစားနေကို တွေ့ရပါတယ်။
ထမင်းဝိုင်းမှာ ငရုပ်သီးထောင်း တစ်ပန်းကန်မှလွဲပြီး ဟင်းမရှိ။ ကလေးတွေကတော့ အားရပါးရ စားနေကြပြီး အမျိုးသမီးကြီးတစ်ဦးက ဝိုင်းဖွဲ့စားနေတဲ့ ကလေးငယ်တွေကို ဂရုဏာအကြည့်ဖြင့် စကားပြောနေတာကို တွေ့ရပါတယ်။
သူတို့အဖွဲ့ဟာ အဲ့နေရာမှာ မတ် ၁၄ ရက် နံနက်စောစောချိန် ကျင်းပဖို့ရှိတဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများထိန်းသိမ်းရေးနဲ့ ရေကာတာဆန့်ကျင်ရေးနေ့ ဆန္ဒထုတ်ဖော်ပွဲအတွက် အခုလို စုဝေးရောက်ရှိနေတာ ဖြစ်ပါတယ်။ ညအိပ်လာတာဖြစ်တာကြောင့် ရွာကယူလာတဲ့ ငရုပ်သီးထောင်းနဲ့ ထမင်းထုပ်တွေကို မိုးချုပ်တဲ့အချိန်မှာ ချောင်းဘေးနားစုပေါင်းဝိုင်းဖွဲ့စားနေတာ ဖြစ်ပါတယ်။
ထမင်းစားပြီးတဲ့အချိန်မှာတော့ ကျောင်းသူကျောင်းသားတွေဟာ သဲသောင်ပြင်ပေါ်မှာ ဖျာမပါဘဲ ယူလာတဲ့စောင်တွေကို ခြုံပြီး တန်းစီအိပ်ပြီး ဘေးနားမှာတော့ သူတို့ဆရာမက မအိပ်သေးဘဲ သူ့ကလေးတွေကို ကြည့်ရင်း ထိုင်နေတာကိုတွေ့နေရပါတယ်။
သူမဟာ အသားခပ်ညိုညို ပါဝါမျက်မှန်တပ်ထားတဲ့ အသက် ၅၈ နှစ်အရွယ် နော်စေးဝါး ဖြစ်ပါတယ်။ သူမဟာ KNU - ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်/တပ်မဟာ (၃) ကျောက်ကြီးမြို့နယ် ဥသျှစ်ကုန်းကျေးရွာ ဇာတိဖြစ်ပြီး အိမ်ထောင်မရှိသူ လူလွတ်တစ်ဦးပါ။
အခုချိန်မှာ သူမဟာ KNU ၊ မူတြော်ခရိုင်၊ ဘူးမြို့နယ်၊ ကျူခိုကျေးရွာမှာ ကျောင်းသားဦးရေ ၂၀ ကျော်ရှိတဲ့ ကိုယ်ထူကိုယ်ထကျောင်းကိုဖွင့်ပြီး စာသင်ပေးနေတဲ့ ဆရာမတစ်ဦး ဖြစ်ပါတယ်။
မူလဇာတိ ဥသျှစ်ပင် ကျေးရွာက သူမထွက်ခွာလာတာ နှစ် ၂၀ ရှိပြီးလို့ သူမက ပြောပါတယ်။ အဲ့ဒီရွာမှာ ၂၀၂၁၊ စစ်တပ်အာဏာသိမ်းပြီးနောက် မြေပြင်တိုက်ပွဲ ပြင်းထန်လာပြီး တစ်ရွာလုံးစစ်ရှောင်နေပြီး လူမနေတော့သလို သူမလည်း ရွာမပြန်ဘဲ အခုနေထိုင်တဲ့ ရွာမှာပဲ စာသင်ပေးနေတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၇ နှစ်ခန့်က မူတြော် (ဖာပွန်) ခရိုင်ထဲ ခရီးသွားချိန် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး တောထဲလူနေအိမ် ဟိုတစ်စု ဒီတစ်စုရှိတဲ့ ကျူခိုကျေးရွာကို ရောက်ရှိချိန် ကလေးတွေ ကျောင်းမတက်ရတာကို သူမတွေ့ခဲ့ပါတယ်။ ကျောင်းမတက်ရဘဲ တောတောင်ထဲမှာသာနေပြီး စာဖတ်မတတ်တဲ့ လူကြီး၊ လူငယ်နဲ့ ကလေးတွေကို တွေ့တာများတော့ သူမဟာ သူတို့တွေကို စာသင်ပေးဖို့ စိတ်ကူးရသွားခဲ့တယ်လို့ ဆိုပါတယ်။
“ကျမ ကျူခိုရွာရောက်တဲ့အချိန်တုန်းက ကလေးတွေက ရွာမှာနေပြီး စာတွေမသင်ရတာတွေ့တော့ စာသင်ပေးချင်တယ်။ ကျောင်းဆရာ၊ ဆရာမ လုံလောက်မှုရှိတဲ့နေရာမှာ စာသင်ပေးရတာထက် လိုအပ်ချက်ရှိတဲ့နေရာမှာ စာသင်ပေးရတာ ပိုကောင်းပါတယ်ဆိုတဲ့ စိတ်ဝင်လာပြီး ဒီရွာမှာ ကျောင်းလာဆောက်ပြီး စာသင်ပေးတာဖြစ်တယ်” လို့ ဆရာမ နော်စေးဝါးက ပြောပါတယ်။
သူမဟာ ရွာမှာနေစဉ်ကတည်းက ခရစ်ယာန် ကျမ်းစာကျောင်းတက်ပြီး ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရင်းယန်းမြို့နယ်ရှိ မယ်ရာမိုဒုက္ခသည်စခန်းထဲက သူ့ရဲ့ အသင်းတော်မှာ ၂ နှစ် ဝိုင်းကူပြီးနောက် အဲဒီစခန်းမှာ ကျောင်းဆရာမ စလုပ်ဖြစ်ခဲ့တာပါ။ နှစ်တွေကြာလာတော့ စခန်းမှာ ဆရာ၊ ဆရာမ များလာပြီး ပညာရေးလိုအပ်နေတဲ့ ကျူခိုကျေးရွာမှာ စာသွားသင်ဖို့ သူမဆုံးဖြတ်လိုက်တာပါ။
ကျူခိုကျေးရွာဟာလည်း ခေတ်အဆက်ဆက်က မငြိမ်ချမ်းဘဲ မကြာခဏ စစ်ရှောင်နေခဲ့ရလို့ လူနေအိမ်တွေကလည်း ဟိုတစ်လုံး ဒီတစ်လုံးသာ တောထဲမှာ ရှိနေတာပါ။ အဲ့ရွာမှာ အများစုက စာမတတ်လို့ သူတို့ကလေးတွေကို ကျောင်းတက်ဖို့ အသိနည်းပါးပါတယ်။
သူမ ရွာကိုရောက်တော့ ပညာရေး အရေးကြီးကြောင်း နားလည်သဘောပေါက်အောင် နားချပြီး ရွာသားတွေရဲ့ ပံ့ပိုးမှုနဲ့ ကျောင်းတက်လို့ရတဲ့ တဲသာသာ အဆောက်အဦးတစ်လုံးကို ကျောင်းအဖြစ် ဆောက်ပေးခဲ့ပါတယ်။ ရွာသားတွေဟာ တောင်ယာလုပ်ကိုင် အသက်မွေးနေရလို့ စားဝတ်နေရေးအတွက် အနိုင်နိုင်ရုန်းကန်နေရပြီး စာသင်ကျောင်းအတွက် အခြားပံ့ပိုးပေးနိုင်တာ မရှိဘူးဖြစ်နေပါတယ်။
အဲဒါကြောင့် ဆရာမနော်စေးဝါးဟာ သူမရဲ့ အသင်းတော်က ဆရာသမားတွေ၊ မိတ်ဆွေတွေရဲ့ ဝိုင်းဝန်းပံ့ပိုးမှုနဲ့သာ ကိုယ်ထူကိုယ်ထကျောင်းကို ဖွင့်လှစ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
“ကျမကျောင်းလာဖွင့်တဲ့အချိန်မှာ ကျောင်းသား ၁၀ ယောက်လောက်ပဲရှိတယ်။ အခု ၂၀ ကျော်ရှိသွားပြီး။ ဒီလိုပဲ မိတ်ဆွေအပေါင်းအဖော် ပံ့ပိုးမှုနဲ့ ကျောင်းကို တစ်နှစ်ပြီးတစ်နှစ် လည်ပတ်နိုင်တာ။ စားဖို့သောက်ဖို့အတွက်က ကိုယ့်ဘာသာကိုယ်စိုက်ထားတော့ ပူစရာမလိုဘူး” လို့ သူမက ပြောပါတယ်။
ဒါ့အပြင် အိမ်နဲ့ဝေးပြီး မိဘမစုံလင်တဲ့ ၆ နှစ်၊ ၇ နှစ်အရွယ် ကလေးငယ် ၃ ဦးကိုလည်း ခေါ်ထားပြီး ကျောင်းထားပေးသလို ကလေးမိဘတွေက မပံ့ပိုးနိုင်လို့ သူမကသာ အကုန်ပံ့ပိုးနေရပါသေးတယ်။
“အတူလာနေတဲ့ကလေး ၃ ယောက်ရှိတယ်။ အဲဒါလည်း ကျွေးနေရတယ်။ သူတို့ မိဘတွေက ဘာမှမထောက်ပံ့ပေးနိုင်ဘူး။ ကျမတို့ စားရသလို ကလေးတွေလည်း စားရတာပေါ့။ ကလေးတွေက ငယ်တော့ အဝတ်လျှော်အကုန် ကျမတို့ တာဝန်ယူပေးနေရတယ်” လို့ ဆရာမစေးဝါးက ဖွင့်ဟပြောပါတယ်။
ကျူခိုရွာမှာ ကိုယ်ထူကိုယ်ထ ကျောင်းဆရာမအဖြစ် ပညာစာသင်ပေးနေသလို တစ်ဖက်မှာလည်း ကျေးရွာလူထုတွေရဲ့ ကျန်းမာရေးလိုအပ်ချက်၊ ရပ်ရေးရွာရေးတွေကို ဝိုင်းဝန်းကူညီပေးတာရှိတယ်လို့ သူမက ဆိုပါတယ်။
ကျူခိုရွာဟာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသလို ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းသွားဖို့ ခရီးဝေးတာကြောင့် ရွာသားတွေဟာ ဆေးရုံ၊ ဆေးခန်းသွားဖို့ အသိပညာလည်း နည်းပါးခဲ့ပါတယ်။
“ဒီမှာနေတဲ့လူတွေဟာ ဆေးရုံတွေ သူတို့မသွားဘူး။ တော်တော်လေး နားချပေးရတယ်။ ဟိုတစ်နှစ်တုန်းက ကလေးမွေးမရလို့ ဆေးရုံသွားခိုင်းတာမသွားဘူး။ နောက်ပြီး နားချလိုက်တော့သွားတယ်။ ဒါပေမယ့် လမ်းမှာ စစ်တပ်စခန်းရှိတော့ ခရီးပတ်ပြီးသွားရတာ လမ်းတစ်ဝက်မှာ အသက်သေဆုံးရတာတွေလည်းရှိတယ်” လို့ သူမက ပြန်ပြောပြပါသေးတယ်။
ဆရာမကြီး နော်စေးဝါးရဲ့ ဦးဆောင်မှုကြောင့် ကျူခိုကျေးရွာမှာ ကလေးအယောက် ၂၀ ကျော် ပညာသင်ကြားခွင့်ရတဲ့အပြင် ရွာသူ၊ ရွာသားတွေ ကျန်းမာရေးအသိပညာတိုးတက်ဖို့ သူမလမ်းပြပေးနိုင်ခဲ့သလို လိုအပ်တဲ့အခါ ဆေးရုံအထိ လိုက်ပို့ပေးရတာတွေလည်း ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်က သူမရွာမှာ မငြိမ်းချမ်းသေးတာကြောင့် စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ကြောက်ရပြီး မကြာခဏ စာသင်ကျောင်း ဖွင့်လိုက်၊ ပိတ်လိုက်လုပ်ခဲ့ရပါသေးတယ်။ အခုအချိန်မှာတော့ သူတို့ဒေသမှာ စစ်ကောင်စီ မရှိတော့တဲ့အတွက် လွတ်လွတ်လပ်လပ် စာသင်ကြားခွင့်ရနေပြီလို့ သူမကဆိုပါတယ်။
၆ နှစ် သက်တမ်းရှိလာပြီးဖြစ်တဲ့ သူမရဲ့ ကိုယ်ထူကိုယ်ထကျောင်းမှာ သူမအပါအဝင် စေတနာ့ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ ၃ ဦးထိရှိလာပြီး အခု နွေကျောင်းပိတ်ချိန်မှာ ကျောင်းအဆောက်အဦးတွေ၊ စာသင်ခုံတွေ တိုးချဲ့ဆောက်လုပ်နိုင်ဖို့ သူမစတင်ပြင်ဆင်နေပါပြီ။
မိသားစုအနှောင်အဖွဲ့မထားဘဲ အသက် ၅၀ ကျော် လူလွတ်အမျိုးသမီးတစ်ဦးဖြစ်တာကြောင့် ရောက်တဲ့နေရာမှာ ကိုယ့်ရဲ့ဆွေမျိုးလိုသဘောထားကာ အသီးအပွင့်ကောင်းထားပေးချင်တဲ့ဆန္ဒ အပြည့်ရှိတယ်လို့ သူမက ဆိုပါတယ်။
“ပြောရမယ်ဆိုရင် ကျမဆိုရင်လည်း အသက်အရွယ်တစ်ခုရလာပြီး ကျမ လူလွတ်တစ်ယောက်ဖြစ်လို့ ဒီလို လိုအပ်တဲ့နေရာမှာ တစ်ထောင့်တစ်နေရာ လာပြီးကူညီခွင့်ရတယ်။ ကျမ လူလွတ်မဟုတ်ရင် ဒီရွာက ကလေးတွေကို ပညာသင်ခွင့်ရအောင် ကျမလုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ကျမ နိုင်သလောက် ဆက်လုပ်သွားပေးချင်တယ်။ ကျောင်းကို ဒီထက်ပိုထပ်တိုးချဲ့ဆောက်ချင်တယ်။ ကျောင်းမနေရတဲ့ ကလေးတွေကို ပညာသင်ခွင့်ရအောင် လုပ်ပေးချင်ပါတယ်” လို့ သူမရဲ့ ရည်မှန်းချက်ကို ပြောပြပါတယ်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ပညာရေးနောက်ကျနေတဲ့ ရွာမှာ သူမ ပြုစုပျိုးထောင်ခဲ့တဲ့ ပညာဥယျာဉ်ဟာ အခုဆို ကလေးငယ်များရဲ့ ပညာပန်းများ ပွင့်လန်းနေပြီဖြစ်ပါတယ်။