၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးနှင့်အတူ တော်လှန်ရေးအောင်မြင်သည်အထိ စည်းလုံးညီညွတ်မည်ဟု ညီနောင် ၃ ဖွဲ့ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးနှင့်အတူ တော်လှန်ရေးအောင်မြင်သည်အထိ စည်းလုံးညီညွတ်မည်ဟု ညီနောင် ၃ ဖွဲ့ထုတ်ပြန်

အခက်အခဲဖိအားပေါင်းစုံကို နည်းလမ်းပေါင်းစုံဖြင့် စုစည်းညီညွတ်စွာ အတူတကွ ဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေးစီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲရောက်ရှိသည်အထိ ခိုင်မာသော ညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြမည်ဟု ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့က အာရက္ခတပ်တော် (AA) ထံ သဝဏ်လွှာပေးပို့သည်။

ယနေ့ (ဧပြီ ၁၀ ရက်) တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၆) နှစ်ပြည့်သို့ MNDAA နှင့် TNLA က သဝဏ်လွှာပေးပို့ခြင်းဖြစ်သည်။

စစ်အာဏာရှင်ကိုတော်လှန်၍ ပြည်သူလူထုနှင့်ကိုက်ညီသော နိုင်ငံရေးစနစ်တခုကို ထူထောင်ရန် နိုင်ငံအဝှမ်းရှိ တော်လှန်ရေးနယ်မြေအသီးသီးတွင် အာရက္ခတပ်တော်၏ တပ်ဖွဲ့ဝင်များရှိနေကာ တော်လှန်ရေးကို လက်တွေ့ကျကျ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်နေသည်မှာ မြန်မာပြည်သူလူထုတရပ်လုံးအတွက် အားတက်ဖွယ်ဖြစ်သည်ဟုလည်း သဝဏ်လွှာ၌ ဖော်ပြသည်။

အမျိုးသားလွတ်မြောက်ရေးအတွက် ခက်ခဲကြမ်းတမ်းသော တော်လှန်ခရီးရှည်ကြီးတွင် ရခိုင်လူမျိုးတို့အတွက် အာရက္ခအိပ်မက်ကို မရပ်မနားတမ်း အကောင်အထည်ဖော်နေသည့် အာရက္ခအာဇာနည်များ၊ တပ်ဖွဲ့ဝင်များနှင့်အတူ နည်းလမ်းပေါင်းစုံ ပါဝင်ပေးဆပ်ကြသော ရခိုင်လူမျိုးအားလုံးကိုလည်း အထူးလေးစားဂုဏ်ယူသည်ဟု ဆိုသည်။

ယနေ့ ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၆) နှစ်ပြည့်သို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY PDF) ကလည်း သဝဏ်လွှာပေးပို့ရာ ၎င်းတို့အနေဖြင့်လည်း စစ်အာဏာရှင်တော်လှန်ရေးအတွက် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) နှင့် လက်တွဲညီညီ ဆက်လက်တိုက်ပွဲဝင်နိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကလည်း အာရက္ခတပ်တော်သည် နိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာရှင်အမြစ်ဖြတ်ရေးကို ဆက်လက်ကြိုးပမ်းနေသည်ကို တွေ့ရပြီး အခြားမဟာမိတ်အဖွဲ့များနှင့်အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်အား စစ်ပညာသင်ပေးခြင်း၊ လိုအပ်သောအကူအညီများ ပေးအပ်ခြင်းနှင့် လက်ရှိတိုက်ပွဲများတွင်လည်း အတူတကွ ပါဝင်ခွင့်ပေးခြင်းတို့အတွက် ကျေးဇူးအထူးတင်ရှိကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

အာရက္ခတပ်တော် (AA) ကို ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

ယခုတွင် ရခိုင်ပြည်နယ်အတွင်း၌ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့မှအပ ပြည်နယ်တခုလုံးကို သိမ်းပိုက်စိုးမိုးထားနိုင်ပြီးဖြစ်ကာ ရခိုင်ပြည်နယ်နှင့်ထိစပ်လျက်ရှိသည့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း စစ်ကောင်စီစခန်းများကို ဆက်လက်တိုက်ခိုက်နေသည်။

AA သည် ရခိုင်ပြည်နယ်မှတိုက်ပွဲများအတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော AA၊ MNDAA နှင့် TNLA တို့သည် အာဏာသိမ်းစစ်တပ်ကို ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စတင်တိုက်ခိုက်ခဲ့သည်။

MNDAA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း စသည့် မြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

TNLA က သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မိုးကုတ်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊ နမ့်ခမ်းနှင့် မိုင်းငေါ့မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားသည်။

April 11, 2025
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများစွာ...
April 11, 2025
ဧပြီ ၁၀ ရက် ကောလင်းမြို့နယ် အင်ပင်လှကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှု။ (ဓါတ်ပုံ- Kawlin Info...
ဧပြီ ၉ ရက်၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု။ ထိုလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကလေးငယ်အပါအဝင် ၂၄ ဦးထက်မနည်း သေဆုံးခဲ့သည်။ (ဓါတ်ပုံ - Kawlin Info)
April 10, 2025
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဧပြီလ ၉ ရက် ည‌နေတွင်...
ဓါတ်ပုံ - AFP
April 8, 2025
မြန်မာနိုင်ငံ စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်သွားသည့်ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့...