ရန်ကုန်တိုင်းတွင် မတ်လအတွင်း စစ်ကောင်စီထံ ဖမ်းဆီးခံရသူ ၁၈ဝ ကျော်ရှိခဲ့ဟု RSN ထုတ်ပြန်

ရန်ကုန်တိုင်းတွင် မတ်လအတွင်း စစ်ကောင်စီထံ ဖမ်းဆီးခံရသူ ၁၈ဝ ကျော်ရှိခဲ့ဟု RSN ထုတ်ပြန်

ရန်ကုန်တိုင်းတွင် ပြီးခဲ့သည့် မတ်လအတွင်းက စစ်ကောင်စီထံ ဖမ်းဆီးခံရသူ ၁၈ဝ ကျော်ရှိခဲ့သည်ဟု ရန်ကုန်တိုင်းအတွင်း အဖမ်းအဆီးစာရင်းများကို ပြုစုနေသည့် Rangoon Scout Network (RSN) က ထုတ်ပြန်သည်။

မတ်လတွင် ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ် ကျူးလွန်သည့် အဖမ်းအဆီးဖြစ်စဉ်များအနက် ဖြစ်စဉ် ၄၇ ခုကို သိရှိခဲ့ရသော်လည်း ဖြစ်စဉ် ၃၉ ခုကိုသာ အတည်ပြုနိုင်ခဲ့ပြီး ၈ ခုကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်ဟု ဧပြီလ ၉ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ် ၃၉ ခုအတွင်း ဖမ်းဆီးခံလိုက်ရသူ ၁၈၆ ဦးရှိခဲ့ပြီး ယင်းအနက် ၁၇ ဦး ပြန်လွတ်လာခဲ့သည်ဟု ဖော်ပြထားသည်။

“၉၈ ဦးကိုမူ အိမ်ပြန်ခွင့်မပေးတော့ကြောင်း အတည်ပြု သိရှိရသည်။ အဆိုပါ ကနဦးဖမ်းဆီးခံလိုက်ရသူများအနက် ၇၁ ဦး၏ နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိရပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံလိုက်ရသူများတွင် လမ်းမပေါ် တွေ့ရာလိုက်ဆွဲ၍ ပါသွားသူ ၂၆ ဦး၊ ဧည့်စာရင်းစစ်ပြီး ဖမ်းခေါ်ခံရသူ ၃ ဦး၊ သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၄၀ ဦး၊ တခြားအကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးခံရသူ ၁၂ ဦး ရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။

PDF ဟု စွပ်စွဲခံရ၍ ဖမ်းဆီးခံရသူ ၈ ဦး၊ စစ်မှုထမ်းသင်တန်းအတွက် ဖမ်းဆီးခံရသူ ၁၁၂ ဦးနှင့် လူမှုကွန်ရက်စာမျက်နှာပေါ် စစ်ကောင်စီကို ဝေဖန်၍ ဖမ်းဆီးခံရသူ ၂ ဦးလည်း ပါဝင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ရန်ကုန်မြို့တွင် လူငယ် ၄၇၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ရာ ယင်းအထဲတွင် ရခိုင်လူငယ် အများအပြားပါဝင်ခဲ့သည်ဟု ရန်ကုန်မြို့အတွင်း ဖမ်းဆီးခံရမှုများကို စောင့်ကြည့်မှတ်တမ်းယူနေသည့် RSN က ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Most read this week

April 10, 2025
မောင်တောတိုက်ပွဲအတွင်း တိမ်းရှောင်ခဲ့ကြသည့် မွတ်ဆလင်စစ်ဘေးရှောင်များအား အာရက္ခတပ်တော် (AA) မှ...
Source and Photos: AMP
April 9, 2025
အာရက္ခနိုင်ငံတည်ဆောက်ရေးမှာ မည်သူမဆို လူမျိုးဘာသာမခွဲခြားဘဲ ပါဝင် ဆောင်ရွက်နိုင်ကြောင်း...
April 8, 2025
ရခိုင်-ပဲခူးအစပ် ရိုးပေါ်ရှိ ညောင်ကျိုးတိုက်ပွဲအတွင်းမှ ထွက်ပြေးပျောက်ဆုံးနေသည့်...
April 4, 2025
စစ်ကောင်စီက ရက်ပေါင်း ၂ဝ ကြာ အပစ်ရပ်ထားသည်ဟုကြေညာထားသော်လည်း ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ကို...