ရှမ်းတောင် ငလျင်ဒဏ်သင့် ပြည်သူများအတွက် လက်သမားနှင့် ပစ္စည်းကိရိယာများ လိုအပ်

ရှမ်းတောင် ငလျင်ဒဏ်သင့် ပြည်သူများအတွက် လက်သမားနှင့် ပစ္စည်းကိရိယာများ လိုအပ်

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ငလျင်ဒဏ်သင့် ပြည်သူများအတွက် အကူအညီများစွာ လိုအပ်နေသည်ဟု ဒေသတွင်း ကူညီဆောင်ရွက်သူများက ပြောသည်။

လက်ရှိ ဒေသတွင်း ပြန်လည်ထူထောင်ရေးကာလ၌ လက်သမား၊ ချိန်းဘလောက်၊ ဆိုလာမီးသီး၊ အိမ်ဆောက်ပစ္စည်း၊ ခေတ်မီစက်ပစ္စည်းများနှင့် ငွေကြေး လိုအပ်နေခြင်းဖြစ်သည်။

ဒေသတွင်း ကယ်ဆယ်ရေးဆောင်ရွက်နေသည့် ကိုနိုင်ထူးဆိုသူမှ “လက်သမားက အများကြီးလိုတယ်။ အားလုံးက ကိုယ့်အိမ်ကိုယ် ပြန်ဆောက်နေရတာနဲ့ လက်ခံတာများနေတာနဲ့ ခေါ်မရဘူး။ လူငယ်လက်သမားတွေလည်း စစ်မှုထမ်းရှောင်နေကြတာနဲ့ တောထဲမှာနဲ့ဆိုတော့ လက်သမား များများစားစား မရှိကြဘူး” ဟု ပြောသည်။

ငလျင်ဘေးအတွင်း ပျက်စီးခဲ့သည့် လူနေအိမ်များအားလုံး ပြန်ဆောက်မည်ဆိုပါက တစ်နှစ်ခန့်ကြာနိုင်ပြီး လာမည့် မိုးတွင်းကာလသို့ ကူးပြောင်းသွားပါကလည်း အလုပ်မတွင်ကျယ်နိုင်သဖြင့် လက်သမားများ အပူတပြင်း ရှာဖွေနေကြရသည်။

လတ်တလော ယာယီတဲများသာ ဆောက်လုပ်နေထိုင်လျက်ရှိပြီး အမိုးအတွက် သက်ကယ် အချပ်တစ်ရာကို ကျပ်တစ်သိန်းကျော်ဝန်းကျင်၊ ဝါးတစ်လုံးလျှင် ကျပ်တစ်သောင်းခွဲဝန်းကျင် ကျသင့်မည်ဟု ဆိုကြသည်။

“အင်းလေးတစ်ခွင်မှာရှိတဲ့ ဝါးတွေနဲ့ ပြန်ဆောက်ရင်တောင် ဘယ်လိုမှ မလောက်ဘူး။ ဒီအတွက် တခြားနယ်တွေဖက်ကတည်း ဝါးအလှူရှင်တွေလိုတယ်။ တဲတစ်ခုလုံး လှူမယ်ဆိုရင်တော့ ၄ သိန်းကျပ်လောက် ကျနိုင်တယ်။ ဒီကာလ ထမင်းတွေ ရိက္ခာတွေထက် ကျနော်တို့ ဘယ်လို ပြန်ရုန်းထရမလဲ။ အဲအတွက် ဘာအထောက်အကူပစ္စည်း လိုမလဲပေါ့နော်။ ကင်မရာကြီးတကားကားနဲ့ မုန့်လိုက်ဝေတာလည်း တော်သင့်ပါပြီ” ဟု ကိုနိုင်ထူးက ဆက်ပြောသည်။

ထို့အပြင် အိမ်များရှင်းလင်းရေးလုပ်ရန်အတွက် ချိန်းဘလော့များလည်း အများအပြား လိုအပ်နေပြီး စစ်ကောင်စီလက်အောက်ခံ ဆယ်မြောင်းဌာနမှ Backhole (မြေတူးစက်များ) မှာလည်း ရှိသည့် အိမ်အရေအတွက်နှင့် မလောက်ငှနိုင်ဘူးဟု ဆိုကြသည်။

အင်းလေးနှင့် ကလောမြို့နယ်တို့တွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေသူ ကိုသန်းကြွယ်က “ညဆို စုအိပ်ကြတဲ့ လူတွေအတွက် ဆိုလာမီးသီး အရမ်းလိုပါတယ်။ ယိုးဒယားဖျာဖြစ်ဖြစ် အခင်းဖြစ်ဖြစ် အဲ့ဒါတွေလည်း လိုတယ်။ တချို့က ဘာအခင်းမှမပါပဲ အိပ်နေရတာ” ဟု ပြောသည်။

မတ်လ ၂၈ ရက်နေ့အတွင်း မန္တလေး၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် အင်အား ၇.၇ မီတာစကေး ပြင်းအားရှိသည့် မြေငလျင်လှုပ်ခတ်ခဲ့ရာ အင်းလေးဒေသ၌လည်း အိမ်ခြေ ၂၆၀၀ ကျော်ခန့် ထိခိုက်ပျက်စီးခဲ့ပြီး လူပေါင်း ၂၀၀ ကျော် သေကြေပျက်စီးခဲ့ရခြင်း ဖြစ်သည်။

အင်းလေးဒေသသည် ခရီးသွားဧည့်သည်များကို အမှီပြု ရပ်တည်နေရသည်ဖြစ်ရာ COVID-19 နှင့် စစ်အာဏာသိမ်းမှု အစောပိုင်းကာလများကတည်းက ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းထားရပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ အလယ်ပိုင်း၌လည်း ရေဘေးအန္တရာယ်နှင့်ပါ ကြုံခဲ့ရသဖြင့် အခြားငလျင်ဒဏ်သင့် ဒေသများထက် အကူအညီများစွာ လိုအပ်နေကြသည်ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းတာဝန်ခံများက ဆိုသည်။

ဓါတ်ပုံ - Crd (ပုံဟောင်း)
April 11, 2025
ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၄ တွင် တရုတ်ဒရုန်းပညာရှင်များ စစ်ကောင်စီတပ်ဖွဲ့များနှင့်...
April 11, 2025
စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှု များပြားခဲ့သည့် ရှမ်းပြည်တောင်ပိုင်းမှာ ယနေ့အချိန်ထိ...
April 11, 2025
အင်အားပြင်း ငလျင်လှုပ်ခတ်မှု ဘေးသင့်နေချိန်အတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့်...
April 10, 2025
ရှမ်းပြည်တောင်ပိုင်းရှိ ငလျင်ဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေသည့်...