ငလျင်ဘေးသင့် လူ ၈ သိန်းခွဲအတွက် ဒေါ်လာ သန်း ၄၀ အရေးပေါ်လိုအပ်ဟု WFP ပြော

ငလျင်ဘေးသင့် လူ ၈ သိန်းခွဲအတွက် ဒေါ်လာ သန်း ၄၀ အရေးပေါ်လိုအပ်ဟု WFP ပြော

မြန်မာတွင် အားပြင်းငလျင်ဘေးသင့် ပြည်သူ ၈၅၀,၀၀၀ ကို စားနပ်ရိက္ခာများ ကူညီထောက်ပံ့နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၀ အရေးပေါ် လိုအပ်နေသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) က ဧပြီ ၃ ရက်နေ့တွင် ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံအလယ်ပိုင်းတွင် အင်အားပြင်းငလျင် လှုပ်ခတ်မှုအပြီး ၄၈ နာရီအကြာတွင် WFP အနေဖြင့် ငလျင်ဘေးသင့် ပြည်သူများအား အရေးပေါ်စားနပ်ရိက္ခာများ ရရှိနိုင်ရေးအတွက် ဖြန့်ဝေပေးမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ငလျင်ဘေးသင့်ပြည်သူ ၂၄,၀၀၀ ကျော်ကို အရေးပေါ်အကူအညီများပေးခဲ့သည်ဟု WFP က ထုတ်ပြန်ပြောသည်။

“ငလျင်ဗဟိုချက်ဖြစ်တဲ့ မန္တလေးနဲ့ စစ်ကိုင်းကနေ ကျနော်အခုပဲ ပြန်လာတာပါ။ ပျက်စီးဆုံးရှုံးမှုတွေနဲ့ အရေးပေါ် လိုအပ်ချက်တွေကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပါတယ်။ အိမ်တွေပြို၊ ဘဝတွေပျက်သွားကြသလို ငလျင်ဘေးက ရှင် ကျန်ရစ်သူတွေဆိုရင်လည်း စားစရာရိက္ခာနဲ့ သောက်စရာရေသန့် မရှိတဲ့အပြင် အမိုးအကာမဲ့ အပြင် မှာ အိပ်နေကြရပါတယ်။ လူတော်တော်များများက သူတို့မှာ ရှိသမျှအားလုံး ဆုံးရှုံးခဲ့ရတဲ့ အခြေအနေပါ” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ယခုလို ငလျင်ဘေး မတိုင်မှီကတည်းက လိုအပ်ချက်များပြီး လူ ၄ ဦးတွင် တစ်ဦးနှုန်း စားနပ်ရိက္ခာမလုံလောက်မှုနှင့် ကြုံတွေ့နေရသည်ဟု WFP က ထောက်ပြသည်။

ယခုလို အခြေအနေများကြောင့် မြန်မာကို ကူညီရန် ရန်ပုံငွေများ လိုအပ်နေပြီး အချိန်ဆွဲနေ၍မရဟု WFP က ထုတ်ပြန်ပြောသည်။

ငလျင်ဘေးအတွက် WFP အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒေသခံပြည်သူ ၄,၀၀၀ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ငလျင်အပြင် မီးဘေးကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသခံပြည်သူ ၂၄၀၀ ဦး၊ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၄,၀၀၀ ဦးနှင့် နေပြည်တော်တွင် ၁,၀၀၀ ဦးရေတို့ကို လိုအပ်သည့် အရေးပေါ်စားနပ်ရိက္ခာများကို ကူညီနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင်လည်း  မြန်မာနိုင်ငံအတွင်း ထိခိုက်ဒဏ်ရာရရှိသူများ၊ သေဆုံးသူများ တိုးလာလျက်ရှိသောကြောင့် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များရှိနေပြီး WFP အနေဖြင့် ရန်ပုံငွေ လုံလောက်စွာမရှိသောကြောင့် လူဦးရေ တစ်သန်းကျော်အား အကူအညီများ ရပ်ဆိုင်းခဲ့ရပြီး လတ်တလောတွင်လည်း လူဦးရေ ၃၅,၀၀၀ ခန့်ကို လစဉ် အကူအညီများ ဆက်လက်ပေးနေရသည်ဟု ပြောဆိုသည်။

အဆိုပါ WFP က အကူအညီပေးနေသည့် လူဦးရေ ၃၅,၀၀၀ တွင် အသက် (၅) နှစ်အောက်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ မသန်စွမ်းများအပြင် ထိခိုက်လွယ်အုပ်စုမှလူများ ပါဝင်နေသည်ဟု WFP က ပြောသည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် (WFP) သည် အရေးပေါ်အခြေအနေများတွင် လူ့အသက်ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာ အထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေးအန္တရယ်များနှင့် ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုများကို ပြန်လည်ထူထောင်ရေး၊ စားနပ်ရိက္ခာပံ့ပိုးရေး စသည်တို့ကို အဓိက လုပ်ဆောင်ပေးနေသည့် အဖွဲ့ဖြစ်သည်။

Most read this week

April 11, 2025
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀၀ အတွင်း ရစ်ခ်တာစကေး ၆ နှင့်အထက် လှုပ်ခတ်ခဲ့ဖူးတဲ့ မြေငလျင်ကြီး ၁၈...
April 11, 2025
တနင်္သာရီတိုင်း၊ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာ၊ ဒေသတဝိုက်တွင် စစ်ကောင်စီက...
April 9, 2025
စစ်ကောင်စီက ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့ထိ ယာယီ အပစ်ရပ်ထားမည်ဟု ပြောဆိုထားသော်လည်း ကော့ကရိတ်မြို့နယ်၊...
April 8, 2025
သံလွင်နဲ့ သောင်ရင်းမြစ်ဆုံရာ ကမ်းနံဘေး သဲသောင်ပြင်ပေါ် သဘာဝလရောင်အောက်မှာ ကလေးငယ် ၈ ဦးနဲ့...