အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC ၌ တရားစွဲဆိုနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဆောင်ရွက်မည်ဟု ပြောဆိုလိုက်သည်။
စစ်တပ်က အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်ထိ ကျူးလွန်နေသည့် ရာဇဝတ်မှုများကို ICC ကနေ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရေး တောင်းဆိုသွားမည်ဟု ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဇန်နဝါရီလ ၃ ရက်နေ့ အွန်လိုင်းမှပြုလုပ်သည့် လူ့အခွင့်အရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဦးအောင်မျိုးမင်းက “အခုလောလောဆယ် ဝရမ်းထုတ်ဖို့အတွက် ကြိုးစားနေတာကတော့ ရိုဟင်ဂျာများအပေါ်မှာ ဘင်္ဂလားဒေ့ရှ်ကို မောင်းထုတ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ပတ်သက်ပြီးတော့ ဖြစ်ပါတယ်၊ ဒါတင်မကသေးဘဲနဲ့ လက်ရှိ အကြမ်းဖက် စစ်တပ်ကျူးလွန်နေတဲ့ အချက်တွေက တစ်တိုင်းပြည်လုံးက ပြည်သူတွေကို ပစ်မှတ်ထားပြီး War Crime ကျူးလွန်တာဖြစ်တဲ့အတွက် ICC ရဲ့ တရားစီရင်မှုအပိုင်းကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်ဆောင်ဖို့အတွက် နောက်ထပ်ကျူးလွန်နေတဲ့ အခုထိကျူးလွန်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဒါတွေကို ရာဇဝတ်မှုအနေနဲ့ သတ်မှတ်ပြီးတော့မှ စုံစမ်းစစ်ဆေး အရေးယူမှု ဖြစ်လာဖို့အတွက် ဆက်လက်တောင်းဆိုလျှက်ရှိပါတယ်” ဟု ပြောသည်။
၂၀၂၃ ခုနှစ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၄,၃၇၂ ခုရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင်မူ ၇,၃၉၄ ခုအထိ နှစ်ဆနီးပါး ရှိလာသည်ဟု NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောသည်။
အဆိုပါ ချိုးဖောက်မှုများထဲ အရပ်သားများအပေါ် စစ်ကောင်စီတပ်၏ တရားလက်လွတ် သတ်ဖြတ်မှုက အများဆုံး ပါဝင်နေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC ၏ ရောမ သဘောတူညီချက်စာချုပ်တွင် လက်မှတ်မရေးထိုးထားရသေးသော်လည် လက်မှတ်ရေးထိုးထားသည့် နိုင်ငံများနှင့် ပူးပေါင်းပြီး စစ်ခေါင်းဆောင်ကို အရေးယူနိုင်ရေး လုပ်သွားမည်ဟု ဦးအောင်မျိုးမင်းက ဆက်ပြောသည်။
“ဒီဝရမ်းထုတ်လာရင် Roam statute ကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံတွေက ဝရမ်းထုတ်ထားတဲ့သူတွေ သူ့နိုင်ငံကိုရောက်လာရင် ဖမ်းပြီးတော့ပို့တာ ICC တရားရုံးကို လွဲပြီးတော့ ပို့တာ လုပ်ရတဲ့ တာဝန်ရှိပါတယ်။ ဒါတွေကို မဖြစ်မနေ လုပ်ဆောင်ပေးဖို့ရယ် ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတွေအားလုံးကနေ လက်တွဲလုပ်ဆောင်ဖို့အတွက် သီးသန့်တိုက်တွန်းချက်တွေ အဖွဲ့ဝင်နိုင်ငံတွေကို ဦးစားပေးပြီးတော့ တိုက်တွန်းချက်တွေ လုပ်ဆောင်လျှက်ရှိပါတယ်။ ဒါမှသာ ဝရမ်းက ဝရမ်းဆိုပြီးတော့မဟုတ်ဘဲနဲ့ ဝရမ်းနဲ့အတူ တစ်ကယ်တမ်း အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်မယ့်အဆင့် ဖြစ်ပါလိမ့်မယ်”
ရခိုင်ပြည်အတွင်းရှိ ရိုဟင်ဂျာလူမျိုးစုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် ICC ၏ ရှေ့နေချုပ်က ICC တရားရုံးကို နိုဝင်ဘာလ ၂၇ ရက်တွင် လျှောက်ထားခဲ့သည်။
ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် Universal Jurisdiction အနေဖြင့်လည်း ရိုဟင်ဂျာအမှုအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဂျင်တီးနား၊ တူရကီ၊ ဖိလစ်ပိုင်နိုင်ငံတို့တွင် အမှုဖွင့်စစ်ဆေးမှုများ လုပ်နေပြီး မကြာခင် အရေးယူဆောင်ရွက်မှုများ တစ်စုံတစ်ရာ ထွက်ပေါ်လာမည်ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
NUG သည် တရားစွဲဆိုနိုင်သော အဖွဲ့အစည်းမဟုတ်သော်လည်း တရားစွဲဆိုနိုင်သည့် အဖွဲ့အစည်းများက လိုအပ်သည့် အချက်လက်များ၊ သက်သေအထောက်ထားများကို ပံ့ပိုးကူညီပြီး တရားမျှတမှုအတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုနေပြီး စစ်ကောင်စီကို အပြစ်ပေး အရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟု ဆိုသည်။