သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် သုံးဆယ်နှင့် ဆမ္မဆယ်ကျေးရွာများကို စစ်ကောင်စီမှ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် မတ်လ (၂၆) ရက် ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အတွင်းရှိ သုံးဆယ်ရွာ၊ ရွှေညောင်ပင်ရွာနှင့် အုမ္မခါးကျေးရွာများကို လေကြောင်းဖြင့် အပြင်းအထန် တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် သုံးဆယ်ဒေသခံ ၄ ဦးသေဆုံးပြီး အုမ္မခါးဒေသခံ ၄ ဦးဒဏ်ရာရခဲ့ကြောင်း နောင်ချို ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အဲနေ့ သုံးဆယ်ရွာက ပွဲချင်းပြီး တစ်ဦးသေဆုံးတာ ခန္ဓာကိုယ်တွေ အကုန်မွကျေကုန်တယ်။ ၃ ဦးကဒဏ်ရာပြင်းထန်ရင်းနဲ့ သေသွားတာ။ အုမ္မခါးဘက်မှာလည်း ၄ ဦးဒဏ်ရာသွားတယ်။ အဲ့နေရာက ရွာအတွင်းဘက်မှာ လေကြောင်းတွေ လက်နက်ကြီးတွေ ပစ်လေ့မရှိတဲ့နေရာ ဒေသခံတွေလည်း ဘာမှမဖြစ်ဘူးဆိုပြီး နေတာ။ ထိခိုက်တဲ့သူတွေက ဗမာလူမျိုးတွေဖြစ်တယ်” ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။
နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီဘက်မှ မြေပြင်ထိုးစစ်အပြင် လက်နက်ကြီးပစ်ကူနှင့် ဒရုန်းဗုံးကြဲ တိုက်ခိုက်မှုများလည်း အပြင်းအထန်လုပ်ဆောင်လာခြင်းကြောင့် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာများမှ နေအိမ်အမြောက်အများ မီးလောင်ပြာကျပြီး ဖျက်ဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့တွင် နောင်ချိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်မှု ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် ကျေးရွာများရှိ ဒေသခံအများစု ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း အုမ္မခါးကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။
“အုမ္မခါးမှာဆို အိမ်ခြေတွေ အရမ်းများတယ်။ ရွာရဲ့အတွင်းဘက်မှာနေရင် လေကြောင်းတွေ မထိခိုက်နိုင်လောက်ဘူးဆိုပြီး နေနေကြတာ များတယ်။ ဟိုနေ့ ဗုံးကြဲလို့ ဒဏ်ရာရတဲ့သူ ရှိတယ်ဆိုမှ အကုန်ထွက်ပြေးကြတာ။ တိုက်ပွဲတွေ ပြီးစေချင်ပြီ၊ ကျနော်တို့ ပြည်သူတွေ အရမ်းကို ဒုက္ခရောက်နေပြီ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လျက်ရှိသည့် အုမ္မသီးလမ်းခွဲ၊ ဆိုင်းခေါင်၊ ရေမောင်းတန်း၊ ကံ့ကော်နှင့် နားခေါ်ရွာများမှ စစ်ဘေးရှောင် ၂၀၀၀ နီးပါး အင်းဝိုင်းသကြား စက်ရုံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
မတ်လဆန်းပိုင်းမှ စတင်ပြီး နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ လအတော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့သည့် အမြောက်တပ်စခန်း နေရာများကို စစ်ကောင်စီတပ်မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ပြန်လည်နေရာယူထားသည်။