ရွာငံမြို့နယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ စိတ်အလိုကျ စစ်မှုထမ်းခေါ်နေ

ရွာငံမြို့နယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ စိတ်အလိုကျ စစ်မှုထမ်းခေါ်နေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းရွေးချယ်ရာတွင် ၎င်းတို့စိတ်အလိုကျသာ ရွေးချယ်စေလွှတ်နေကြောင်း စုံစမ်းသိရသည်။

ရွာငံမြို့နယ်အတွင်း စစ်မှုထမ်းရန် အသက်ပြည့်မီသူများကို စာရင်းကောက်ယူရာတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာမှ စာရင်းဖြင့် လာရောက်ကောက်ယူခြင်း၊ ကျေးရွာအတွင်း မဲနှိုက်၍ စစ်မှုထမ်းခိုင်းခြင်းမျိုးမဟုတ်ဘဲ အုပ်ချုပ်ရေးမှူးများနှင့် ဆက်ဆံရေး အဆင်မပြေသူများ၊ ဆင်းရဲနွမ်းပါးသူများကိုသာ ရွေးချယ်သွားကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများသည် ၎င်းတို့ စိတ်အလိုကျ အဂတိ လိုက်စားပြီး စစ်မှုထမ်း စေလွှတ်နေကြောင်း ရွာငံဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်မှုထမ်းစာရင်းထဲမှာ အုပ်ချုပ်ရေးမှူးနဲ့ အဆင်မပြေတဲ့သူ၊ စစ်တပ်ကို မထောက်ခံတဲ့သူတွေ နဲ့ အခြေခံလူတန်းစားတွေရဲ့ နာမည်တွေပဲ ပါဝင်နေတယ်” ဟု ရွာငံဒေသခံ ၎င်းအမျိုးသားက ပြောသည်။

ရွာငံမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ၎င်းတို့ စစ်မှုထမ်း စေလွှတ်လိုသည့် နာမည်စာရင်းများကို စစ်ကောင်စီတပ်ဖွဲ့ထံ သွားရောက်ပေးထားပြီးဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“အခု လူစာရင်းလည်း သူ (အုပ်ချုပ်ရေးမှူး) က အရင်ကတည်းက စစ်တပ်ကို ကောက်ပြီး ပေးထားတာ၊ ဒါက မတရားဘူး။ သူနဲ့ အဆင်မပြေတိုင်း စစ်တပ်ကို မကြိုက်တဲ့ သူတိုင်းကို စစ်မှုထမ်းစာရင်းထဲ ထည့်တာ၊ အရမ်းလွန်တယ်” ဟု အထက်ပါအမျိုးသားက ထပ်လောင်းပြောသည်။

ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာလျှင် စစ်မှုထမ်းရန် အမျိုးသား (၅)ဉီး သွားရမည်ဟုလည်း စစ်ကောင်စီနှင့် နီးစပ်သည့် ၎င်းကျေးရွာ အုပ်ချုပ်ရေးမှူးများက ပြည်သူများကို ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် အသက် (၁၈) နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများကို သာလျှင် စစ်မှုထမ်းခေါ်ယူမည်ဟု ဆိုသော်လည်း လက်ရှိတွင် (၃၅) နှစ်အထက် အမျိုးသားများကိုပါ စစ်မှုထမ်းစာရင်းတွင် ထည့်သွင်းခေါ်ယူနေကြသည်ဟု ရွာငံဒေသခံများက ပြောသည်။

စစ်ကောင်စီမှ ခေါ်ဆောင်သွားသည့် စစ်မှုထမ်းများသည် မိမိနေအိမ်နှင့် တစ်ကြိမ်တစ်ခါမျှ ဆက်သွယ်မှု မရတော့သကဲ့သို့ နေအိမ်သို့လည်း ပြန်မလာတော့ကြောင်း အသက် (၃၀) ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“အရင်တစ်သုတ်က ခေါ်သွားတဲ့ ရွာက တစ်ယောက်တောင် ခုထိ အဆက်အသွယ် မရသေးဘူး။ သေလား ရှင်လားလည်း မသိဘူး။ ခုနောက်တစ်ခေါက် လာခေါ်တော့ ကျနော်နာမည်က ထိပ်ဆုံးက ပါတယ်။ ကျနော့မှာလည်း အမျိုးသမီးက ကိုယ်ဝန်ကြီးနဲ့ မလိုက်ချင်ဘူး။ လိုက်သွားပြီးရင် တစ်သက်တာ ပြန်လာလို့ ရမှာ မဟုတ်တော့ဘူး” ဟု စစ်မှုထမ်းစာရင်း ပါသည့် အသက် (၃၀) ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်မှုထမ်းရန်အတွက် အခြားရွေးချယ်စရာ နည်းလမ်းမရှိသဖြင့် စစ်ကောင်စီခေါ်သည့် စစ်မှုထမ်းကို လိုက်ပါသွားရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လိုက်ပါသွားလျှင်လည်း သေလမ်း ရွေးချယ်ခြင်းသာဖြစ်ကြောင်း ၎င်းအမျိုးသားက ပြောသည်။

လွန်ခဲ့သည့် (၂၀၁၈) ခုနှစ် စစ်အာဏာမသိမ်းခင် အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က လစာကောင်းကောင်း ပေးမည်ဟုဆိုကာ ရွာငံမြို့နယ်ရှိ ဒေသခံများထံ စစ်သားလုပ်ရန် လာရောက်စည်းရုံးခဲ့ပြီး အမျိုးသားတစ်ဉီး လိုက်ပါသွားရာ ၂၀၂၄ ခုနှစ် ရခိုင်ပြည်နယ် တိုက်ပွဲတွင် သေဆုံးခဲ့သည်။

ထိုသေဆုံးမှုတွင်လည်း အလောင်းပြန်မရသည့်အပြင် ဓာတ်ပုံပါ မြင်ခွင့်မရကြောင်း မိသားစုဝင်များက ပြောဆိုသည်။

လက်ရှိ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ နယ်မြေစိုးမိုး နေရာယူထားပြီး၊ စစ်ဆေးရေးဂိတ်များတွင် လမ်းသွားလမ်းလာ ခရီးသွားများကို အတင်းအကြ ပ်စစ်ဆေးမှု ပြုလုပ်နေသည့်အပြင် ကျေးရွာအတွင်းလည်း တပ်စွဲခြင်း၊ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေကြောင်း သိရသည်။

March 28, 2025
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် သုံးဆယ်နှင့် ဆမ္မဆယ်ကျေးရွာများကို စစ်ကောင်စီမှ...
ကလော-သာစည်ကြား ကျွဲတပ်ဆုံဂိတ်တွင် ပိတ်မိနေသည့် ကုန်ကားများ။
March 27, 2025
သျှမ်းပြည်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ဆက်သွယ်ထားသည့် ကလော- သာစည်လမ်းရှိ ကျွဲတပ်ဆုံ...
March 25, 2025
ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့ဆွေးနွေးပွဲတွင်...
March 24, 2025
“မိမိကျန်းမာရေး၊ မိမိအခွင့်အရေး” ၊ “ကျန်းမာခြင်းသည် အားလုံးအတွက်” ဆိုတဲ့ ကျန်းမာရေး...