ခေတ်အဆက်ဆက် ဉပက္ခာပြုခံနေရတဲ့ တောင်ပေါ်ဒေသ ကျန်းမာရေး

ခေတ်အဆက်ဆက် ဉပက္ခာပြုခံနေရတဲ့ တောင်ပေါ်ဒေသ ကျန်းမာရေး

“မိမိကျန်းမာရေး၊ မိမိအခွင့်အရေး” ၊ “ကျန်းမာခြင်းသည် အားလုံးအတွက်” ဆိုတဲ့ ကျန်းမာရေး ဆောင်ပုဒ်တွေဟာ တောင်ပေါ်ဒေသအတွက်တော့ ယနေ့ထိတိုင် အသုံးမဝင်သေးပါဘူး။

“လူတိုင်း လုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဆေးကုသခွင့်ရှိသည်” ဆိုတဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်လည်း တောင်ပေါ်ဒေသတိုင်းရင်းသားတွေ အတွက်က ဘယ်အစိုးရ၊ ဘယ်အာဏာပိုင်တက်တက် ဆုံးရှုံးရတဲ့ အခွင့်အရေးတရပ်ပါပဲ။

မိုးရာသီအချိန်မှာ ရွှံ့နွံတွေထဲ နာရီပေါင်းများစွာ ခက်ခဲစွာ ဖြတ်လျှောက်ပြီး မွေးလူနာကို သွားရောက် ကြည့်ခဲ့ရတဲ့ အဖြစ်အပျက်ဟာ ဆရာမ နန်းမွေ အတွက် နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာ မပြောင်းလဲတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်နေပါတယ်။

“မိုးရာသီ ရောက်ချိန်မှာ လူတွေ နေကောင်းကြပါစေ၊ မွေးလူနာတွေ အရေးပေါ် ညအချိန် မရှိပါစေနဲ့” လို့ ဆရာမ နန်းမွေတစ်ယောက် ညအိပ်ယာဝင်တိုင်းရော မနက် အိပ်ယာနိုးတိုင်းရော ဘုရားမှာ ဆုတောင်းနေရပါတယ်။

ဆရာမ နန်းမွေ ဟာ သျှမ်းပြည် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်ထဲက ကျေးရွာတစ်ခုမှာ နေထိုင်သူဖြစ်ပါတယ်။ သူမ နေထိုင်တဲ့ဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ လှုပ်ရှားတဲ့နေရာတစ်ခု ဖြစ်ပါတယ်။

အဲ့ဒေသက မြို့နဲ့ ဝေးလံပြီး ကျန်းမာရေး အသိပညာနည်းပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုရှိခြင်း စသည်ဖြင့် ရင်ဆိုင်နေရပါတယ်။

“အဲ့မြို့နဲ့ ဝေးလံတဲ့ ကျေးရွာတွေကို ညဆိုရင်လည်း သွားရတယ်။ မိုးတွင်းဆို အန္တရာယ်တော်တော်များတယ်။ မိုးထဲ ရွှံ့ထဲ ၂ နာရီ၊ ၅ နာရီလောက် လမ်းလျှောက်ပြီး သွားရတာတွေလည်း ရှိပါတယ်။ လူနာအသက်မမီမှာလည်း ကြောက်ရ၊ စိုးရိမ်ရတာတွေရှိတယ်” လို့ ဆရာမ နန်းမွေက ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတွေကို ပြောပြလာပါတယ်။

မိုးရာသီအချိန်မှာ လေးလုံးထိုး ထော်လာဂျီတွေဟာ သံကြိုးပတ်ပြီး သွားလာရတဲ့ တောင်ပေါ်ခရီးလမ်းဟာ ကျန်းမာရေး ဆရာမတွေ အတွက်ကတော့ ရွှံ့နွံကြား လမ်းလျှောက်ခြင်းက ပိုပြီးမြန်မယ်လို့ ယူဆကြပါတယ်။

ဒါ့ကြောင့် လမ်းခရီးတွေ အန္တရာယ်များတဲ့ကြား၊ မိုးရာသီမှာ ရွှံ့နွံထဲ နာရီပေါင်းများစွာ ဖြတ်သန်းရပေမယ့် လူနာအသက်ကို ကယ်ရမယ်ဆိုတဲ့ အတွေးက ဆရာမ နန်းမွေရဲ့ စိတ်ခွန်အားတစ်ခုပါပဲ။

“မိုးရာသီဆိုရင် ထော်လာဂျီတွေ၊ ဆိုင်ကယ်ရဲ့ ဘီးတွေကို သံကြိုးပတ်သွားရတာ၊ ညဘက် မွေးလူနာရှိရင် မသွားလို့လည်း မရဘူး။ လူနာအသက်ကယ်ဖို့၊ အသက်ရှင်သန်ဖို့ဆိုတဲ့ စိတ်ခွန်အားနဲ့ သွားရကုရတာပါ” လို့ နန်းမွေက အားတက်သရော ဆိုပြန်ပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေးဟာ ပြောင်းလဲမှုမျိုးစုံ ဖြစ်ခဲ့ပေမယ့် သျှမ်းပြည် တောင်ပေါ်ဒေသရဲ့ ကျေးလက်ကျန်းမာရေး ကတော့ မပြောင်းလဲဘဲ ဒုံရင်းက ဒုံရင်းပါပဲ။

လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် အုပ်ချုပ်မှုကနေ အရပ်သားအစိုးရ ဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးခဲ့ပေမယ့် သျှမ်းပြည် တောင်ပေါ်ဒေသ ကျေးလက်ကျန်းမာရေး ကဏ္ဍဟာ အမြဲတမ်း လျစ်လျူရှုခံခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာရှင် တကျော့ပြန် ရောက်လာချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး အဘက်ဘက် ယိုယွင်းကျဆင်းလာခဲ့ကာ လက်ရှိ ဝေလံခေါင်းဖျားတဲ့ ဒေသ၊ အဓိက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေက ပိုများလာပါတယ်။

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့နှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ ကျေးရွာဒေသအများစုမှာ ကျေးလက် ဆေးပေးခန်းတွေ ရှိပေမယ့် တာဝန်ကျ ကျန်းမာရေး ဆရာမတွေက တစ်လတစ်ကြိမ် လာရောက်ခြင်း၊ ဆေးကုသခြင်း မရှိသလို ဆေးခန်းတံခါး အမြဲပိတ်ထားကြောင်း ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

“ကျမတို့ ကျေးရွာမှာဆိုရင် ဆေးပေးခန်းတော့ ရှိတယ်။ ဒါပေမယ့် ဖွင့်တာမရှိသလို ဆရာမတွေလည်းမလာဘူး။ ကျမတို့က မီးဖွားဖို့ဆိုရင် လက်သည်တွေကိုပဲ အားကိုးနေရတယ်” လို့ ကာလိမြို့ရှိ ကျေးရွာထဲက အသက် ၄၀ အရွယ်ရှိ ဒေသခံ အမျိုးသမီးတစ်ဦးက ရင်ဖွင့်လာပါတယ်။

ဒီလို ကျေးလက်ဆေးပေးခန်းတွေ မလုံလောက်မှု၊ ကျန်းမာရေးဆရာမတွေ မရှိမှုတွေကြောင့် ပြည်သူ့ အသက်တွေ ဆုံးရှုံးရမှု များလာခဲ့ပါတယ်။

ဒါ့ကြောင့် ကျေးလက်ဒေသခံတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အရပ်က လူနာတွေ လာခေါ်ရင် အချိန်မရွေး လိုက်ပါကုသနိုင်အောင် နန်းမွေတစ်ယောက် အဆင်သင့် ပြင်ဆင်ထားပါတယ်။

“ကျမကတော့ လူနာအသက်ကယ်ဖို့ ဘယ်လောက်ပဲဝေးဝေး သွားဖို့ အသင့်ပါပဲ” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အချို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားတဲ့ဒေသဆိုရင် ကျန်းမာရေး ပညာပေးမှုတွေ ပြုလုပ်ရင် တားဆီးပိတ်ပင်ခံရကြောင်းလည်း ကျေးလက် ကျန်းမာရေး ဆရာမ နန်းခေါဝ် က ဆိုပြန်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ခုရဲ့ လှုပ်ရှားနယ်မြေမှာ သားဆက်ခြားပညာပေး သွားရောက်ဟောပြောမှု ပြုလုပ်နေစဉ် ခြိမ်းခြောက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရကြောင်း ဆရာမ နန်းခေါဝ်က ပြောပြလာပါတယ်။

“ကျမဆေးသွားကုတဲ့ ကျေးရွာတွေက တိုင်းရင်းသားလက်နက်ကိုင်တွေ လှုပ်ရှားတဲ့နယ်မြေ ဖြစ်တယ်။ ရွာမှာ သားဆက်ခြားပညာပေးတဲ့ လက်မောင်းအပ်တွေ၊ သားအိမ်ထဲ ပစ္စည်းထည့်တာတွေ ရှိတယ်။ ဘယ်လို လုပ်သင့်လဲဆိုတာ ရှင်းပြနေချိန် ကျမတို့ကို ခြိမ်းခြောက်တယ်။ နောက်နောင် ဒီလိုလာလုပ်ရင် ပြစ်ဒဏ်ပေးမယ်ဆိုပြီး စာရောက်လာတယ်” လို့ ဆရာမ နန်းခေါဝ်က စိတ်မကောင်းစွာ ပြောပြလာပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ သားဆက်ခြားခြင်းကို “လူမျိုးသုဉ်းမှု” ဖြစ်စေတယ်ဆိုတဲ့အတွက် သားဆက်ခြားခြင်း၊ ကွန်ဒုံးရောင်းဝယ်ခြင်းကို အပြင်းအထန် တားဆီးထားကြောင်း ဆိုပါတယ်။

“ကျမ သိရသလောက် သားဆက်ခြားတာက လူမျိုးသုဉ်းတယ် ဆိုတဲ့အတွက် မလုပ်ခိုင်းတာ။ တကယ်တော့ လူမျိုးသုဉ်းတာ မဟုတ်ဘူး။ မိသားစု စီးပွားရေး၊ ပညာရေး လုံလောက်မှု ရှိအောင် ကျန်းမာရေး ရှုထောင့်အရ လုပ်တာပါ” လို့ ဆရာမ နန်းခေါဝ်က ရှင်းပြပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုကို အခွင့်ကောင်းယူပြီး သယံဇာတ အလွန်အကျွံ ထုတ်ယူနေမှု၊ အဓိကအားဖြင့် ကျောက်မီးသွေး တူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ရေညစ်ညမ်းမှု ပြဿနာများ ကြောင့်လည်း ကာလိနှင့် မိုင်းနောင်မြို့ကြားရှိ ပြည်သူတွေဟာ အရေပြားရောဂါ စတင်ဖြစ်လာပြီး တာဝန်ယူဖြေရှင်းပေးမှုလည်း မရှိပေ။

လက်ရှိမှာ နိုင်ငံရေး ရှုပ်ထွေးမှု၊ စစ်ရေးပဋိပက္ခတွေကျယ်ပြန့်လာမှုကြောင့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေး အခန်းကဏ္ဍဟာ ကိုယ်ထူကိုယ်ထ ဖြေရှင်းနေရကြောင်း ကျေးလက်ကျန်းမာရေး ဆရာမ နန်းခေါဝ် က ပြောပါတယ်။

“အခုက ဘယ်သူက အစိုးရလဲ။ လက်နက်ကိုင်အဖွဲ့လည်း ဆက်ကြေး (အခွန်)ပဲ ကောက်တယ်။ ပြည်သူက ဘာမှ ကောင်းတာ မခံစားရဘူး။ ဒီကျန်းမာရေး ယန္တရားက ဘာမှ မရှိတော့ဘူး။ ကိုယ့်ကျန်းမာရေး ကိုယ့်ဘာသာကိုယ် ကုပဲ” လို့ နန်းခေါဝ် က စိတ်မကောင်းစွာ ပြောဆိုလိုက်ပါတယ်။

ဒီလို ခေတ်ပျက်ကာလမှာ ကလေးငယ်တွေ၊ အမျိုးသမီးတွေရဲ့ ကျန်းမာရေး၊ အသက်ရှင်သန်ရေးဟာ အဆိုးဘက်ကို ပိုမိုဦးတည်နေပြီး၊ အန္တရာယ်ချောက်ကမ်းပါးထဲသို့ ရောက်ရှိနေပါတော့တယ်။

ဒါ့ကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး မြို့ပြနဲ့အလှမ်းဝေးတဲ့ တောင်ပေါ်ဒေသတွေ အတွက် “ကျန်းမာခြင်းသည် အားလုံးအတွက်”ဆိုတာ အကျုံးမဝင်ကြောင်း၊ နှစ်ပေါင်းများစွာ ဥပေက္ခာပြုခံနေရကြောင်း လည်း ဆရာမ နန်းမွေ က မျှော်လင့်ချက် ကင်းမဲ့စွာ ပြောဆိုလာပါတယ်။

တောင်ပေါ်ဒေသ ကလေးငယ်တွေရဲ့ ရှင်သန်ရပ်တည်ရေး၊ အမျိုးသမီးတွေရဲ့ ကျန်းမာရေး အနာဂတ်ဟာ အဲ့ဒေသမှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအတွက် ဥပေက္ခာမပြုဘဲ ကူညီပေးရန် ကျေးလက်ကျန်းမာရေး ဆရာမ နန်းမွေ က တောင်းဆိုလိုက်ပါတယ်။

ကလော-သာစည်ကြား ကျွဲတပ်ဆုံဂိတ်တွင် ပိတ်မိနေသည့် ကုန်ကားများ။
March 27, 2025
သျှမ်းပြည်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ဆက်သွယ်ထားသည့် ကလော- သာစည်လမ်းရှိ ကျွဲတပ်ဆုံ...
March 26, 2025
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည်...
March 25, 2025
ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့ဆွေးနွေးပွဲတွင်...
လားရှိုးမြို့တွင်း ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများ။
March 21, 2025
သျှမ်းပြည် လားရှိုးမြို့တွင် ပွဲအမျိုးမျိုး အကြောင်းပြပြီး ၃ လနီးပါး လောင်းကစားဝိုင်းများ...