အသိုက်မြုံ ဖျက်ဆီးခံရသည့် အပြစ်မဲ့သူ

အသိုက်မြုံ ဖျက်ဆီးခံရသည့် အပြစ်မဲ့သူ

“အလုံးစုံ ပျက်စီးနေတဲ့ အိမ်ကိုကြည့်ပြီး စိတ်ဆင်းရဲလွန်းလို့ ကျမရွာမှာ မနေချင်တော့ဘူး” ဟု အသက် ၂၈ နှစ် အရွယ် အစွန်းရွာသူ နောင်မူးပလီက သူ့ခံစားချက်ကို ဖွင့်ဟပြောသည်။

ငယ်စဉ်ကတည်းက သူမနေထိုင်ခဲ့သည့် အစွန်းရွာသည် KNU - ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာ ခရိုင်၊ ကော့ကရိတ်မြို့၊ တောင်ပိုင်းတွင်တည်ရှိသည်။ ထိုရွာ၌ အိမ်ထောင်စုပေါင်း ၃၀၀ ကျော်ရှိပြီး လူဦးရေ ၁,၇၀၀ ဦး ကျော်နေထိုင်သည့် အလယ်အလတ် ကျေးရွာတစ်ရွာဖြစ်သည်။

နိုင်ငံတစ်ဝှမ်း အကြမ်းဖက်စစ်ကောင်စီက နေ့စဉ်နှင့်အမျှ ပြည်သူများ၏ နေအိမ်များကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး အဆိုပါ အစွန်းရွာကိုလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ မတ် ၅ ရက်နေ့ နံနက် ၁ နာရီကျော်ချိန် တွင် ပထမဆုံးအကြိမ် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

ထိုနေ့က တပေါင်းလဆန်းချိန်ဖြစ်၍ ညဦးချိန် ကောင်းကင်ယံ၌ လမင်းကွေးကွေးက သာနေလျက်။ ည ၁ နာရီ ခွဲအချိန်တွင် စစ်ကောင်စီက အစွန်းရွာသို့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပထမဦးဆုံးအကြိမ် ဗုံးကြဲချတိုက်ခိုက် ခဲ့ရာ ပထမတစ်လုံးသည် နောင်မူးပလီ၏ တစ်ထပ်တိုက် နေအိမ်အရှေ့ဘက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။

“ညသန်းခေါင်ကျော်ဆိုတော့ အိပ်မောကျ နေတာ လေယာဉ်လာတာ မသိလိုက်ဘူး။ ဝုန်းကနဲ အသံကြားမှ နိုး တာ။ အိပ်ယာဘေးက ဓါတ်မီးကို စမ်းတော့ မရှိဘူး။ အိမ်ပျက်စီးတဲ့ အပိုင်းအစတွေပဲ စမ်းမိတယ်။ အဲ့အချိန်မှာ ဗုံးကြဲခံရမှန်း သိလိုက်ပြီး။ ထဖို့လုပ်တော့ လေယာဉ်သံထပ်ကြားလို့ ဝပ်နေရတယ်။ အဲ့အချိန် ဗုံးတစ်လုံး ထပ်ကျတယ်” ဟု သူမက ပြောသည်။

ဒုတိယတစ်လုံးမှာမူ အိမ်အနောက်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဗုံးစထိမှန်ကာ သူမ၏ တစ်ထပ်တိုက်အိမ်မှာ အလုံးစုံ ပျက်စီးသွားခဲ့သည်။ သို့သော် သူမကံကောင်းခဲ့သည်။ ထိုညက သူမအိမ်တွင် မအိပ်ဘဲ အနီးရှိ သူမမိခင်အိမ်၌ အသက်၂ နှစ်အရွယ် သမီးနှင့်အတူ သွားအိပ်ခဲ့၍ အသက်ဘေးမှ သီသီလေး လွတ်ခဲ့ခြင်းဖြစ်သည်။

အစွန်းရွာ ဗုံးကြဲခံရမှု ဖြစ်စဉ်တွင် နေအိမ် ၃ လုံးပျက်စီးခဲ့ပြီး နောင်မူပလီ၏ အမေအိမ်နှင့် အဒေါ်အိမ်တို့ ဖြစ်သည်။ သူမအိမ်မှာမူ အလုံးစုံ ပျက်စီးသွားခဲ့ပြီး မိသားစုအတွက် ကြီးစွာသောဆုံးရှုံးမှု တစ်ခုဖြစ်သည်ဟု သူမက ဖွင့်ဟပြောသည်။

စင်စစ် အစွန်းရွာသည် သူမမွေးဖွားရာ ဇာတိရွာဖြစ်သည်။ သူမ အပျိုအရွယ်ရောက်ချိန်တွင် ရွာရှိ လူငယ်အများစုနည်းတူ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ခဲ့သည်။ ထိုသို့ အလုပ်လုပ်ရင်း ဖူးစာဖက်နှင့် ဆုံခဲ့သည်။

တူနှစ်ကိုယ် ဘဝထူထောင်ရန် သူတို့နှစ်ဦး အလုပ်ကြိုးစားကာ ပိုက်ဆံစုလေတော့သည်။ ထိုသို့စုဆောင်းပြီး အိမ်ဆောက်ရန် အသင့်အတင့်စုမိချိန် ၂၀၂၀ ပြည့်နှစ်တွင် ရွာရှိမိဘများကို ပိုက်ဆံလွှဲပို့ကာ အိမ်ဆောက်စေခဲ့သည်။

ထိုအချိန်က ကုန်ဈေးနှုန်းများများမတက်သေး၍ အိမ်ကို သိန်း ၁၂၀ ကျော်ဖြင့် ဆောက်လုပ်နိုင်ခဲ့သည်။ ရွှေ့ပြောင်း လုပ်သားများဖြစ်၍ အိမ်ဆောက်ရန်အတွက် နှစ်ဦးစလုံး ခြစ်ခြစ်ကုတ်ကုတ် နှစ်အတန်ကြာအချိန်ယူ ပိုက်ဆံစုခဲ့ရသည်။

အိမ်တစ်လုံးရပြီးနောက် ချစ်သူနှင့်အတူ ပြည်တွင်းသို့ ပြန်လာကာ လက်ထပ် မင်္ဂလာဆောင်ခဲ့သည်။ ထိုနောက် သူမအမျိုးသား ဖြစ်သူသည် ထိုင်းနိုင်ငံသို့ ပြန်သွားပြီး အလုပ်လုပ်သည်။ သူမက ကိုယ်ဝန်လွယ်ထား၍ ရွာရှိအိမ်၌ နေခဲ့သည်။ လက်ရှိသူတို့ ဇနီးမောင်နှံတွင် ၂ နှစ်အရွယ် သမီးဦးတစ်ဦးရှိပြီးဖြစ်သည်။

စင်စစ် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် သူမအမျိုးသားဖြစ်သူမှာ မကြာခင် ရွာသို့ ပြန်လာပြီး မိသားစုနှင့် အတူနေထိုင်ကာ လုပ်ကိုင်စားသောက်ရန် ဇနီးမောင်နှံနှစ်ဦးတိုင်ပင်ထားသည်။ သို့သော် ယခုလို အိမ် ဗုံးကြဲခံရပြီး ပျက်စီးသွားသည့်အတွက် မိသားစု အတူပြန်နေရေး အစီစဉ် မရေရာမသေချာသည့် အခြေအနေသို့ ရောက်ရှိသွားသည်ဟု သူက ပြောသည်။

အာဏာရှင်ပြုတ်ကျရေး တော်လှန်ရေးကြောင့် စစ်ကောင်စီတို့ နိုင်ငံတစ်ဝှမ်း စစ်ရှုံးနေသည်မှာ အများအသိ ဖြစ်သည်။ စစ်ကောင်စီကလည်း ဆုံးရှုံးသွားသည့် နယ်မြေများ၌ မစားရသည့်အမဲ သဲနှင့်ပက် ဆိုသလို မြေကျန်လျှင် ပြီးရောဆိုသည့် မူဝါဒဖြင့် အကြမ်းဖက် ဗုံးကြဲဖျက်ဆီးမှုများ နေ့စဉ်တိုး၍ လုပ်ဆောင်လျက်ရှိသည်။

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကို စောင့်ကြည့် သုတေသန ပြုနေသည့် ဥာဏ်အလင်းသစ်အဖွဲ့၏ အစီရင်ခံစာအရ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာမှ ဒီဇင်ဘာလအထိ ၄ လ အတွင်း နိုင်ငံတစ်ဝှမ်း ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ် ၈၆၅ ကြိမ်ရှိခဲ့ပြီး တစ်နေ့လျှင် ၇ ကြိမ်ထိ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်လျက်ရှိသည်ဟု ဖော်ပြထားသည်။

အဆိုပါ လေးလအတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅၃၅ ဦး သေဆုံးခဲ့ပြီး ၁,၀၁၃ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။ ထို့အပြင် ဘာသာရေးအဆောက်အဦး ၅၄ လုံး၊ ဆေးရုံနှင့် စာသင်ကျောင်း ၃၂ ခု၊ ဆေးပေးခန်း ၇ ခုတို့ ထိခိုက်ပျက်စီးခဲ့ပြီး အများပြည်သူပိုင်အိမ်များနှင့် အိမ်မွေးတိရစ္ဆာန်နှင့် စိုက်ပျိုးရေးခြံ၊ ယာဉ်ကဲ့သို့သော အရာများလည်း ပျက်စီးခဲ့သည်။

ထို ၄ လအတွင်း ကရင်ပြည်နယ်အတွင်း ၄၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခံရပြီး ပြည်သူ ၃ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ယခုနှစ်ဆန်းပိုင်းတွင်မှု ဗုံးကြဲတိုက်ခိုက်မှု တိုးလာသော်လည်း အသေးစိတ်အစီရင်ခံစာ မထွက်ရှိသေးပေ။

စစ်ကောင်စီအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ခေါင်းဆောင်ပိုင်းကို အဓိက ရည်ရွယ်ဗုံးကြဲတိုက်ခိုက်သော်လည်း လက်ရှိချိန်ထိ တော်လှန်ရေးခေါင်းဆောင်များ ထိခိုက်သေဆုံးမှုသတင်းများ မကြားရ။ ပြည်သူများသာ ထိခိုက် သေဆုံးခဲ့ရပြီး ပြည်သူများ၏ နေအိမ်နှင့် ပြည်သူပိုင်ပစ္စည်းများသာ ဆုံးရှုံးပျက်စီးခဲ့သည်။

ယခုလို စစ်ကောင်စီ၏ နေ့စဉ် ပြည်သူများအပေါ် အကြမ်းဖက် ဗုံးကြဲမှုကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံး နေ့စဉ်နီးပါး ပြည်သူတို့ အသက်ဆုံးရှုံးခြင်းနှင့် နေအိမ်၊ ပစ္စည်းများ ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။ ထိုထဲတွင် အစွန်း ရွာသူ နောင်မူးပလီလည်း အပါအဝင်ဖြစ်ခဲ့သည်။ လုပ်အားကိုရင်း၍ သမ္မာအာဇီဝနည်းဖြင့် စုဆောင်းတည်ဆောက် ထားသည့် နေအိမ်အလုံးစုံပျက်စီးသွားခဲ့သည်မှာ မည်သူမဆို အလွန်စိတ်မကောင်းဖြစ်မိမည် ဖြစ်သည်။

“အလုံးစုံ ပျက်စီးနေတဲ့ အိမ်ကိုကြည့်ပြီး စိတ်ဆင်းရဲလွန်းလို့ ကျမရွာမှာ မနေချင်တော့ဘူး။ အခု နဘူးဘက်က အမျိုးသားရဲ့ ရွာမှာ သမီးနဲ့အတူ သွားပြောင်းနေတယ်” ဟု သူမက ပြောသည်။

သူမကဲ့သို့ အိုးအိမ် ဆုံးရှုံးရသည့် အပြစ်မဲ့ ပြည်သူများ မြန်မာပြည်၌ နေ့စဉ်တိုးပွားလာနေသည်ကို တွေ့မြင် ကြားသိနေရသည်။

Most read this week

March 28, 2025
KNU - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၂) တောင်ငူခရိုင် သံတောင်အထူးဒေသအတွင်း ယခုမတ်လ...
March 27, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်အနီးရှိ လိုင်းခန်းတစ်ခုကို...
March 25, 2025
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ပူးပေါင်းတပ်များမှ KNU - ကရင်အမျိုးသားအစည်းအရုံး၊...
March 24, 2025
တနင်္သာရီမြို့နယ်တွင် စစ်ရှောင်တချို့ သောက်သုံး‌ရေ ရှားပါးမှု စတင်ကြုံတွေ့နေရသည်ဟု မြေပြင်...