ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ပူးပေါင်းတပ်များမှ KNU - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃)၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ စဥ့်အိုးလှရွာရှိ စစ်ကောင်စီအခြေချနေထိုင်သော စခန်းကို ယမန်နေ့က စတင်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က လေယာဥ် ၃ စင်းဖြင့် အရပ်သားနေထိုင်ရာ ရွာများသို့ ယနေ့ လိုက်လံဗုံးကြဲချသွားကြောင်း ဒေသခံများထံမှ သိရသည်။
မတ်လ ၂၄ ရက်နေ့ ညပိုင်း (၇) နာရီဝန်းကျင်မှစ၍ KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတစ်ကြိမ် မွန်းလွဲပိုင်းတစ်ကြိမ် ဂျက်ဖိုက်တာ Y12 နှင့် အော်လီဂန်း (စက်သေနတ်) တပ် ရဟတ်ယာဥ်များဖြင့် စစ်တောင်းမြစ်အနောက်နှင့် အရှေ့ဘက်ကမ်းရှိ ရွာများသို့ စစ်ကောင်စီက ဗုံးကြဲပစ်ခတ်သွားခြင်းဖြစ်သည်။
ကျောက်ကြီးဒေသခံအမျိုးသားတစ်ဦးက “သူများသွားတိုက်တာ မနေ့ညကတည်းက။ ဂျက်ဖိုက်တာက ဒီနေ့မနက်လာပြီး အနောက်ဖက်ကမ်းက စဥ့်အိုးလှကိုတစ်လုံးကြဲချသွားတယ်။ နေ့လည်ပိုင်းကျမှ ရဟတ်ယာဥ်နဲ့ပတ်ပစ်တာ အကြိမ်ရေမနည်းဘူး။ အရှေ့ဘက်ကမ်းက သောင်ပုရွာထဲကိုလည်းပစ်တာ အုန်းပင်တွေပြတ်ထွက်ကုန်တယ်။ အဲဒါကျတော့ သူတို့ပြန်ဆုတ်တဲ့လမ်းကြောင်းကိုရှင်းရင်း ပစ်တဲ့သဘောမျိုး” ဟု ကေအိုင်စီသို့ ပြောသည်။
စဥ့်အိုးလှနှင့်အနီးရွာများသည် တိုက်ပွဲပဋိပက္ခများအတွင်း စစ်ကောင်စီက ရွာ၌ တပ်စွဲလာခြင်းကြောင့် နေရပ်စွန့်ခွာနေကြရသည်မှာ စစ်တပ်အာဏာသိမ်းပြီးကတည်းကဖြစ်သည်။
ထို့အပြင် ယခုလေကြောင်း တိုက်ခိုက်မှုဒဏ်ခံရသည့် စစ်တောင်းအရှေ့ဘက်ကမ်းမှ ရွာများသည်လည်း လတ်တလော နေရပ်ရှောင်နေရပြန်သည်ဟု ဒေသခံများကပြောသည်။
“ပထမတော့ လူနေတယ်လေ၊ စစ်တပ်ဝင်လာ မောင်းထုတ်တော့ စဥ့်အိုးလှရော အဲဒီအနားက သုံး၊ လေးရွာရော ကျောက်တံခါးမြို့ပေါ်တက်နေကြတယ်။ ရွာထဲကျန်တဲ့ပစ္စည်းတွေလည်း သူတို့ (စစ်ကောင်စီ) ယူသွားတာ ကုန်နေပြီ။ သောင်ပုဘက်မှာက မင်္ဂလာဆောင်တစ်ခု လုပ်တဲ့နေ့ဖြစ်တော့ အထိအခိုက်ရှိမရှိ မသိနိုင်သေးဘူး” ဟု ဖော်ပြပါ ကျောက်ကြီးဒေသခံက ဆက်ပြောသည်။
လေကြောင်းတိုက်ခိုက်ခံရသည့်အတွင်း အရပ်သားနှင့် လူနေအိမ်၊ အဆောက်အဦး ဆုံးရှုံးပျက်စီးမှုအား ကေအိုင်စီအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။
ယင်းအပြင် စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရမှု၌ စစ်တပ်ဘက်မှ အရာရှိလင်မယားနှင့် တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိကြောင်းလည်း တော်လှန်ရေးသတင်းအရင်းအမြစ်များထံမှသိရ၍ ဆက်လက်အတည်ပြုနေသည်။
ထို့အတူ KNLA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွင်း ပိန်းဇလုပ်မြို့နှင့် နတ်သံကွင်းမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းတို့မှလည်း ယနေ့မနက်ပိုင်းထိ ကျောက်ကြီးမြို့နယ်အတွင်း လက်နက်ကြီးများ ပစ်ကူတိုက်ခိုက်ပေးခဲ့သေးကြောင်း သိရသည်။
မြေပြင်ထက် လေကြောင်းအင်အားပိုသုံး၍ နိုင်ငံနှင့်အဝှမ်း ဗုံးကြဲပစ်ခတ်မှုများ လုပ်ဆောင်နေသော စစ်ကောင်စီကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည်။
KNU တပ်မဟာ (၃) နယ်မြေတွင်လည်း အလားတူပင်ဖြစ်ရာ တိုက်ပွဲမဖြစ်ပွားသော်လည်း စစ်တပ်က လူနေအိမ်ခြေထဲ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်၍ ဒေသခံများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးရကြောင်း KNU - ဗဟိုက မကြာခဏဖော်ပြသည်။