ကိုးကန့်နှင့် စစ်ကောင်စီဆွေးနွေးမှု အောင်မြင်နိုင်မည်မဟုတ်

ကိုးကန့်နှင့် စစ်ကောင်စီဆွေးနွေးမှု အောင်မြင်နိုင်မည်မဟုတ်

စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုသည် အောင်မြင်နိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုကြောင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အဖြေမပေါ်ပဲ အောင်မြင်မှုမရရှိခဲ့ကြောင်း သိရသည်။

ထိုဆွေးနွေးမှုထဲတွင် စစ်ကောင်စီက ကိုးကန့်တပ်ဖွဲ့ကို လားရှိုးမြို့မှ တပ်ဆုတ်ခွာပေးရန်၊ ဖမ်းဆီးထားသည့် စစ်သုံ့ပန်းတပ်မှူးများနှင့် တပ်ဖွဲ့များကို ပြန်လွှတ်ပေးရန်၊ လားရှိုး-ကွမ်လုံ-ချင်းရွှေဟော် နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးရန်အတွက် တောင်းဆိုခဲ့ကြောင်း သိရသည်။

အလားတူ ကိုးကန့်တပ်ဖွဲ့ကလည်း လားရှိုးမြို့ကနေ တပ်ဆုတ်နိုင်မည်မဟုတ်ကြောင်း၊ လားရှိုးမြို့ကို အထူးဒေသ (၁) သတ်မှတ်ပေးရန်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေပေးဖို့ စစ်ကောင်စီထံ တောင်းဆိုညှိနှိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်းဆိုညှိနှိုင်းမှုများကြောင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့တို့ ဆွေးနွေးမှုဟာ အောင်မြင်နိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“သူတို့က သွေးချွေးတွေပေးပြီးတော့ တန်ဖိုးပေးပြီးတော့ တိုက်ယူထားတဲ့ဟာကို နောက်ဆုတ်ပေးပါလို့ ပြောလို့ကတော့ ‌အဲတာ တော်တော်ဆိုးရွာတဲ့ ကလေးအကွက်တွေပါပဲ။ အဲဒီလိုလုပ်လို့က မရပါဘူး။ ပြီးတော့ တန်ရာတန်ကြေးပေးမှပဲ ရမှာပါ။ အဲဒီကိစ္စတွေမှလည်း ဆွေးနွေးပွဲ မအောင်မြင်ရခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ပေါ့ဗျာ။ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့သာပြောတာ။ နိုင်ငံရေးအရ ပြသနာဖြေရှင်းမယ်လို့ပြောတာ။ တကယ်ဖြေရှင်းနိုင်မဲ့ အကြောင်းတရားတွေမပြောပဲနဲ့ သူရဲ့ စစ်နယ်မြေတွေ ပြန်ပြီးတော့ ရရှိဖို့ ကြိုးပမ်းနေတာဖြစ်တဲ့အတွက်ကြောင့် ဘယ်တော့မှ ဒီဆွေးနွေးပွဲတွေက အောင်မြင်မှာမဟုတ်ဘူးလို့ ကျနော်တို့ကတော့ သဘောထားပါတယ်” ဟု ဦးသန်းစိုးနိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုအပြင် ဆွေးနွေးမှုမအောင်မြင်တိုင်း စစ်ကောင်စီက လေကြောင်းဖြင့် အကြမ်းဖက်တိုက်ခိုက်နေသည်ကို တရုတ်က ဝင်ရောက်ပြောဆို တားမြစ်ခြင်းမရှိဘဲ စစ်ကောင်စီဘက် တစ်ဖက်သက် လိုက်လျောမှုများကြောင့်လည်း ဆွေးနွေးမှု၏ မအောင်မြင်ရသည့် အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ဦးသန်းစိုးနိုင်က ထပ်လောင်းပြောသည်။

အလားတူတရုတ်က ကိုးကန့်တပ်ဖွဲ့ MNDAA ကို လားရှိုးမြို့မှ တပ်ဆုတ်ပေးရန်အတွက် ဖိအားပေးနေမှုများရှိနေသည်။

စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် ဒီဇင်ဘာ ၁၅ ရက်တွင် တွေ့ဆုံမှု မအောင်မြင်ပြီးနောက်ပိုင်း ဇန်နဝါရီ ၁ ရက် နှစ်သစ်တွင်လည်း  MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ကို စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ ဆွေးနွေးမှုမအောင်မြင်တိုင်း စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် ပြည်သူများက စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း လားရှိုးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲနေ့က သိန္နီကို သွားကြဲပြီးမှ ပြန်သွားတဲ့အချိန်မှာ လားရှိုးပေါ်ကနေ သူနိမ့်နိမ့်လေးပျံပြီး သူဖြတ်သွားတာလေ။ ည ၁၁ နာရီ ၁၂ နာရီ ဝန်းကျင်လောက်ပေါ့။ အဲမှာဆို အိပ်လို့တောင်မရတော့ဘူး။ ကြောက်လို့လေ။ လေယာဉ်သံကြားတာနဲ့ ကြက်သီးတွေထ၊ လူက ကတုန်ကရင်တွေဖြစ်ပြီး ငိုချင်နေပြီ။ အဲလေယာဉ်သံလာပြီဆိုတာနဲ့ အဲလိုဖြစ်နေတာ။ လေယာဉ်လာမှာတော့ ကြောက်နေရတာပေါ့။ စိတ်ချလက်ချတော့ မနေရဲသေးဘူး” လို့ လားရှိုးမြို့ ဒေသခံအမျိုးသမီးက ပြောသည်။

အလားတူ စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် ယခု ဇန်နဝါရီလအတွင်း ထပ်မံ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week

January 7, 2025
သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများ...
လဲချားမြို့
January 4, 2025
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှု...
January 2, 2025
သျှမ်းပြည်၊ လားရှိုးမြို့ပေါ် ရပ်ကွက်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က မီတာခနှင့် အမှိုက်ခွန်များ...
January 2, 2025
မြေကော်ကားတွေနဲ့ ထိုးညှိထားပြီး အတော်အတန်ကျယ်ဝန်းတဲ့ မြေနီနီတောင်ကုန်းတွေပေါ်မှာ...