လားရှိုးမြို့ပေါ်ရပ်ကွက်တွင် MNDAA မှ မီတာခနှင့် အမှိုက်ခွန် စတင်ကောက်ခံမည်ဟုဆို

လားရှိုးမြို့ပေါ်ရပ်ကွက်တွင် MNDAA မှ မီတာခနှင့် အမှိုက်ခွန် စတင်ကောက်ခံမည်ဟုဆို

သျှမ်းပြည်၊ လားရှိုးမြို့ပေါ် ရပ်ကွက်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က မီတာခနှင့် အမှိုက်ခွန်များ စတင်ကောက်ခံမည်ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလမှစတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် လျှပ်စစ်မီး ပြန်လည်ရရှိသည့် ရပ်ကွက်အချို့တွင် မီတာခနှင့် အမှိုက်ခွန်များကို ကောက်ခံတော့မည်ဖြစ်ကြောင်း လားရှိုးဒေသခံများက ပြောသည်။

လားရှိုးဒေသခံ အသက် (၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးက “မီးက အိမ်ဘက် ခုထိမလာသေးဘူး၊ သူများနေရာတွေ လာကုန်ပြီ။ ဒီဘက်ရပ်ကွက် တစ်ခါမှ မလာသေးတာ။ ဒါကို နှစ်ဆန်းပိုင်းကစပြီး မီတာခ စကောက်တော့မယ် အဲ့လိုတော့ ကြားနေတာပဲ၊ အမှိုက်ခွန်လည်း ကောက်တော့မှာ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့ပေါ် ရပ်ကွက်အချို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်မှစတင်၍ လျှပ်စစ်မီး ပြန်လည်ရရှိနေသော်လည်း မီတာခ ကောက်ခံခဲ့ခြင်းမရှိဘဲ ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလမှစတင်ကာ လျှပ်စစ်မီး တစ်ယူနစ်လျှင် ကျပ် ၁၅၀၀ ဝန်းကျင် စတင်ကောက်ခံမည်ဟု ဒေသခံများက ပြောဆိုသည်။

“မီတာခ ကောက်မယ်ဆို အိမ်တိုင်း မီးလင်းမှလေနော်၊ အခုက ရပ်ကွက်တိုင်း မီးမလင်းသေးဘူး။ မီတာခထက် အိမ်တိုင်း မီးပြန်ရစေချင်တယ်၊ မီးရမှပဲ အလုပ်ဖြစ်မှာ စီးပွားလုပ်လို့ရမှာ။ ဒီမှာ ဆိုင်ခန်းဖိုးကော ကုန်သယ်ရင် ကုန်ဖိုးကော အခွန်ဆောင်ရတာပဲ၊ ကားခနဲ့ဆို ဈေးတက်တာ မပြောနဲ့လေ။ နောက်ထပ် အမှိုက်ခွန် လာဦးမယ်” ဟု လားရှိုးမြို့မှ တပိုင်တနိုင် ကုန်ရောင်းဝယ်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့ပေါ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ လျှပ်စစ်မီတာခနှင့် အမှိုက်ခွန် စတင်ကောက်ခံမည့် ကိစ္စနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ လားရှိုးမြို့ပြန်လည်ထူထောင်ရေး တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

လားရှိုးမြို့ လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် ကိုးကန့်တပ်ဖွဲ့မှ တိုက်ပွဲအတွင်း ပျက်စီးသွားသည့် 33 KV ပင်မဓာတ်အားလိုင်း လျှပ်စစ်မီးကြိုးနှင့် ဓာတ်တိုင်များကို ယမန်နှစ် စက်တင်ဘာလမှစတင်၍ ပြန်လည်ပြင်ဆင်ခဲ့ရာ ညဈေးနှင့် ရပ်ကွက်အချို့တွင် လျှပ်စစ်မီးရရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

လားရှိုးမြို့နယ်အတွင်းရှိ နမ့်မျှော် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် နားမခေါ် လျှပ်စစ်ဓာတ်အားပေးစက်ရုံတို့ကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဓာတ်အားထိန်းချုပ်ခန်း၊ လျှပ်စစ်မီးကြိုးများ ပျက်စီးသွားပြီး ရေအားလျှပ်စစ်ထုတ်လုပ်မှု ရပ်တန့်ခဲ့ရကြောင်း MNDAA မှ သတင်းထုတ်ပြန်ထားသည်။

Most read this week

လဲချားမြို့
January 4, 2025
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှု...
January 2, 2025
မြေကော်ကားတွေနဲ့ ထိုးညှိထားပြီး အတော်အတန်ကျယ်ဝန်းတဲ့ မြေနီနီတောင်ကုန်းတွေပေါ်မှာ...
December 23, 2024
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေကြောင်း...
December 20, 2024
မြန်မာ - ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့ UWSA အကြား...