ထိုင်းနှင့် UWSA အကြား နယ်နိမိတ်ပြဿနာဖြေရှင်းမှု ဘယ်အခြေအနေရောက်ပြီလဲ

ထိုင်းနှင့် UWSA အကြား နယ်နိမိတ်ပြဿနာဖြေရှင်းမှု ဘယ်အခြေအနေရောက်ပြီလဲ

မြန်မာ - ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့ UWSA အကြား နယ်နိမိတ်အငြင်းပွားမှုပြဿနာ ပြန်လည်စတင်လာသည်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တစ်လပြည့်မြောက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့နှင့် ၁၉ ရက်တို့နေ့တွင် ထိုင်းစစ်တပ်၏ ဖိတ်ခေါ်မှုကြောင့် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသမှ “တာ့ထန်” ဦးဆောင်သည့် ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ချင်းမိုင်မြို့၌ ထိုင်းစစ်တပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးမှုအတွင်း မူးယစ်ဆေးဝါးကိစ္စအပြင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက်၌ ထိစပ်နေသည့် မြန်မာ - ထိုင်း နယ်နိမိတ်မျဉ်းပေါ်ရှိ UWSA တပ်စခန်း (၉) နေရာကို တစ်လအတွင်း ဆုတ်ခွာပြောင်းရွှေ့ပေးရန် ထိုင်းစစ်တပ်ဘက်က တောင်းဆိုခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများတွင် စတင်ဖော်ပြခဲ့ကြသည်။

“ဒီကိစ္စ ဖြစ်လာရတဲ့အကြောင်းရင်းကို အရင်ပြောရမှာပေါ့။ ထိုင်းစစ်တပ်ဘက်က နယ်စပ်မှာရှိတဲ့ ‘ဝ’ တပ်စခန်းတွေကို တစ်လအတွင်း ဆုတ်ခွာခိုင်းတာ၊ သဘောကတော့ ဒီဇင်ဘာလ ၁၈ ရက်မှာ ပြောင်းရွှေ့ပေးရမယ်။ ‘ဝ’ တပ်စခန်းတွေ ပြောင်းရွှေ့ဖို့ ထိုင်းစစ်တပ်က တနည်းနည်းနဲ့တော့ လုပ်ရလိမ့်မယ်ပြောတာပေါ့”  ဟု သျှမ်းသံတော်ဆင့်တည်ထောင်သူ ဦးခွန်စိုင်းက ပြောသည်။

‘ဝ’ တပ်ဖွဲ့ဘက်က ယခု နယ်စပ်ပြဿနာသည် ကြာမြင့်ပြီဖြစ်ကြောင်း၊ မြန်မာ သို့မဟုတ် ထိုင်း မည်သည့်နယ်နိမိတ်အတွင်း ကျရောက်နေသည်ကို သေချာမသိရဘဲ ၁၉၉၆ ခုနှစ်တွင် လက်နက်ချခဲ့သည့် MTA တပ်ဖွဲ့၏ နေရာဟောင်းတွင် ဝင်ရောက်နေရာယူခြင်းသာဖြစ်ပြီး နယ်စပ်ပြဿနာကို နှစ်နိုင်ငံအစိုးရချင်း သဘောတူ ဆုံးဖြတ်ချက်အတိုင်း လက်ခံမည်ဖြစ်ကြောင်း ထိုဆွေးနွေးမှုအတွင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

မြန်မာ - ထိုင်း နယ်စပ်ရှိ UWSA တပ်စခန်း (၉) ခု ကို ထိုင်းစစ်တပ်က ရွှေ့ပြောင်းခိုင်းကြောင်း ‘ဝ’ တပ်ဖွဲ့ဘက်က အတည်ပြုပြီး နယ်နိမိတ်ပြဿနာများသည် နိုင်ငံအချင်းချင်း ဆွေးနွေးရမည့် ကိစ္စဖြစ်ပြီး နိုင်ငံတော်ခေါင်းဆောင်များကို သတင်းပို့ထားကြောင်း ‘ဝ’ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ‘ဝ’ လူငယ့်အသံကွန်ရက် မီဒီယာသို့ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ဖြေကြားထားသည်။

ယင်းနောက် ထိုင်းစစ်တပ်မှ မယ်ဟောင်ဆောင်ခရိုင် ထိုင်း - မြန်မာ နယ်စပ်တကြောရှိ UWSA တပ်စခန်း (၉) နေရာကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထား၍ တစ်လအတွင်း တပ်ဆုတ်ပေးရန် ပြောဆိုခဲ့ခြင်းကြောင့် နှစ်ဘက်တပ်များမှာ အသင့်အနေအထား စစ်ပြင်ဆင်နေကြောင်း ဒေသခံများအကြား ပျံ့နှံ့သွားခဲ့သည်။

နိုဝင်ဘာလ (၂၆) ရက်နေ့တွင် ထိုင်းစစ်တပ်မှ ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးတရပ် ကျင်းပပြီးနောက် နယ်စပ်ကိစ္စ စစ်ရေးအခြေအနေနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုမရှိကြရန် ထိုင်းစစ်ဗိုလ်ချုပ်ကြီးများက သတင်းထုတ်ပြန်ပေးခဲ့သည်။

‘ဝ’ တပ်ဖွဲ့ UWSA ကလည်း ထိုင်းစစ်တပ်နှင့် ရန်သူမဟုတ်သကဲ့သို့ စစ်ဖြစ်မည်ဟု မီဒီယာတချို့က ချဲ့ကာ ပြောဆိုခြင်းနှင့်ပတ်သက်၍ စစ်ပွဲဖြစ်ရန် ရန်စပေးသည့် ကောလာဟလများဖြစ်ပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုံ့ချကြောင်း ဒီဇင်ဘာလ (၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အခြားတဘက်တွင် မယ်ဟောင်ဆွန်ခရိုင် မယ်အိုင်မြို့နယ်အတွင်းရှိ သစ်တောအရာရှိများက နယ်စပ်ဒေသ ပန်းခြံများတွင် လည်ပတ်ခွင့်တားမြစ်သည့် ကြေညာချက်တခု ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်တွင် စစ်ကောင်စီတပ်က နယ်စပ်ရှိ RCSS ရှမ်းတပ်နှင့် UWSA ‘ဝ’ တပ်ဖွဲ့များကို လာရောက်တိုက်ခိုက်မည်ဟု သတင်းကြားသိရကြောင်း ပါရှိထားသော်လည်း နောက်နှစ်ရက်အကြာတွင် ပန်းခြံများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည်။

ထိုင်းစစ်တပ်ဘက်မှ မြန်မာ - ထိုင်းနယ်စပ် RCSS ဌာနချုပ်အနီးရှိ UWSA တပ်မဟာ (၇၇၈) နယ်မြေ ခိုင်းလုံ ဒေသသို့ ကိုယ်စားလှယ်စေလွှတ်ပြီး ဆွေးနွေးခဲ့သည့်အပြင် ဒီဇင်ဘာလ ၆ ရက်နေ့တွင် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသခေါင်းဆောင် “တာ့ဆမ်ရုန်း” နှင့် ထိုင်းစစ်တပ် အထူးတပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီးများ တာချီလိတ်မြို့တွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။

“ထိုင်းဘက်ကတော့ လွယ်တိုင်းလျန်းအနီးက (၇၇၈) တပ်မဟာနယ်မြေ ခိုင်းလုံဒေသအထိ ကိုယ်စားလှယ် လွှတ်ပြီး သွားဆွေးနွေးတယ်လို့ သိရတယ်။ ဒါ့အပြင် ၆ ရက်နေ့မှာ အထူးတပ်ဖွဲ့က ထိုင်းဗိုလ်ချုပ်ကြီးတွေက (၁၇၁) စစ်ဒေသ ‘ဝ’ ခေါင်းဆောင် တာ့ဆမ်ရုန်းနဲ့ တာချီလိတ်မှာ ညစာအတူစားပြီး ဆွေးနွေးခဲ့ကြတယ်၊ အသေးစိတ်တော့ မသိရဘူး” ဟု ဦးခွန်ဆိုင်းက ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် စစ်ကောင်စီ၏ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင် လည်း မိုင်းတုံမြို့နယ် မုံးထမြို့နှင့် ပါချီးနယ်စပ်ဂိတ်သို့ သွားရောက်စစ်ဆေးခဲ့ပြီး UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသခေါင်းဆောင် “တာ့ဆမ်ရုန်း” နှင့် တွေ့ဆုံကာ နယ်နိမိတ်ပြဿနာကို စစ်ကောင်စီနှင့် ထိုင်းအစိုးရအကြား ဖြေရှင်းမည်ဟု ပြောဆိုခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

သို့သော် ထိုင်းစစ်တပ်နှင့် နယ်နိမိတ်ပြဿနာ ဖြစ်ပွားနေသည့် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသသို့ တြိဂံဒေသ တိုင်းမှူး ရောက်ရှိနေသော်လည်း ၎င်းနှင့် ထိုင်းနယ်စပ်အရေး တွေ့ဆုံဆွေးနွေးခြင်း မရှိခဲ့ကြောင်း ‘ဝ’ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ဒီဇင်ဘာ ၁၁  ရက်နေ့က ပြောဆိုခဲ့သည်။

ထို့နောက် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုင်းနိုင်ငံ၌ ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မီဒီယာများကို ဖြေကြားစဉ် ထိုင်းစစ်တပ်နှင့်  ‘ဝ’ တပ်ဖွဲ့ UWSA အကြား အငြင်းပွားနေသည့် နယ်စပ်ပြဿနာကို နှစ်နိုင်ငံ နယ်ခြား ကော်မတီမှတဆင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ဦးခွန်ဆိုင်းက “အခြေအနေကတော့ စောင့်ကြည့်ရဦးမယ်၊ ဒီရက်ပိုင်းတော့ ဘာမှ မဖြစ်နိုင်သေးဘူး။ ဒီနှစ်ကုန်အထိ တိုက်ပွဲ လုံးဝမဖြစ်ဘူးလို့ ထင်တယ်။ ၁၉၊ ၂၀ ရက်ကျတော့ ထိုင်းက မြန်မာကို ဖိတ်ခေါ်ပြီး တွေ့ဆုံဆွေးနွေးမှာ ရှိတယ်။ ထိုင်းက မြန်မာ့ငြိမ်းချမ်းရေးကို ကူမယ်ပြောပြီး ‘ဝ’ နဲ့ ပြဿနာဖြစ်နိုင်မလား” ဟု နယ်စပ်အရေးကို သုံးသပ်ပြောသည်။

မြန်မာ - ထိုင်းနယ်စပ်ရှိ နယ်နိမိတ်ပြဿနာသည် နောက်နှစ်များအထိ ရေရှည်ဖြစ်သွားနိုင်ပြီး ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောဆိုသည်။

မြန်မာ - ထိုင်းနယ်စပ်တလျှောက် ထိစပ်နေသည့် မယ်ဟောင်ဆောင်ခရိုင် ပန်မက်ဖာ့မြို့နယ်မှ စတင်ပြီး ချင်းမိုင်ခရိုင်၊ ချင်းရိုင်းခရိုင်များအထိ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသလက်အောက်ခံ တပ်စခန်း (၈၀) ကျော် အထိရှိကြောင်း ထိုင်းစစ်တပ် နယ်စပ်လုံခြုံရေးဘက်က ထုတ်ပြန်ထားသည်။

လက်ရှိ ထိုင်းနယ်စပ်တွင် နယ်နိမိတ်ပြဿနာ ဖြစ်ပွားနေသည့် UWSA တပ်စခန်း (၈) ခုမှာ မယ်ဟောင်ဆောင်  ခရိုင် ပန်မက်ဖာ့အနီး နယ်စပ်မျဉ်းပေါ်တွင် ကျရောက်နေပြီး ထိုင်းနယ်နိမိတ်ထဲ ဝင်ရောက်နေသည်မှာ တပ်စခန်း (၃) ခု အထိ ရှိနေကြောင်း၊ အခြားတပ်စခန်းတစ်ခုမှာ နယ်စပ်မျဉ်းနှင့် (၁၀) ကီလိုမီတာခန့်အကွာတွင် တည်ရှိနေကြောင်း  သိရသည်။

မြန်မာ - ထိုင်းနယ်စပ်ရှိ ‘ဝ’ တပ်ဖွဲ့ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသတွင် တပ်ရင်း (၂၅) ခု ရှိပြီး တပ်မဟာ ၂၄၈၊ တပ်မဟာ ၅၁၈၊ တပ်မဟာ ၇၇၁၊ တပ်မဟာ ၇၇၅ နှင့် တပ်မဟာ ၇၇၈ ဟူ၍ တပ်မဟာ (၅) ခု ဖွဲ့စည်းကာ လွန်ခဲ့သည့် နှစ် (၃၀) ကျော် ဗိုလ်ချုပ်ခင်ညွှန့်လက်ထက်မှ စတင်အခြေချခဲ့သည်။

ယမန်နှစ် ဇွန်လအတွင်းကလည်း တာချီလိတ်မြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာ - ထိုင်း နယ်စပ်ကော်မတီ (TBC) အစည်းအဝေးတွင် ထိုင်းအာဏာပိုင်များက စစ်ကောင်စီထံ နယ်စပ်မျဉ်းတလျှောက် အခြေစိုက်ထားသည့် UWSA တပ်စခန်း (၅) ခုကို ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ရာ လက်ခံမည်မဟုတ်ကြောင်း UWSA ဘက်က တုံ့ပြန်ပြောဆိုခဲ့သည်။

Most read this week

January 20, 2025
တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့တွင်ရှိ နယ်စပ်ဂိတ်တွင် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်...
ပုံအညွှန်း - ပင်လောင်းစစ်ရှောင်များပုံ
January 17, 2025
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ‌ရေရှားမှုပြဿနာ ကြုံတွေ့နေရပြီး စစ်ဘေးရှောင်များ...
January 16, 2025
‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသော ဟိုပန်မြို့နှင့် ကွမ်းလုံမြို့တို့ကို...
January 15, 2025
ကျေးသီးမြို့နယ် ထဲက ကျန်းမာရေးစောင့်ရှောက်မှု သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း...