‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသော ဟိုပန်မြို့နှင့် ကွမ်းလုံမြို့တို့ကို ဆက်သွယ်ထားသည့် ဖောင်ဆိပ်တံတားတွင် အခွန်ကောက်ခံမှု များပြားလာကြောင်း စုံစမ်းသိရသည်။
ယခုလ ဇန်နဝါရီလဆန်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် ကွမ်းလုံမြို့နှင့် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့အကြား ဆက်သွယ်ထားသည့် ဖောင်ဆိပ်တံတားတွင် ဂိတ်စောင့်တပ်သားမှ ၎င်းဂိတ်သို့ ဖြတ်သန်းသွားလာသူကို တရုတ်ယွမ်ငွေ ၅၀၀ (မြန်မာကျပ်ငွေ ၃ သိန်း) အထိ ကောက်ခံခဲ့ကြောင်း တန့်ယန်းကားဆရာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
တန့်ယန်းမြို့နယ်မှ ဟိုပန်မြို့သို့ ဝင်ရောက်မည့် ခရီးသည်များမှ ထိုဂိတ်စောင့်တပ်သား တောင်းခံသည့် ငွေပမာဏ ပေးမှသာ ပြေစာ (ဖြတ်ပိုင်းစာရွက်) ပေးပြီး ဖြတ်သန်းခွင့်ပြုကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီဖောင်ဆိပ်ဂိတ်မှာ အရင်ကတည်းကတော့ တောင်းတယ်၊ မများဘူး အလွန်ဆုံး တစ်သောင်းပေါ့။ အရင်ဆို ယွမ် (၁၀) ပဲ ပေးရတာ၊ ခုက တရုတ်ယွမ်ငွေ ၅၀၀ (မြန်မာကျပ်ငွေ ၃ သိန်းကျော်) ထိ တောင်းတာမျိုး ရှိလာတယ်။ ကုန်ပစ္စည်းနည်းနည်းပါလည်း ပေးရတယ်၊ ကုန်ပါလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ မပေးရင် ဖြတ်သန်းခွင့်ပြေစာ မပေးဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ‘ဝ’ တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့သို့ လားရှိုးနှင့် သီပေါမြို့နယ်မှ စစ်ဘေးရှောင် အများအပြားလည်း ပြောင်းရွှေ့နေထိုင်ကြပြီး၊ ကြပ်တည်းသည့်ကာလအတွင်း ကုန်များကို တစ်ပတ်မှ တစ်ကြိမ်သာ သယ်ယူရသဖြင့် ဂိတ်ကြေးနှင့် ဆီဖိုး မကိုက်ညီကြောင်း ၎င်းယာဉ်မောင်းက ပြောသည်။
ထို့အပြင် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် ဟိုပန်နှင့် တန့်ယန်းမြို့နယ်တို့တွင် စက်သုံးဆီပြတ်လပ်မှု ရှိလာခြင်းကြောင့် အချိန်အကန့်အသတ်ဖြင့်သာ ရောင်းချခွင့်ပေးသည်ဟု တန့်ယန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
တန့်ယန်းမြို့နယ်သည် “၁၀၂၇ စစ်ဆင်ရေး” မဖြစ်ခင်က လားရှိုး၊ မူဆယ်၊ ပန်ဆိုင်းတကြောရှိ ကုန်ပစ္စည်းကိုသာ အဓိက အားကိုးရသည့် ဒေသဖြစ်ပြီး “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းဖြစ်ပြီးနောက် ကုန်စည်သယ်ယူခွင့်ကို အဘက်ဘက်မှ ပိတ်ဆို့လိုက်ခြင်းကြောင့် ဒေသခံများ နေ့စဉ်နှင့်အမျှ အခက်တွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။
“အခုက စက်သုံးဆီတွေလည်း ပြတ်လပ်လာတယ်။ ပိုက်ဆံအများကြီး တတ်နိုင်တဲ့သူတော့ ဂိတ်မှာ ပိုက်ဆံများများထိုးပေးပြီး သယ်လာတဲ့သူလည်း ရှိတာပေါ့။ “၁၀၂၇ စစ်ဆင်ရေး” မတိုင်ခင်ဆို အဘက်ဘက်က ရှိတဲ့ မြို့ကြီးတွေကလာတဲ့ ပစ္စည်းကို အားကိုးရတယ်။ “၁၀၂၇ ဒုတိယလိုင်း” လည်းပြီးရော ပစ္စည်းသယ်ခွင့်ကို ဂိတ်တိုင်းက ပိတ်ချလိုက်တယ်” ဟု ၎င်းတန့်ယန်းဒေသခံ အမျိုးသားက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ဩဂုတ်လ နောက်ဆုံးပတ်ကလည်း ဟိုပန်မြို့နယ်အတွင်း ‘ဝ’ တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နမ့်တစ်မြို့ မန်ခါးနယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ ပိတ်လိုက်ခြင်းကြောင့် ပြည်သူများအတွက် စားသောက်ကုန်တင်သွင်းရန် ခက်ခဲနေပြီး ဟိုပန်၊ ပန်လုံ၊ မိုင်းမော၊ ပန်ဝိုင်နှင့် နမ့်တစ်ဒေသတို့တွင် ကုန်စည်စီးဆင်းမှု ယနေ့အထိ ရပ်တန့်နေကြောင်း သိရသည်။