သဲကျောက်မြေအိတ်များဖြင့် အထပ်ထပ်ကာရံထားသော မယ်ဆိုင်မြစ် ကမ်းပါးမှ မြန်မာဘက်ခြမ်းကို လမ်းမျှော်ကြည့်လိုက်သောအခါ နီကြင်ကြင် အိမ်ကလေးများ၊ ကျိုးတိကျိုးတဲ ဆိုင်ခန်းများ တွေ့ရသည်။
ရေကြီးမှုဒဏ်ကြောင့် နေအိမ်၊ ဆိုင်ခန်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုကို သုံးလကျော်ကြာ ရင်ဆိုင်လာခဲ့ရပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသေးချေ။
“နောက်နှစ်ရေကြီးရင်တော့ ကျမတို့ နေရာက မသေချာတော့ဘူး” ဟု ဝမ်းနည်းစွာဖြင့် နန်းဟွမ် (အမည်လွှဲ) ကပြောသည်။
သူသည် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် နေထိုင်သူတစ်ဦးဖြစ်သည်။
၂၀၂၄ စက်တင်ဘာ လဆန်းပိုင်းက ဗီဘက်နမ်နိုင်ငံကို ဖြတ်ပြီး တိုက်ခဲ့သည့် ယာဂီမုန်တိုင်း၏ အရှိန်ကြောင့် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာ နန်းဟွမ်တို့ မိသားစုလည်း အပါအဝင် ရေးဘေးဒဏ်ကို ခံခဲ့ရသည်။
ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ ၁,၂၀၀ ကျော်တွင်ရှိသော တာချီလိတ်မြို့တွင် အမြဲတစေ ရေလွှမ်းမိုးခံရလေ့ ရှိသော်လည်း ယခုအတွင်း ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုဖြစ်စဉ်က အတော်ဆိုးဝါးခဲ့ကြောင်း မြို့ခံများက ပြောကြသည်။
မိုးသဲကြီးမဲကြီး ၂ နာရီခန့် ရွာချလိုက်လျှင် မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာပြီး တောင်ကျချောင်းရေသည် တဟုန်တိုး စီးဆင်းလာသည်။
တောင်ကျချောင်းရေနှင့်အတူ ရွှံ့နွံများလည်း မျှောပါလာပြီး နေအိမ်၊ ဆိုင်ခန်းအတွင်းသို့ ရုတ်တရက်ဝင်ရောက်ရာ တစ်မြို့လုံးနီးပါး နီကြင်ကြင် ရွှံ့များ၊ နွံများ ဖုံးလွှမ်းသွားခဲ့သည်။
“ပျက်စီးဆုံးရှုံးမှုတွေတော့ မမေးနဲ့ အရမ်းများတယ်။ ပထမတစ်ကြိမ် ရေကြီးပြီးပြီးချင်း အိမ်ထဲက ရွှံ့တွေ၊ နွံတွေ ဖယ်လို့မပြီးသေးဘူး။ နောက်ထပ်တစ်ကြိမ် ရေထပ်ကြီးတာလေ။ မနှစ်ထဲမှာ ရေကြီးတာ သုံးကြိမ်ထက်မကဘူး” ဟု နန်းဟွမ်က ပြောသည်။
ဤသို့ ရေကြီးမှုအကြိမ်ကြိမ်အခါခါ ဖြစ်သော်လည်း ထိုင်းနှင့် မြန်မာ ရေးဘေးကယ်ဆယ်မှုများ နှိုင်းယှဉ်ကြည့်လျှင် ပကတိခြားနားနေသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ရေကြီးမှုတွင်မူ ထိုင်းတော်ဝင် လေတပ်ကိုယ်တိုင် ဉီးဆောင်ပြီး ရေဘေးသင့် ပြည်သူများကို လေယာဉ်ဖြင့် အစားစာနှင့် ရေသန့်ဗူးများ ဝေငှပေးခြင်း၊ ပိတ်မိနေသည့် ပြည်သူများကို စက်လှေဖြင့် ကယ်ထုတ်ခြင်း စသဖြင့် ရေးဘေးသင့်ပြည်သူများကို အစွမ်းကုန် ကြိုးစားကူညီဆောင်ရွက်ပေးလျက်ရှိသည်။
သို့သော် မြန်မာနိုင်ငံ တာချီလတ်မြို့တွင် ထိုသို့မဟုတ်။ ရေကြီးမှုဖြစ်လာလျှင် ပြည်သူမှ ပြည်သူသို့ အပြန်အလှန် ဖေးမကူညီရသည့်အခြေအနေသာ။ ထိုကြောင့် ကြိုတင်ပြင်ဆင်မှုမရှိသာကြောင့် ရေကြီးမှုဖြစ်လာလျှင်
မထင်မှတ်ဘဲ နေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးရသည်ဟု တာချီလိတ်မြို့ခံ ကိုကျော် (အမည်လွှဲ) က ပြောသည်။
တာချီလိတ်ရေကြီးမှု
“တာချီလိတ်မြို့မှာတော့ ပြန်လည်ထူထောင်ရေး လုပ်ပေးဖို့မပြောနဲ့။ ရေကြီးပြီး နေအိမ်၊ ရပ်ကွက်ထဲက ရွှံ့နွံ့တွေ ထုတ်တာတောင် ဘတ်ဖိုးကားငှားပြီးထုတ်ရတယ်။ သန့်ရှင်းရေး လုပ်ပေးတယ်ဆိုတာလည်း တချို့လမ်းမပေါ်တွေမှာလောက်ဘဲ လုပ်ပေးတာ” ဟု ကိုကျော် က ဖြစ်ပျက်ခဲ့တာကို ပြန်ပြောပြသည်။
“အဆိုးဆုံးခံရတဲ့ တာလော့ရပ်ကွက်က နေအိမ်၊ ဆိုင်ခန်း၊ ရုံးနဲ့ စာသင်ကျောင်းထဲမှာဆိုရင် အခုထိရွှံ့တွေ အထူကြီး ရှိနေသေးတယ်။ အစိုးရက လုပ်ပေးနိုင်တာဆို ဘာမှသိပ်မရှိဘူး” ဟု ကိုကျော်က ပြောသည်။
သို့သော်လည်း ထိုင်း-မြန်မာနယ်စပ် ရေလွှမ်းမိုးမှု ပြဿနာဖြေရှင်းရေး တစ်စိတ်တစ်ပိုင်းအဖြစ် မယ်ဆိုင်ချောင်းအနီး ကျူးကျော်သည့် နေအိမ်များကို ဖယ်ရှားမည်ဟု (၂၀၂၄ အောက်တိုဘာ ၉ ရက်)က နှစ်နိုင်ငံအရာရှိများ ဆွေးနွေးခဲ့ကြသည်။
မယ်ဆိုင်ချောင်းရေစီးကောင်းပြီး ရေလွှမ်းမိုးမှု ထပ်မဖြစ်အောင် ချောင်းဧရိယာ အနည်းဆုံး ပေ ၃၀ ရှိသင့်သည်ဟု ထိုင်းဘက်ကအဆိုပြုထားသည်။
လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြစ် ကမ်းပါး တစ်လျှောက်ရှိ ရေဝပ်ဧရိယာ၌ အမြင့် ၁၅ ပေ (၅ မီတာ) ခန့်ကို ထိုင်းဘက်က မြေ ဖို့ထားသည်။ ထိုဖို့ထားသော မြေကြီးပေါ်တွင် လမ်းမကြီးတစ်ခု ဆောက်လုပ်မည်ဟု ထိုင်းဘက်က စီစဉ်နေသည်။
“အခုဘတ်ဂျက်တော့ ကျလာပြီ။ ချောင်းဘေးမှာရှိတဲ့ ဖယ်ခိုင်းပြီး ထောက်ပံ့ကြေးပေးမယ်လို့တော့ ပြောတယ်။ လောလောဆယ် ချောင်းဘေးမှာရှိတဲ့သူတွေတော့ မဖယ်ရသေးဘူး။ ဒီနှစ်ထဲ ဖယ်ရမယ်လို့ ကြားတယ်” ဟု မယ်ဆိုင်မြို့ဒေသခံ ထိုင်းအမျိုးသားတစ်ဦးက ပြောသည်။
ယခုနှစ်အတွင်း သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နည်းတူ ရေကြီးမှုဒဏ်ကို ကြုံရသည့်မြို့သည်
ကျိုင်းတုံမြို့နယ်၊ မိုင်းယောင်းမြို့၊ မိုင်းဆတ်မြို့နှင့် သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်၊ မောက်မယ်မြို့နယ်၊ လင်းခေးမြို့နယ်၊ ညောင်ရွှေမြို့နယ်တို့ အပါအဝင်ဖြစ်သည်။
ကျွန်းသစ်များ ပေါက်ရောက်သည့် သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်တွင်လည်း အလားတူ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခြင်းကြောင့် ပြည်သူနေအိမ် တစ်ထောင်ဝန်းကျင်နှင့် လယ်ယာ ဧက ၃,၀၀၀ ခန့် နစ်မြှုပ်ခဲ့ရသည်။
ရေကြီးရေလျှံမှုများကြောင့် မြန်မာတစ်ဝှမ်း လူပေါင်းရာနှင့် ချီသေးဆုံးပြီး လူ ၁ သန်းခန့် ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။
ရေကြီးမှုနောက်ကွယ် အကြောင်းအရင်း
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ရသည့် အဓိကအကြောင်းအရင်းကို လေ့လာကြည့်လျှင် သစ်တောပြုန်းတီးမှု၊ သတ္တုတူးဖော်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာမှုကြောင့် ယခုကဲ့သို့ ရေကြီးရေလျှံ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူက ပြောသည်။
“သဘာဝအရင်းမြစ်တွေဖြစ်တဲ့ သစ်တော၊ ဇီဝမျိုးကွဲ၊ မြေ၊ ရေအရင်းအမြစ်တို့က အကုန်လုံး ချိတ်ဆက်နေတယ်။ တစ်ခုပျက်စီးသွားတာနဲ့ နောက်တစ်ခုအပေါ်မှာ လာပြီးတော့ထိခိုက်မှုရှိတယ်။ သစ်တောတွေပျက်သွားတယ်ဆိုရင် သူတို့ထိန်းပေးထားတဲ့ရေမြေတွေက ပိုပြီးပျက်စီးဆုံးရှုံးသွားတယ်” ဟု ဦးဝင်းမျိုးသူက ဆိုသည်။
“မြန်မာပြည်မှာကတော့ ကြာလေဆိုးလေဖြစ်နေတဲ့ အချိန်မှာ ပြီးခဲ့တဲ့ မုန်တိုင်းရာဂီအဖျားလေး ခတ်သွားတာတောင် တော်တော်လေးခံလိုက်ရတယ်။ ဒါက ကျနော်တို့ရဲ့ ခံနိုင်ရည်၊ ခံနိုင်အားက အရမ်းကိုနိမ့်ကျနေပြီ၊ စိုးရိမ်စရာ ကောင်းနေပြီဆိုတာကိုပြတာ” ဟု ဦးဝင်းမျိုးသူက ပြောသည်။
ထိုထဲမှ သျှမ်းပြည်သည် နယ်မြေကျယ်ဝန်းသည့် ဒေသဖြစ်သည့်အလျှောက် တောတောင်ရေမြေများလည်း ကျယ်ဝန်းကာ တိုင်းရင်းလက်နက်ကိုင်အဖွဲ့ပေါင်းစုံ ရှိသည့်တိုင် တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သည့် စီမံအုပ်ချုပ်ရေး အနေအထား အပေါ်မူတည်၍ ပတ်ဝန်းကျင် ပြုန်းတီးပျက်စီးမှုက နေရာအနှံ့တွင် ဖြစ်ပေါ်နေကြောင်း ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုအများဆုံး နေရာက သျှမ်းပြည် ဖြစ်သည်ဟု ပတ်ဝန်းကျင်ပျက်စီးမှုနှင့် သစ်တောပြုန်းတီးမှုကို စောင့်ကြည့်လေ့လာနေသည့် ကမ္ဘာ့သစ်တော စောင့်ကြည့်ရေးအဖွဲ့ (Global Forest Watch) အဖွဲ့ က ထုတ်ပြန်ထားသည်။
Global Forest Watch ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ ၂၀၂၄ အောက်တိုဘာလတစ်လတည်းမှာတင် သစ်တော ပြုန်းတီးမှု ဧရိယာ ဧက သုံးထောင့်လေးရာကျော် (၃၄၃၄ ဒသမ ၇၆၅ ဧက) ရှိခဲ့သည်ဟု သိရသည်။
၂၀၀၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အနှစ် ၂၀ ကျော်အတွင်း သစ်တောပြုန်းတီးနေသည့် ထိပ်တန်း ၅ နေရာတွင် သျှမ်းပြည်၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကရင်ပြည်တို့ ဖြစ်သည်။ ထို ၅ နေရာပေါင်း ဧက ၉ သန်းကျော် သစ်တော်ပြုန်းတီးနေကြောင်း ဖော်ပြသည်။
“အထူးသဖြင့် သျှမ်းပြည်မှာက လင်းခေးဒေသတို့ဘက်မှာ ကျွန်းသစ်တွေရှိတယ်။ လွိုင်လင်လိုမျိုးဒေသ တွေဆိုရင် ထင်းရှူးတောတွေရှိတယ်။ သစ်တောထွက်ပစ္စည်းထုတ်တာတွေအပြင် မီးသွေးထုတ်ပြီး ထိုင်းကိုရောင်းတာတွေရှိတယ်။ နောက်တစ်ခုက သျှမ်းပြည်က သတ္တုပေါတယ်၊ ကျောက်မီးသွေး၊ ခနောက်စိမ်း၊ ရွှေတွေတူးတဲ့ အတွက်ကြောင့် ရာဂီမုန်တိုင်းတိုက်လိုက်တဲ့အချိန်မှာ အကြီးအကျယ်ခံစားခဲ့ရတယ်” ဟု ဦးဝင်းမျိုးသူက ပြောသည်။
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် သျှမ်းပြည်တပ်မတော်၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ လှုပ်ရှားရာဒေသတစ်ခု ဖြစ်သည်။
သျှမ်းသံတော်ဆင့်မှ ရရှိသော စာတမ်းအရ သျှမ်းပြည်အတွင်း သတ္တုများကို တရားဝင်တူးဖော်ခွင့်ရသည့် ကုမ္ပဏီပေါင်း ၃၀၀ ကျော်ရှိသည့်အနက် ကုမ္ပဏီ ၁၃၂ ခုတွင် သျှမ်းပြည်တောင်ပိုင်းတွင် တူးဖော်နေသည်။ ကျန်သည့် ကုမ္ပဏီ ၉၀ မှာ သျှမ်းပြည်မြောက်ပိုင်းနှင့် ကုမ္ပဏီ ၈၁ ခုမှာ သျှမ်းပြည်အရှေ့ပိုင်းတွင် တူးဖော်နေသည်။
သျှမ်းပြည်တောင်ပိုင်းတွင် သံ၊ ခနောက်စိမ်းနှင့် ကျောက်မီးသွေးကို တူးဖော်နေပြီး သျှမ်းပြည်မြောက်ပိုင်းတွင် ငွေ၊ ခဲ၊ သွပ် နှင့် သျှမ်းအရှေ့ပိုင်းတွင် ရွှေ၊ မန်းဂနိစ်နှင့် မြေရှားသတ္တုကို တူးဖော်နေကြသည်။
ထိုကုမ္ပဏီများသည် အာဏာသိမ်းမှုအပြီး ၂၀၂၁ နိုဝင်ဘာလမှစတင်၍ စစ်ကောင်စီမှ သျှမ်းပြည်အတွင်းရှိ သတ္တုများကို တူးဖော်ရန် ကုမ္ပဏီ စုစုပေါင်း ၃၀၃ ခု (အဟောင်းနှင့်အသစ်) ကို ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
“ဒါကတရားဝင် ကုမ္ပဏီတွေဘဲရှိသေးတယ်။ တရားမဝင်တဲ့ ကုမ္ပဏီတွေလည်း အများကြီး ရှိသေးတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) မှ စိုင်းဟော်ရှဲန်က ပြောသည်။
NLD အစိုးလက်ထပ်ကတည်းက အစိုးရ၏ နှစ်စဉ်ဝင်ငွေအများစု ၆၀ ရာခိုင်နှုန်းတွင် တိုင်းရင်းသားဒေသမှ ထွက်ရှိသော သယံဇာတထုတ်ယူမှုမှတစ်ဆင့်ရရှိပြီး အခွန်ကောက်ယူမှုတွင် ၃၀ ရာခိုင်နှုန်းနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွင် ၁၀ ရာခိုင်နှုန်းသာ ရရှိကြောင်း ဦးဝင်မျိုးသူကပြောသည်။
ရွှေတူးဖော်မှု တိုးချဲလာခြင်း
ထိုင်းနိုင်ငံ သဘာဝအရင်းအမြစ်ဌာန၏ လေ့လာတွေ့ရှိချက်များအရ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုအတွင်း မကြုံစဖူးနှုန်းမြေများ တင်ကျန်မှုသည် သျှမ်းပြည်အရှေ့ပိုင်း (မယ်ဆိုင်အထက်ပိုင်း)ရှိ အကြီးစား ရွှေတူးဖော်မှုများကြောင့် ဖြစ်ကြောင်း ဖော်ပြသည်။
‘ဝ’ တပ် UWSA နှင့် လားဟူလက်နက်ကိုင် တပ်ထိန်းချုပ်ရာ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ အရှေ့ဘက် မယ်ဆိုင်မြစ်အထက်ပိုင်းတွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ နှစ်ကုန်ပိုင်းမှစတင်၍ ရွှေတူးဖော်မှုများ အကြီးအကျယ် တိုးချဲ့လာနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က နိုဝင်ဘာလ ၂၇ ရက်တွင် ထုတ်ပြန်သည်။
‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေဖြစ်သော မိုင်းဆတ်မြို့အရှေ့ဘက် မိုင်းကန်း၊ နားယောင်း ကျေးရွာအနီးတဝိုက်နှင့် စစ်ကောင်စီ၏ မဟာမိတ်ဖြစ်သော လားဟူလက်နက်ကိုင် တပ် ထိန်းချုပ်နယ်မြေ မယ်ကြုတ်ကျေးရွာအနီးတွင် ရွှေတူးဖော်မှုများလာခြင်း ဖြစ်သည်။
ဂြိုလ်တုမြေပုံ လေ့လာမှုများအရလည်း မြို့အတွင်းရှိ တင်ကျန်နေသောနုန်းများ အဓိကဖြစ်ပေါ်စေသော အကြောင်းမှာ သျှမ်းပြည် မိုင်းဆတ်မြို့အရှေ့ပိုင်း မယ်ဆိုင် မြစ်တလျှောက် (မယ်ဆိုင်အထက်ပိုင်း) ရှိ ရွှေတူးဖော်ထုတ်လုပ်မှုများ ကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်အာဏာမသိမ်းခင်က ၎င်းဒေသများတွင် ရွှေတူးဖော်မှုများ မရှိသော်လည်း ယခုအခါ စက်ယန္တရားများဖြင့် အကြီးအကျယ် တူးဖော်နေကြောင်း မိုင်းဆတ်မြို့ဒေသခံ အသက် ၄၀ ကျော် စိုင်းကျော် (အမည်လွှဲ) က ပြောသည်။
“စစ်အာဏာသိမ်းပြီးမှ တူးတာတွေပါ။ အရင်ကတူးတာမရှိဘူး။ တူးတဲ့ဧရိယာကတော့ အများကြီးပဲ။ ဘယ်လောက်ရယ်လို့တော့ မပြောနိုင်ဘူး။ ထွက်တဲ့နေရာသိရင် ရအောင်တူးတာပါပဲ။ အဓိက တူးတာကတော့ ရွှေနဲ့ ခဲမဖြူပါ” ဟု စိုင်းကျော်ကပြောသည်။
ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်များနှင့် စွန့်ပစ်မြေများကို မြစ်ချောင်းထဲသို့ ပြန်စွန့်ပစ်ခြင်းကြောင့် မြစ်ချောင်းတိမ်ကောပြီး ရေပိတ်ဆို့စေကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေကြောင်း ၎င်းကဆိုသည်။
ရွှေတူးဖော်မှုများပြားလာခြင်းကြောင့် မြစ်ကမ်းဘေးရှိ တောင်များတိုက်စားခံရကာ ခဲဓာတ်များပြားသော ရွှေသန့်စင်ကန်များ အဖြစ် ပြောင်သွားပြီး ထိုကန်များထဲတွင် ရွှေတူးဖော်ရာ၌ အဓိကအသုံးပြုသည့် ဆာရာနိုက်ကဲ့သို့ အဆိပ်ရှိဓာတ်တုပစ္စည်းများပါဝင်နေသည်။
မယ်ဆိုင်မြစ်၏ ရေကြောင်းတစ်လျှောက် မျောပါလာသော နုံးများတွင် အာဆင်းနစ်၊ နီကယ်လ်နှင့် ဇင့် ပါဝင်မှုအများဆုံးဖြစ်ပြီး၊ ဇင့်ပါဝင်မှုမှာ သတ်မှတ်ထားသည့် ပမာဏထပ် ၁၈ ဆပိုများနေကြောင်း ထိုင်းအစိုးရ၏ လေ့လာချက်များအရ သိရသည်။
“ကျနော်တို့ ငယ်ငယ်တုန်းက ဒီချောင်းထဲမှာ ငါးဖမ်းကြတယ်၊ ရေကူးကြတယ်။ အဲ့တုန်းက ရေကတော်တော် ကြည်တယ်။ ငါးတွေတောင် တွေ့ရတယ်။ အခုတော့ ရေကူးဖို့တောင်မပြောနဲ့ ချောင်းထဲမှာရှိတဲ့ ငါးတောင် မနေနိုင်ဘူး။ ရေတွေက လုံးဝ မသန့်တော့ဘူး နှောက်နေတာပဲ” ဟု မယ်ဆိုမြို့ဒေသခံ ထိုင်းအမျိုးသားတစ်ဦးက ပြောသည်။
မဲခေါင်မြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော မယ်ဆိုင်မြစ်သည် သျှမ်းအရှေ့မှ မြန်မာနှင့် ထိုင်းနယ်စပ်ရှိ တာချီလိတ်နှင့် မယ်ဆိုင်မြို့ကြားဖြစ်သန်း၍ မဲခေါင်မြစ်အတွင်း စီးဝင်သည်။
စစ်တပ်အလိုကျ စီးပွားရေးသမားများ
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာ ကုမ္ပဏီကြီးများ ထွက်ခွာသွားခြင်း၊ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီနှင့် ချေးငွေများ ရပ်ဆိုင်းခံရခြင်း၊ ကုန်ထုတ်လုပ်မှု လျော့ကျကာ ပို့ကုန်ဝင်ငွေနည်းလာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထပ်ဝင်မလာတော့ခြင်းတို့အပြင် ဝင်ငွေရလမ်းကြောင်းများပါ ပိတ်ဆို့ခံထားရသဖြင့် စစ်ကောင်စီအတွက် ဘဏ္ဍာငွေလိုအပ်ချက် ကြီးမားနေသည်။
ထိုသို့ လိုအပ်ချက်ကြီးမားနေသော်လည်း ပြည်သူလူထုအပေါ် အရက်စက်ဆုံး စစ်ဆင်နွှဲနေသောကြောင့် စစ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲနေရသည်ဖြစ်ရာ ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းနိုင်ရေး အာဏာသိမ်းစစ်တပ်က သဘာဝသယံဇတများ အဆက်မပြတ် ထုတ်ရောင်းနေခဲ့သည်။
တာချီလိတ်မြို့ အရှေ့မြောက်ဘက် နမ့်လင်းမြစ်တစ်လျှောက်ရှိ တောင်ကုန်းပေါ်တွင် အာဏာသိမ်းချိန်မှစ၍ ရွှေတူးဖော်မှုများ မြင့်တက်နေလျက်ရှိပြီး တူးဖော်နေလျက်ရှိသော ကုမ္ပဏီအများစုမှာ တရားဝင်ခွင့်ပြုချက် ရရှိထားခြင်း မရှိပေ။
၂၀၂၂ သြဂုတ်ထုတ် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ထုတ်ပြန်ချက်အရ သယံဇတနှင့် သဘာပတ်ဝန်းကျင် ထိန်းချုပ်ရေး ဝန်ကြီးဌာနမှ သျှမ်းအရှေ့ မိုင်းလေးဒေသမှာ သတ္တု တူးဖော်ရန် ဧကပေါင်း (၆၀၀) ကျော်ကို ကုမ္ပဏီ ၂၀ ကျော် (အဟောင်းနှင့်အသစ်) အား တူးဖော်ခွင့်ပေးလိုက်ကြောင်း ဖော်ပြသည်။
ထိုကုမ္ပဏီအများစုမှာ ၂၀၂၀ နှစ်လည်ပိုင်းတွင် ခွင့်ပြုထားရာ အာဏာသိမ်းမှုအပြီးတွင် ကုမ္ပဏီများ ထပ်တိုးလာခြင်း ဖြစ်သည်။
၎င်းကုမ္ပဏီ ၂၀ ကျော်အနက် ၉ ခုမှာ ခွင့်ပြုထားသော တစ်နှစ်သက်တမ်းကုန်ဆုံးနေပြီး ဆက်လက် သတ္တုတူးဖော်ခွင့် ရရှိထားသည်။ ကျန်သည့် ကုမ္ပဏီ ၁၂ ခုကိုမှု လုပ်ကွက်ဧကပေါင်း (၄၀၀) ကျော်အား ခွင့်ပြုမိန့်ချထားပြီး သက်တမ်းအရ နှစ်ပေါင်း ၁၁ နှစ်ခွင့်ပြုထားသည်။
ထို့ပြင် နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်တပ်ခရိုနီပိုင် မေဖလာဝါးမိုင်းနင်း ကုမ္ပဏီသည်လည်း တရားဝင် တူးဖော်ခွင့် အရေအတွက် အများဆုံး ၄ ခုရရှိထားသည်။ မေဖလာဝါးမိုင်းနင်းသည် တနင်္သာရီတိုင်း ဘန်းချောင်းရှီ ထိုင်းကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်သည့် ညစ်ညမ်းသော ကျောက်မီးသွေးလုပ်ငန်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။
အလားတူ သြစတေးလျနိုင်ငံသားနှစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦး ဦးဆောင်သည့် Locrian Precious Metals အမည်ရ ကုမ္မဏီသည် တာချီလိတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ တာလေမြို့နယ်အနီးရှိ လွယ်ခမ်းတောင် ဧရိယာတစ်ဝိုက်တွင် ရွှေတူးဖော်နေသည်။
သြစတြေးလျကုမ္ပဏီ Locrian Precious Metals သည် စတုရန်း ကီလိုမိတာ ၅၀၀ နီးပါး ကျယ်ဝန်းသော ရွှေစမ်းသပ်ရှာဖွေရေးလုပ်ကွက် ရရှိထားပြီး၊ လာမည့် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် သက်တမ်းကုန်ဆုံး မည်ဖြစ်သည်။
ထိုကုမ္ပဏီတစ်ခုသည် အာဏာသိမ်းမှုကြောင့် အဓိက ရင်းနှီးမြှုပ်နှံသူ နှုတ်ထွက်သွားသော်လည်း ဆက်လက်ပြီး သျှမ်းပြည် အရှေ့ပိုင်းတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေခဲ့သည်။
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလင်းဒေသတွင် တရားဝင်ရွှေတူးဖော်နေသည့် ကုမ္ပဏီပေါင်း ၂၀ ကျော်သာ ရှိသော်လည်း မြေပြင်တွင် တရားမဝင် ရွှေတူးဖော်နေသည့် ကုမ္ပဏီများစွာရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ စိုင်းဟော်ရှဲန်က ပြောသည်။
“မိုင်းလင်းမှာ တူးဖော်နေတဲ့ ရွှေလုပ်ကွက်တွေက တစ်နှစ်ထက် တစ်နှစ်တော့ ပိုဆိုးလာတယ်။ တူးဖော်နေတဲ့ ကုမ္ပဏီတွေက စုစုပေါင်း ၁၀၀ ကျော်လောက်ရှိတယ်။ ဒါပေမဲ့ တရားဝင်တူးဖော်တာက ကုမ္ပဏီ ၂၀ ကျော်လောက်ပဲရှိတယ်။ ကျန်တဲ့ ကုမ္ပဏီက တရားမဝင်တူးနေတဲ့ဟာတွေပေါ့” ဟု စိုင်းဟော်ရှဲန်က ပြောသည်။
ထို့အပြင် ရွှေတူးဖော်နေသည့် ကုမ္ပဏီအများစုမှာ တြိဂံတိုင်းစစ် ဌာနချုပ်မှ စစ်ကောင်စီအရာရှိဟောင်းများနှင့် ပတ်သက်နေပြီး ဒေသတွင်း ရွှေတူးဖော်ရန် အခွင့်အလမ်းများ ရရှိထားသည်။
လက်ရှိ မိုင်းလင်းဒေသတွင် ၁၁ နှစ်တူးဖော်ခွင့်နှင့် လုပ်ကွက် ၃ ခုရထားသော လွယ်ခမ်းလုံ ကုမ္ပဏီသည် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကျော်ဖြိုးနှင့် ပတ်သက်မှုရှိကြောင်း ၂၀၂၂ သြဂုတ်လတွင် SHRF ၏အစီရင်ခံစာတွင် ဖော်ပြသည်။
ထိုကုမ္ပဏီသည် ၂၀၀၉ ခုနှစ်မှစ၍ တရားဝင်မှတ်ပုံတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မတိုင်ခင်အထိ ၎င်း၏ဒါရိုက်တာချုပ်မှာ ဗိုလ်ချုပ်ကျော်ဖြိုး၏ သားဖြစ်သူ ချမ်းပြည့်ကျော်ဖြိုး ဖြစ်သည်။ လက်ရှိ ဒါရိုက်တာမှာ မြန်မာစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ မိုင်းလားမြို့မှ အခါလူမျိုး ဦးလောတာဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
ထို့အတူ ၂၀၁၂ ခုနစ်မှစ၍ ကုမ္ပဏီထူတည်တောင်ပြီး ဗိုလ်မှူးကြီး ဇော်ထွန်းမြင့်မှ မန်နေဂျာဒါရိုက်တာအဖြစ် တာဝန်ယူထားသည့် အောင်ဝန်းနေကုမ္ပဏီသည်လည်း ၁၁ နှစ်သက်တမ်းရှိသော တူးဖော်ခွင့်ပြုချက် ၂ ခုကို အာဏာသိမ်းအပြီးတွင် ရရှိခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် သျှမ်းအရှေ့ပိုင်းတွင် တူးဖော်နေသည့် ကုမ္ပဏီများသည် စစ်ကောင်စီမှတစ်ဆင့် တိုက်ရိုက်လုပ်ဆောင်နေခြင်းရှိသကဲ့သို့ အစုရှယ်ယာပါဝင်ထားသည့် ကုမ္ပဏီများရှိသည်ဟုလည်း ဆိုသည်။
“အခုကအစိုးရလည်းမရှိ၊ ပြောမဲ့သူလည်းမရှိတော့ ပိုဆိုးလာတယ်။ လုပ်ခွင့်ရတဲ့ ကုမ္ပဏီတွေကလည်း ရွှေလုပ်ကွက်တွေကို တရုတ်စီးပွားရေးသမားဆီ ပြန်ရောင်းစားတယ်။ အဓိကတော့ လွယ်ခမ်းလုံ ကုမ္ပဏီနဲ့ စိုင်းစိုက်ပျိုးရေး ကုမ္ပဏီတွေက နာမည်ခံပြီး လုပ်ပေးတာ” ဟု မိုင်းလင်းဒေသ ရွေတူးဖော်မှုနှင့်ပတ်သက်ပြီး သိရှိသူ တာလေမြို့ဒေသခံ နန်းအွတ် (အမည်လွှဲ) က ပြောသည်။
လွယ်ခမ်းလုံ ကုမ္ပဏီနှင့် စိုင်းစိုက်ပျိုးရေး ကုမ္ပဏီသည် မိုင်းလင်းဒေသတွင် သတ္တုတူးဖော်ရန် သက်တမ်းအရ နှစ်ပေါင်း ၁၁ နှစ် ခွင့်ပြုထားသည် ကုမ္ပဏီများဖြစ်သည်။
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း ပါဝင်သည့် မိုင်းလင်းကျေးရွာအုပ်စုသည် ၂၀၁၇ ခုနှစ်မှစတင်ကာ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများစတင်လာသည့်နောက်ပိုင်းတွင် ရေကြီးရေလျှံမှု နှစ်စဉ် ပိုမိုဆိုးရွားလာနေလျက်ရှိသည်။ အဆိုပါ ရွှေတူးဖော်မှုလုပ်ငန်းနှင့် ပတ်သက်၍ ဒေသခံပြည်သူများက ရပ်တန့်ရန် လွန်ခဲ့သည့်နှစ်များစွာကတည်းက တောင်းဆိုခဲ့ကြသည်။
သို့သော် ၂၀၁၅ ခုနှစ်ကဖြစ်ပွားခဲ့သည့် သတ္တုတူးဖော်မှုကန့်ကွက်သူ နားဟိုင်းလုံ ရပ်ရွာခေါင်းဆောင်တစ်ဦး စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်ခြင်း ခံရပြီးနောက်ပိုင်း ဒေသခံပြည်သူများသည် ရွှေတူးဖော်မှုကို ဆန့်ကျင်ရန် အလွန်ကြောက်ရွံ့သွားခဲ့ကြသည်။
“အခုအချိန်ထိ ရွှေတူးဖော်တာနဲ့ ပတ်သက်ရင်တော့ ဘယ်သူမှသိပ်မပြောရဲတော့ဘူး။ ပြောရင် ပြောတဲ့သူကပါ ခံရတယ်” ဟု နန်းအွတ်က ထပ်လောင်းပြောသည်။
သတ္တုတွေကို ဘယ်သူကဝယ်ယူလဲ
သျှမ်းပြည်အရှေ့ပိုင်း တစ်ကြော၌ထွက်ရှိသော ရွှေ နှင့် ခဲမဖြူ သတ္တုရိုင်းများကို ဒေသခံနှင့် “ဝ” အမည်ခံ တရုတ်စီးပွားရေး သမားများမှ တစ်ဆင့် တရုတ်ကဝယ်ယူနေကြောင်း တာချီလိတ်မြို့ ကုန်သည်တစ်ဦးက ပြောသည်။
“အဓိကတော့ ရွှေနဲ့ ခဲမဖြူတွေကို တရုတ်ကဝယ်တယ်။ ရှမ်းအရှေ့ကနေ မိုင်းလား အထူးဒေသ ၄ ကနေတဆင့် တရုတ်နိုင်ငံကို တင်ပို့တယ်” ဟု ၎င်းကပြောသည်။
ရွှေတူးဖော်မှုတွင် အစုရှယ်ယာပါဝင်ပြီး ခြေရာဖျောက်ထားသည့် တရုတ်စီးပွားရေး သမားများသည် ဒေသခံနှင့် “ဝ” အမည်ခံပြီး နောက်ကွယ်မှပါဝင်ပတ်သက်နေသောကြောင့် မည်သူမည်ဝါဖြစ်ကြောင်း တိတိကျကျပြောဆိုရန် ခဲယဉ်းသည်ဟုဆိုသည်။
ထို့ပြင် မန်းဂနိစ်သတ္တုရိုင်းများကို ထရပ်ကားကြီးများဖြင့် မိုင်းကိုးကျေးရွာမှ တာချီလိတ်လေဆိပ် အရှေ့ဘက် ၁ မိုင်ခန့်အကွာ လမ်းဘေးတွင် စုပုံထားပြီး၊ ထိုနေရာမှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ထရပ်ကားဖြင့် တင်ပို့သည်။
မယ်ဆိုင်အခြေစိုက် ထိုင်းအကောက်ခွန်ဌာန၏ ကိန်းဂဏန်းများအရ မြန်မာဘက်မှ နယ်စပ်ဖြတ်ကျော်ကာ တင်ပို့သည့် မန်းဂနိစ်သတ္တုရိုင်းများသည် အဖိုးတန်ဆုံး စာရင်းဝင်တစ်ခုဖြစ်ပြီး၊ ၂၀၁၉ ခုနှစ်တွင် မန်းဂနိစ်သ္တုရိုင်း အရေအတွက် စုစုပေါင်း ၁၃၅,၆၁၆ တန်ချိန်နှင့် တန်ဖိုး စုစုပေါင်း ဘတ် ၂၀၃.၈ သန်းရှိကြောင်း ဖော်ပြသည်။
မန်းဂနိစ်သတ္တုရိုင်းများကို ထိုင်းနိုင်ငံသို့ တင်ပို့ပြီးနောက် တဖန် ထရပ်ကားကြီးများဖြင့် လျဲမ်ချဘန်း ဆိပ်ကမ်းသို့ တင်ပို့ကြောင်း၊ ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင့်ပို့သည်ဟု SHRF ကဆိုသည်။ အာဏာသိမ်းမှုအပြီး ၂၀၂၁ မေလတွင် မန်းဂနိစ်သတ္တုရိုင်း ၅၇၄ တန် (ဘတ်ငွေ ၁ သန်းခန့်) မြန်မာနိုင်ငံမှ တင်သွင်းခဲ့ပြီး၊ ထိုမေလအတွင်းမှာပင် မန်းဂနိစ်သတ္တုရိုင်း ၅၇၄ တန် (ဘတ်ငွေ ၁.၆ သန်း) ကို တရုတ်သို့ တင်ပို့ကြောင်း ထိုင်းအကောက်ခွံဌာနအဆိုအရ သိရသည်။
တရုတ်ကို တင်ပို့သည့် အက်စ်ဒီယန်နို အမည်ရ ထိုင်းကုမ္ပဏီ ၂ ခုကသည် ထိုင်းနိုင်ငံ ချင်းရိုင်းနှင့် မယ်ဆိုင်တွင် ရုံးဖွင့်ထားသည့်အပြင် မန်းဂနိစ်သတ္တုရိုင်းများကို နိုင်ငံခြားသို့ တင်ပို့ခွင့် လိုင်စင်ရရှိထားကြောင်း SHRF ကဆိုသည်။
“(ဝ) အမည် တရုတ်စီးပွားရေးသမားကနေတဆင့် မိုင်းလင်းဘက်ကို တင်ပို့တယ်ဆိုတာ ကြားတော့ကြားတယ်။ ဒါပေမဲ့ တိကျတဲ့အချက်အလက်တွေတော့ မရသေးဘူး” ဟု SHRF မှ စိုင်းဟော်ရှဲန်က ပြောသည်။
သဘာဝ ပတ်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူကတော့ မြန်မာနိုင်ငံသည် သယံဇာတ ကျိန်စာသင့်နေကြောင်း သျှမ်းသံတော်ဆင့်ကို မှတ်ချက်ပေးသည်။
“မြန်မာပြည်ကတော့ သယံဇာတကျိန်စာသင့်နေတာ။ သစ်တွေကုန်သွားတာတောင် သတ္တုတွေကျန်နေ သေးတယ်။ ကြောက်ခမန်းလိလိပါပဲ” ဟု သဘာဝ ပတ်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူက သျှမ်းသံတော်ဆင့်ကို မှတ်ချက်ပေးသည်။
မြန်မာနိုင်ငံသည် အမျိုးမျိုးသော သဘာဝသယံဇာတများ ထွက်ရှိသည့်နိုင်ငံ ဖြစ်သော်လည်း လောဘသားတို့၏ မျက်စီကျရာ ရတနာနိုင်ငံဟုယူဆပြီး သယံဇာတများကို စည်းမဲ့ကမ်းမဲ့ ထုတ်ယူနေသေးသရွှေ့ ပြည်သူများသည် သဘာဝဘေးဒဏ်ကို ခါးစည်းခံရဦးမည်သာ။
“ရှေ့ဆက်ပြီး အစိုးရမရှိ၊ ဥပဒေမရှိတဲ့ တိုင်းပြည်ဖြစ်နေတော့ ပိုဆိုးတာပေါ့” ဟု နန်းအွတ် တစ်ယောက် အနာဂတ်အတွက် တွေးဝေပြီး ပြောဆိုလာသည်။