ကလေးမြို့ထောင်ထဲက လွတ်ရက်စေ့ အိန္ဒိယနိုင်ငံသားများ ထောင်ပိုင်များကို လာဘ်မထိုးနိုင်၍ ဆက်လက်ထိန်းသိမ်းခံနေရ

ကလေးမြို့ထောင်ထဲက လွတ်ရက်စေ့ အိန္ဒိယနိုင်ငံသားများ ထောင်ပိုင်များကို လာဘ်မထိုးနိုင်၍ ဆက်လက်ထိန်းသိမ်းခံနေရ

စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ထဲတွင် အကျဉ်းကျခံနေသော အိန္ဒိယနိုင်ငံသားတစ်ချို့သည် လွတ်ရက်စေ့ပြီဖြစ်သော်လည်း ထောင်အာဏာပိုင်များနှင့် အခြားအရာရှိများကို လာဘ်မထိုးနိုင်ခြင်းကြောင့် ယနေ့ချိန်ထိ မလွတ်မြောက်နိုင်ဘဲ အကျဉ်းသားအဖြစ် ဆက်လက်ထိန်းသိမ်းခံနေရသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

“သူတို့တွေက သနားစရာတော့ကောင်းတယ်။ ထောင်ဝင်စာပေးမယ့်လူလည်း မရှိဆိုတော့  တချို့ဆိုရင် ၂၀၂၁ ကတည်းက ပြစ်ဒဏ်စေ့သော်လည်း အခုထိ အချုပ်သားအနေနဲ့ထားတယ်။ သူတို့မှာ စားစရာဆိုရင်လည်း အတော်ခက်ခဲနေကြတယ်။ နေရပ်ပြန်ပို့ပေးဖို့ ထောင်ပိုင်ဆီတင်ပြတယ်။ ထောင်ပိုင်ကလည်း မင်းတို့ကို  လ.ဝ.က က မပို့ရဲဘူး၊ လမ်းကြောင်းပိတ်တယ်၊ လမ်းကြောင်းမကောင်းဘူး၊ မင်းတို့ကိစ္စက လ.ဝ.က နဲ့ ဆိုင်တယ်၊ အဲ့လိုပဲ လွှဲချနေတာ။ သူတို့တင်ပြတာလည်း မနည်းတော့ဘူး၊ ပြန်ပို့ဖို့ တင်ပြကြတာ တကယ်တော့ ဒီလို လ.ဝ.က လွှဲချတဲ့တဖက်မှာ ငွေကြေးတတ်နိုင်တဲ့ သူ (၅) ယောက်လောက်ကပဲ ထောင်ပိုင်နှင့် အခြားအရာရှိတွေကို လာဘ်ထိုးပြီး အချိုဆိုရင် သိန်း (၂၀) သိန်း (၃၀) ပေးပြီး၊ လမ်းစရိတ် ကိုယ့်ဟာကိုယ်စိုက်ပြီး လွတ်တဲ့သူလည်းရှိတယ်၊ ဒါကြောင့် လာဘ်မထိုးနိုင်ရင်တော့ လွတ်ရက်စေ့လည်း မလွတ်တော့ဘူး” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

ကလေးအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် နိုင်ငံခြား အကျဉ်းသား၊ အကျဉ်းသူများကို အကျဉ်းထောင်တွင် အလွယ်ခေါ် လ.ဝ.က အကျဉ်းသားများဟု နာမည်တပ်‌ ခေါ်ဆိုလေ့ရှိပြီး ပြစ်ဒဏ်လွတ်ရက်စေ့ပြီဖြစ်သော်လည်း အချုပ်သားအနေဖြင့် ဆက်လက်ထားရှိခြင်းကြောင့် စားဝတ်နေရေးအခက်အခဲများ ကြုံနေရပြီး အာဟာရချို့တဲ့ ကျန်းမာရေးထိခိုက်ကာ သေဆုံးမှုများလည်းရှိသည်ဟု ဆက်ပြောသည်။

“သူတို့ အစားအသောက် ခက်ခဲလွန်းတော့ ထောင်ပိုင်ကြီးဆီ တင်ပြကြတယ်၊ တောင်းခံကြတယ်။ ဒါပေမယ့် အဆင်ပြေအောင် မလုပ်ပေးဘူး၊  ၂၀၂၃ တုန်းက လွတ်လူတယောက် အာဟာရမရှိ၊ ကျန်းမာရေးကလည်း ဆိုးရင်းဆိုးရင်း သေသွားရှာတယ်၊ အဲ့ဒီမှာ ထူးဆန်းတာက သေမှပဲ ချက်ချင်း သူ့ရွာဆီ ပို့ပေးတယ်၊ အဲ့ဒါလည်း သူတို့လုပ်ပေးတာ မဟုတ်ဘူး။ သေတဲ့သူက ခရစ်ယာန်ဆိုတော့ အပြင်က ခရစ်ယာန်အသင်းတော်နဲ့ ချိတ်ဆက်ပြီး ပို့တာပါ။ အခုလည်း လ.ဝ.က ထဲကပဲ တယောက်ကလည်း အာဟာရချိုတဲ့ပြီး ဆေးရုံပြန်တင်နေရတာ၊ တယောက်ထပ်တိုးတယ်ဆိုတော့ ဒီက လ.ဝ.က တွေအတွက်တော့ အတော်လေး စိုးရိမ်စရာကောင်းနေတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူက ပြောသည်။

ကလေးအကျဉ်းဦးစီးဌာန အကျဉ်းထောင်တွင် လ.ဝ.က အကျဉ်းသားဟု ခေါ်ဆိုသော နိုင်ငံခြားသားမှုဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသူ အကျဉ်းသားစုစုပေါင်း (၁၈) ဦးရှိပြီး ၎င်းတို့ထဲတွင် ပြစ်ဒဏ်မှ လွတ်ရက်စေ့ အကျဉ်းသား ၁၀ ဦးရှိသည်ဟု သိရသည်။

၎င်းတို့ကို အချုပ်သားအနေဖြင့် ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားပြီး အမျိုးသမီး (၁) ဦး ပါဝင်ကြောင်း သိရသည်။

ကလေးအကျဉ်းထောင်တွင် အကျဉ်းထောင်အာဏာပိုင်များ လာဘ်စားမှု၊ အကျဉ်းသားများအပေါ် ဖိနှိပ်ချုပ်ချယ်မှု၊ မတရားသဖြင့် အကျဉ်းသား၊ အကျဉ်းသူများအပေါ် ငွေကြေးကောက်ခံမှုများရှိနေသည်ဟု သိရသည်။

အကျဉ်းဦးစီးစာရင်းအရ ကလေးအကျဉ်းထောင်တွင် အကျဉ်းသား စုစုပေါင်း လူဦးရေ ၁,၄၀၀ ကျော်ရှိပြီး ယင်းအနက် နိုင်ငံရေးအကျဉ်းသား ၄၅၀ ခန့်ရှိသည်ဟု သိရသည်။

Most read this week

January 15, 2025
အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာ နယ်စပ်အကြား လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR စနစ်...
December 23, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ကန်ပက်လက်မြို့ကို ချင်းတော်လှန်ရေးအင်အားစုများက...
December 20, 2024
ချင်းညီနောင်စစ်ဆင်ရေးများအဖြစ် ဖော်ဆောင်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့များတွင်...