ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်မြို့နယ်၊ ဥသျှစ်ပင်မြို့မှ ဒေသခံများကို စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ပေါ်တာဆွဲကာ ရခိုင်နှင့် ပဲခူးအစပ် ရိုးပေါ်ရှိ တိုက်ပွဲရှိသည့်နေရာများသို့ လက်နက်ခဲယမ်းတချို့နှင့် စားနပ်ရိက္ခာများ ပို့ခိုင်းနေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်၊ တောင်ကုတ်နှင့် ပဲခူးတိုင်းကိုဆက်သွယ်ထားသည့် ရိုးပေါ်ရှိ ချင်းကုန်းနှင့် ညောင်ကျိုးအောက်ဖက်ရှိတိုက်ပွဲများနှင့် စစ်ကူတက်သည့်စစ်ကြောင်းများကို လက်နက်နှင့် စားနပ်ရိက္ခာပို့ရန် ဥသျှစ်ပင်ဒေသခံများအား ပေါ်တာဆွဲအသုံးပြုနေသည်ဟု ဥသျှစ်ပင်ဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။
"အရင်လတွေတုန်းက ဥသျှစ်ပင်မြို့က ပြည်သူပိုင်ကားတွေကို ချောဆွဲအသုံးပြုတယ်။ အခု လူတွေကို အသုံးပြုတယ်။ ကားနဲ့မပို့ခိုင်းဘူး။ စစ်ကောင်စီက မြို့ထဲကိုဝင်တယ်။ လူ ၁၀ ယောက်ဆို ၁၀ ယောက် ပေါ်တာဆွဲခေါ်လာတယ်။ ပြီးရင် ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) နဲ့ ညောင်ခြေထောက်ကနေတဆင့် တိုက်ပွဲရှိတဲ့နေရာတွေကို ကျောပိုးအိတ်နဲ့ စားစရာတွေ လက်နက်ခဲယမ်းတချို့ပို့ခိုင်းတယ်။ စစ်ကောင်စီဖက်ကလည်း ဦးဆောင်ပြီးပါတာပေါ့။ လမ်းညွှန်သဘော" ဟု ပြောသည်။
ဒေသခံများအားအသုံးပြုရခြင်းမှာ ရိက္ခာပို့ရာတွင် အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးတပ်ဖွဲ့၏ လက်နက်ပစ်ခတ်ခြင်း၊ ကြားဖြတ်တိုက်ခိုက်ခံရလျှင် လူသားဒိုင်းကာအဖြစ် အသုံးပြုလိုသည့် ရည်ရွယ်ချက်ဖြင့် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ပြည်သူများအား တိုက်ပွဲတွင် အသုံးပြုနေခြင်းဖြစ်သည်ဟု စစ်ရေးအခြေအနေကို သိရှိသူ ရခိုင်ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ကားနဲ့ပို့ရင်လည်း ဖြတ်တိုက်ခံရတယ်လေ။ လူတွေကို အသုံးပြုပြီးပို့တော့ ဒေသခံလူတွေကို မြင်နေရင် တော်လှန်ရေးတပ်ဖွဲ့တွေက မပစ်မှန်း၊ မလုပ်မှန်းသိလို့။ ပစ်ရင်လည်း ဒေသခံတွေ ထိရင်ခံပေါ့။ အဲဒီလိုသဘောမျိုး အသုံးချနေတာ" ဟု ပြောသည်။
ဥသျှစ်ပင်မြို့ရှိ ဒေသခံများကို ပေါ်တာဆွဲသည့်လုပ်ရပ်ကို အလှည့်ကျဖြင့် ဆွဲနေခြင်းဖြစ်ပြီး ခိုင်းပြီးလျှင် ပြန်လွှတ်ပေးကြောင်း ဒေသခံများက ပြောသည်။
ဥသျှစ်ပင်မြို့ခံအများစုမှာ ပြည်မြို့နှင့် ရန်ကုန်ဖက်ကို စစ်ဘေးရှောင်သွားကြပြီး အခြေခံလက်လုပ်လက်စားတချို့သာ ကျန်ရှိတော့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ နောက်ဆုံးအပတ်က ဥသျှစ်ပင်မြို့ရှိ ကားအရေအတွက်နှင့် ကားရှိသည့်နေအိမ်များကို စစ်ကောင်စီတပ်က စာရင်းကောက်ပြီး စစ်တပ်ထောက်ပို့လမ်းကြောင်းများတွင်လည်း စစ်ကားများထက် အရပ်သားကားများကို ချောဆွဲအသုံးပြုခဲ့ကြောင်း သိရသည်။
လက်ရှိ ရခိုင်-ပဲခူး အစပ် ရိုးပေါ်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို AA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ဆက်လက်တိုက်ခိုက်နေ၍ တိုက်ပွဲများ ဆက်ရှိနေသေးသည်ဟု သိရသည်။
စစ်ကောင်စီက ထပ်ပို့သည့် စစ်ကူစစ်ကြောင်းများမှာလည်း ကြားဖြတ်တိုက်ခိုက်ခံနေရသဖြင့် တိုက်ပွဲပြင်းနေကြောင်း သိရသည်။