မွန်လူငယ်တွေ စစ်မှုထမ်းဥပဒေကို ဘယ်လို ရှောင်ရှားနေကြသလဲ

မွန်လူငယ်တွေ စစ်မှုထမ်းဥပဒေကို ဘယ်လို ရှောင်ရှားနေကြသလဲ

စစ်ရေးအရ အဘက်ဘက်က အရေးနိမ့်လာသည့် စစ်ကောင်စီတပ်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေမည့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မွန်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြား စစ်မှုထမ်း အသက်အကျုံးဝင်သူများကို အတင်းအဓမ္မ စစ်မှုထမ်းသင်တန်း တက်စေသည့်အပြင် လူငယ်များကို ပစ်မှတ်ထား၍ မတရားဖမ်းဆီးပြီး စစ်သင်တန်း ပိုးတာ၊ ပြည်ပထွက်ခွာခွင့် ကန့်သတ်ပိတ်ပင်တာကို ဆက်တိုက် လုပ်ဆောင်လာခဲ့သည်။

စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများစု နီးစပ်ရာ နိုင်ငံသို့ တိမ်းရှောင်သွားကြသလို တော်လှန်ရေး နယ်မြေသို့ ရောက်ရှိသွားသည့် လူငယ်များလည်း ရှိနေကြောင်း မွန်လူငယ်တစ်ဦးက ပြောသည်။

“အများစုက နိုင်ငံခြားထွက်ကြတယ်။ တချို့ကြတော့ တော်လှန်ရေး နယ်မြေထဲ ရောက်သွားပြီးတော့ တော်လှန်ရေးတပ်ကို ဝင်ရောက်သွားတာ ရှိတယ်၊ တချို့ကြတော့ ပိုက်ဆံရှိတဲ့သူကြတော့ ပိုက်ဆံပေးလိုက်တယ်ပေါ့နော်။ အဲဒီလိုတော့ ရှိတယ်” ဟု ပြောသည်။

၂၀၂၄ ခုနှစ် ဧပြီလတွင် စတင်ခဲ့သည့် စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) တွင် တနိုင်ငံလုံး သင်တန်းသား ၅၀၀၀ ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

မွန်ပြည်နယ်တွင် အပတ်စဉ် (၁) စစ်မှုထမ်းသင်တန်းကို မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) နှင့် သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာ အခြေစိုက် တကက-၄ တွင် အယောက် ၂၀၀ ဖြင့် စတင်ခဲ့ကြောင်း ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ၏ ၂၀၂၄ ဇွန်လ ၁၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံတွင် ကျောင်းတက်နေသည့် မွန်လူငယ်တစ်ဦးက စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် တပ်သားသစ် စုဆောင်းမှုများ ပြုလုပ်လာခြင်းကြောင့် နေရပ်မပြန်ဖြစ်တော့ကြောင်း ပြောသည်။

“ကျနော်အနေနဲ့က ဒီအာဏာစစသိမ်းချင်းကတည်းက ၂၀၂၁ ကတည်းက ဒီထိုင်းမှာ ကျောင်းတက် နေပါတယ်။ အဲဒီတုန်းက စစ်မှုထမ်းဥပဒေ မဖြစ်ပေါ်လာသေးဘူး။ မထုတ်ပြန်လာသေးဘူးပေါ့နော်။ ပြီးတော့ စစ်မှုထမ်းဥပဒေ ထုတ်ပြီးရင်လည်း ကျနော်က ဒီမှာပဲ ရှိနေတာပေါ့နော်၊ မနှစ်ကတော့ ရွာပြန်ဖို့တော့ လုပ်သေးတယ် ဒါပေမဲ့ ဒီစစ်မှုထမ်း ဥပဒေကြောင့် တပ်သားသစ်တွေ စုဆောင်းနေတယ်ဆိုပြီး ကျနော်က သတင်းကြားလို့တော့ မပြန်ဖြစ်ဘူးပေါ့နော်။ ဒါကြောင့် အခု စစ်မှုထမ်းဥပဒေကို ရှောင်ရှားတဲ့အနေနဲ့ ကျနော် အခု ဒီထိုင်းမှာပဲ ဆက်ရှိနေပါတယ်” ဟု ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားများ၊ အသက် ၁၈ နှစ်မှ ၂၇ နှစ်အရွယ် အမျိုးသမီးများအပြင် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက် ကျွမ်းကျင်သူများမှာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အရွယ်အထိ အမျိုးသား၊ ၁၈ နှစ်မှ ၃၅ နှစ်အထိ အမျိုးသမီးများ စစ်မှုထမ်းရမည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် တစ်တိုင်းပြည်လုံးက လူငယ်များနှင့်အတူ မွန်လူထုတစ်ရပ်လုံးလည်း လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံရကြောင်း၊ စိုးရိမ်မှုများဖြင့် နေထိုင်ကြရပြီး မွန်ပြည်တော်လှန်ရေ တပ် (MSRF) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

“အခြေခံ လူ့အခွင့်အရေးတွေဖြစ်တဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်နယ်အတွင်းမှာ လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ သွားလာပိုင်ခွင့် မရှိတော့တဲ့ အခြေအနေတွေ ရောက်နေတယ်၊ မနက်ဖြန်ပဲ ဖမ်းခံရမလား၊ လမ်းထိပ် ကွမ်းယာထွက်ဝယ်ရင်းနဲ့ စစ်တပ်က ဆွဲခြင်းကို ခံရပြီးတော့ စစ်မှုထမ်းရမလားဆိုတဲ့ အခြေအနေကို ရောက်နေတဲ့အတွက်ကြောင့် စိုးရိမ်ကြောင်းကြားမှုတွေနဲ့ လွတ်လပ်စွာ နေထိုင်ခွင့် မရှိဘူးလို့ ကျနော်အနေနဲ့ ထပ်လောင်းပြောချင်ပါတယ်ခင်ဗျ” ဟု ပြောသည်။

လက်ရှိတွင် လူငယ်များကို နိုင်ငံခြား ထွက်ခွာခွင့် ကန့်သတ်ထားသလို နယ်စပ်မှတဆင့် တရားမဝင် သွားရောက်သည့် လူငယ်များကို ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းသည့် ဖြစ်စဉ်များလည်း ရှိနေသည်ဟု သိရသည်။

မွန်လူငယ်များအနေဖြင့် စစ်ကောင်စီ သက်ဆိုးရှည်စေမည့် စစ်မှုထမ်းအမိန့်များကို မလိုက်နာဘဲ ကန့်ကွက်ပြီး ရှောင်ကြဉ်ကြရန် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ စစ်ဦးစီးချုပ် ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။

“စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး မွန်လူငယ်တွေကို တိုက်တွန်းချင်တာက ယခု တစ်တိုင်းပြည်လုံးအနှံ့ စကစမှ နိုင်ငံရေး ဆုံးရှုံးမှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတယ်။ ဒီဆုံးရှုံးမှုတွေ၊ စစ်ရေး အကျပ်အတည်းတွေကနေ ထွက်မြောက်နိုင်ဖို့ ကြိုးစားမှုတစ်ခုအနေနဲ့ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား ယောကျာ်းလူငယ်တွေ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်ကြား အမျိုးသမီးလူငယ်တွေကို စစ်တပ်ထဲ အတင်းသွပ်သွင်းတယ်။ ဒါကြောင့်မို့ စကစရဲ့ အသက်ရှုပေါက်တစ်ခုဖြစ်တဲ့ နောက်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမဲ့ ဒီစစ်မှုထမ်း အမိန့်တွေကို မလိုက်နာဘဲ ဆန့်ကျင် ကန့်ကွက်ပြီး စစ်မှုထမ်းမှုကနေ ရှောင်ကြဉ်ကြဖို့ လူငယ်တွေကို တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

လက်ရှိ စစ်ကောင်စီက ပြဌာန်းအကောင်အထည်ဖော်နေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် အပတ်စဉ် (၁၁) အထိ ရောက်ရှိလာပြီ ဖြစ်သည်။

လက်ရှိတွင် မွန်လူငယ်များက စစ်မှုထမ်းဥပဒေကို ရှောင်ရှားရာတွင် အများစုက ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံသို့ သွားရောက်တိမ်းရှောင်ကြသလို မွန်တော်လှန်ရေးတပ်ဖွဲ့များထံ သွားရောက်ပူးပေါင်းမှု၊ ငွေကြေးပေးဆောင်ကာ စစ်မှုထမ်းဥပဒေကို ရှောင်ရှားမှုများလည်းရှိနေကြောင်း သိရသည်။

Most read this week

March 25, 2025
ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် အင်တာနက်...
March 24, 2025
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs တို့ ထိန်းချုပ်ထားသည့်ဒေသနှင့်...
March 21, 2025
မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်ရှိ စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင် ဝန်ထမ်းများသည်...
March 19, 2025
စစ်ကောင်စီမှ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး တားဆီးပိတ်ပင်နေမှုနှင့် စက်သုံးဆီဈေးနှုန်း...