စစ်ကောင်စီမှ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး တားဆီးပိတ်ပင်နေမှုနှင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် သင်္ကြန်ရက်နှင့် နီးကပ်လာချိန်တွင် မွန်ဒေသအတွင်း စားသောက်ကုန်ဈေးနှုန်းတို့ ထပ်မံမြင့်တက်နေကြောင်း အိမ်ရှင်မတို့မှတစ်ဆင့် သိရသည်။
လက်ရှိ ဈေးကွက်အတွင်း၌ ဆန်ကြမ်း ၁၂ ပြည်ကို ၆၅၀၀၀ကျပ်၊ ထိုင်းထုတ်ဆီ တစ်လီတာကို ၈၅၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿကို ၅၀၀၀ ကျပ်၊ အထုပ် ၃၀ ပါ ကော်ဖီမစ်တစ်ထုပ်ကို ၂၈၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ယခင် ဖေဖော်ဝါရီလကဈေးနှုန်းထက် ၂ ထောင်နီးပါးအထိ ဈေးနှုန်းမြင့်တက်လာနေကြောင်း ဆိုသည်။
ထို့အတူ သင်္ကြန်ကာလအနီးတွင် ကုန်ပစ္စည်း အရောင်းဝယ် ပိုသွက်နေသဖြင့် ကုန်ရောင်းဝယ်နေသူတို့မှ ဈေးမြှင့်တင်ရောင်းချသည့် အခြေအနေတို့လည်းရှိနေပြီး လက်လုပ်လက်စားလူတန်စားတို့အတွက် စားဝတ်နေရေး ပိုမိုခက်ခဲလာနေသည်။
သံဖြူဇရပ်မှ အိမ်ရှင်မတစ်ဦးက “မီးသွေးရောင်းရာကနေ ရတဲ့ပိုက်ဆံတွေကိုတော့ ဆန်ဝယ်တာလောက်ပဲ တတ်နိုင်တယ်။ ကျန်တဲ့ ဆီ ဆားတွေကကျတော့ ချွေသာသုံးကြမှ အဆင်ပြေကြမယ်။ ငရုတ်သီးတစ်ပိဿာ ၂ သောင်းခွဲ၊ ကြက်သွန်နီတစ်ပိဿ ၅ ထောင်တဲ့ တစ်ခါမှမကြားဖူးတဲ့ဈေးတွေ။ သင်္ကြန်နဲ့နီးလေ ကုန်ဈေးနှန်းတွေက တက်လေပဲ” ဟု ဆိုသည်။
ထို့အပြင် သင်္ကြန်ရက်ရောက်သည်အထိ ထိုင်းနိုင်ငံထုတ် မုန့်ပဲသရေစာနှင့် အချိုရည်နှင့် သင်္ကြန်ရက်အတွင်း အသုံးများသည့် ကုန်ပစ္စည်းတို့ အတက်ဘက်သာရှိနေမည်ဟုလည်း ကုန်းပစ္စည်းရောင်းဝယ်နေသူတို့မှ သိရသည်။
ကုလသမဂ္ဂပညာရှင်တို့၏ သုံးသပ်ချက်အရသည်လည်း စစ်ကောင်စီ၏ တားဆီးပိတ်ဆို့မှု၊ ပြင်းထန်လာသည့် ရာသီဥတုအခြေနေကြောင့် မြန်မာနိုင်ငံတွင် ဆန်၊ ဆီ၊ ဆားနှင့် ပဲအပါဝင် အဓိကအားထားရသည့် ရိက္ခာဈေးနှုန်းတို့က လက်ရှိ ကုန်ဈေးနှုန်း၏ ၃၀ ရာခိုင်နှုန်းအထိ ထပ်မံမြင့်တက်လာနိုင်ချေရှိသည်ဟု ခန့်မှန်းပြောဆိုထားသည်။
လက်ရှိတွင်လည်း လအလိုက်နှင့်မြင့်တက်နေသည့် စားသောက်ကုန်ဈေးနှုန်းတို့ကြောင့် ပူပြင်းသည့် နွေရာသီတွင်လည်း မွန်ဒေသခံတို့ ရော်ဘာလုပ်ငန်း ဆက်လက်လုပ်ကိုင်နေရဆဲဖြစ်ကြောင်းကို မုဒုံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ဆိုသည်။
“သူများတွေက ရော်ဘာလုပ်ငန်းကို ရပ်နားကြကုန်ပြီး။ ကျွန်မတိုတွေက အခုအထိ ရော်ဘာခြစ်နေတုန်းပါပဲ။ ဒီအတိုင်း အပေါ်ယံလောက်ပဲကြည့်ရင်တော့ ရော်ဘာ ၂ ထောင်ဈေးလောက်ရနေတာက ဈေးကောင်းရနေတယ်လို့ ပြောနိုင်တာပေါ့။ ဒါပေမဲ့ ဟင်းသီဟင်းရွက်တွေကအစ အကုန်လုံး ဈေးတက်နေတော့ တစ်နေ့တာအတွက် လောက်ငှမှုရှိအောင်တော့ အခက်ခဲနဲ့ စီမံရတုန်းပါပဲ” ဟု ဆိုသည်။
စစ်တပ်အာဏာမသိမ်းမှီကာလတွင် အခြေခံလူတန်းစားတို့ တစ်ရက်ဝင်ငွေ ၅ ထောင်ကျပ်ဖြင့် စားဝတ်နေရေး လောက်ငှမှုရှိသော်လည်း လက်ရှိတွင် တစ်ရက်ဝင်ငွေ ၂ သောင်းဝန်ကျင်ရှိမှသာ မိသားစုစားဝတ်နေရေး လောက်ငှရှိနေကြောင်း ဆိုသည်။
လာမည့်နွေတွင် ရေရှားပါးသည့်ပြဿနာနှင့် ရင်ဆိုင်ဖွယ်ရှိသည့်အတွက် ရေကအစ ဝယ်ယူသုံးစွဲနိုင်ဖွယ်ရှိသည့်အတွက် ပြည်သူတို့၏ နေ့စဉ် စားဝတ်နေရေးအခြေနေကို ပိုမိုကြပ်တည်းစေမည့်အပြင် သောက်သုံးရေမသန့်ရှင်းမှုကြောင့် လက်လုပ်လက်စားရပ်ကွက်တို့တွင် နှစ်စဥ် ကျန်းမာရေးပြဿနာနှင့် ရင်ဆိုင်နေရသည်။
ပြည်တွင်းကုန်ဈေးနှုန်းတို့ လက်ရှိအတိုင်းသာ ဆက်တက်မည်ဆိုရင် အခြေခံလူတန်းစားတို့၏ စားဝတ်နေရေး စိုးရိမ်ပူပန်ဖွယ်ဖြစ်လာမည်ဟုလည်း စီးပွားရေးသုံးသပ်သူအချို့က ဆိုကြသည်။
ကုန်ဈေးနှုန်း မြင့်တက်လာနေခြင်း၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့် ဒေသခံများအကြား ခိုးဆိုးလုယက်မှုအခြေနေက သေနတ်ကိုင်ဆောင်ပြီး လူမြင်ကွင်းမှာပါမကျန် ရာဇဝတ်မှုများ ကျုးလွန်လာနေသည်။
ထို့အပြင် ယခုရက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၇ သိန်းကျော် စံချိန်တင်မြင့်တက်နေပြီး ထိုင်းဘတ်ငွေလဲနှုန်းသည်လည်း ကျပ်ငွေတစ်သိန်းကို ၇၇၅ ဘတ်သာ ပေါက်ဈေးရှိကြောင်း သိရသည်။