အောင်ဇေယျစစ်ကြောင်းများ မြေမြှုပ်မိုင်းထောင်ထားခဲ့သဖြင့် ဒေသခံများ မိုင်းသတိပြုရန် KNLA ပူးပေါင်းတပ် သတိပေး

အောင်ဇေယျစစ်ကြောင်းများ မြေမြှုပ်မိုင်းထောင်ထားခဲ့သဖြင့် ဒေသခံများ မိုင်းသတိပြုရန် KNLA ပူးပေါင်းတပ် သတိပေး

ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို ပြန်ထိန်းချုပ်နိုင်ရန် လအတန်ကြာ ထိုးစစ်ဆင်လာသော စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်များ စစ်ကြောင်းလှုပ်ရှား တိုက်ခိုက်ရာ နေရာတိုင်းတွင် မြေမြှုပ်မိုင်း အများအပြား ထောင်ထားသည့်အတွက် မိုင်းသတိထားကြရန် ဒေသခံများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သတိပေးပြောဆိုလိုက်သည်။

လက်ရှိ နေ့စဉ်တိုက်ပွဲဆက်ဖြစ်နေသည့် ကော့ကရိတ်မြို့ပြင်နှင့် အာရှလမ်းသစ်နေရာများဘက်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များသည် အထိနာကျဆုံးမှုများနှင့် လက်နက်ချအညံ့ခံ ပူးပေါင်းမှုတို့ကြောင့် စစ်ကြောင်း နောက်ပြန်ဆုတ်ခဲ့ကြရသည်။

ထိုသို့ ပြန်ဆုတ်ခဲ့ရာ လမ်းတစ်လျှောက်နေရာများတွင် မြေမြှုပ်မိုင်း အများအပြား ထောင်ထားခဲ့သည်ကို တွေ့ရှိရှင်းလင်းနေရသည့်အတွက် မြို့ဝင်/မြို့ထွက်၊ ရွာဝင်/ရွာထွက် တောင်ယာတက်မည့် ဒေသခံများအား မိုင်းသတိရှိရှိဖြင့် သတိထားသွားလာရန် အသိပေးထားကြောင်း KNLA ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “KNLA မဟာမိတ် ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူက စကစက တောင်ပေါ်မှာ ဖြတ်တိုက်ခံရတယ်၊ သေတယ် ထိတယ်။ အရှင်မိတာတွေရှိတယ်။ သူတို့ တပ်လန်ပြီး ပြန်ဆုတ်ရင်လိုက်ပြီး တိုက်မရအောင် မြေမြှုပ်မိုင်းတွေ ထောင်ချန်ခဲ့တယ်။ ဖော်ရတာ အလုံး ရာချီတယ်။ သူတို့ ကတုတ်တို့ တပ်ရင်းတို့ ပတ်ချာလည်မှာလည်း မိုင်းကွင်းတွေ ထောင်ထားတယ်။ ရွာဝင်/ရွာထွက် ရွာသားတွေ ခြံသွားဘာသွားဆို ထိတာရှိတယ်။ ကိုယ့်ဘက်က ရဲဘော်လည်း ထိတာရှိတယ်။ အဲ့တာ သတိထားဖို့‌‌တော့ ပြောရတယ်” ဟု ပြောသည်။

ယခု မတ်လ ၁၅ ရက်နောက်ပိုင်းတွင် စစ်ကောင်စီတပ်များ နောက်တန်းကွပ်ကဲရေးစခန်းချထားသည့် တတန်ကူးရွာ ရွှေကြက်မင်းဘုန်းကြီးကျောင်းနေရာအား KNLA မဟာမိတ်တပ်များ ဝိုင်းပတ်ပိတ်ဆို့ပြီး အနီးကပ် တိုက်ပွဲပြင်းထန်နေဆဲ အခြေအနေဖြစ်‌နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များ ပြောဆိုချက်အရ သိရသည်။

“စကစက မြို့ကိုပတ်ပြီး စစ်ကြောင်းပြန်ပတ်တာမှာ ရန်ကုတ်ကလည်း ပိတ်တိုက်၊ ကော့နွဲကလည်း ပိတ်တိုက်၊ တတန်ကူး ရွှေကြက်မင်းကို ဆင်ကုန်းတို့ ရွာသစ်တို့ကနေလည်း စစ်ကူဖြတ်ဝင်လို့မရ ဖြစ်နေတယ်၊ စကစ က ဒရုန်းကြဲတယ်။ စကခ ၁၂ ကနေ ရော့ကက်လက်နက်ကြီး လေးလုံးတွဲတွေပစ်တယ်။  တောင်ပေါ်က ပြန်ဆုတ်တဲ့ အောင်ဇေယျစစ်ကြောင်းလည်း ပစ်ခံထိနေတာကြားမှာ ပိတ်မိနေတယ်” ဟု ကော့ကရိတ် မြောက်ပိုင်းဘက်ရှိ KNLA မဟာမိတ် စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

အလားတူ ကျုံဒိုး၊ ကိုးတိုင်နှင့် တောင်ကြာအင်း လမ်းပိုင်းများဘက်တွင်လည်း စစ်ရေးလှုပ်ရှားနေသော၊ စစ်ကောင်စီတပ်စစ်ကြာင်းများ၊ ကျုံဒိုးအခြေစိုက် စစ်ကောင်စီတပ်ရင်းများ၊ ရဲကင်းကတုတ်၊ စစ်ကင်းကတုတ်များ ပတ်ချာလည်တွင် မြေမြှုပ်မိုင်း၊ တိုက်မိုင်း၊ ပဒေသာမိုင်းများ တပ်ဆင်ထောင်ထားမှုများရှိနေကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သည့် ဒေသခံများပြောဆိုချက်အရ သိရသည်။

March 21, 2025
ကရင်အမျိုးသားအစည်းအရုံး - KNU ထိန်းချုပ်ရာ တပ်မဟာ (၃) နယ်မြေရှိ ရွှေကျင်မြို့နယ်နှင့် တပ်မဟာ (၁...
March 19, 2025
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းရှိ သိန်းခွန်းကျေးရွာအုပ်စုနှင့် ထုံမခါရွာ၊...
March 19, 2025
ရာဂဏန်းအင်အားရှိတဲ့ KIA တပ်သားတွေ (၇-၃-၂၀၂၅) ရက်နေ့ ညနေပိုင်းမှာ ကွတ်ခိုင်မြို့ထဲသို့...
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က KNLA ဗဟိုဌာနချုပ်နေရာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သည့် အသေခံဒရုန်း (ကာမီကာဇေ) အပိုင်းအစများ။ Photo: KIC (ပုံဟောင်း)
March 18, 2025
KNU - ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ (၇) ဌာနချုပ်နေရာသို့ ယနေ့ နံနက်ပိုင်းက ဒရုန်း...