ရိုးမတစ်ဖက်ခြမ်းက AA နှင့် ပူးပေါင်းတပ်တို့၏ စစ်ရေးပစ်မှတ်များ

ရိုးမတစ်ဖက်ခြမ်းက AA နှင့် ပူးပေါင်းတပ်တို့၏ စစ်ရေးပစ်မှတ်များ

ရခိုင်ပြည်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်တို့သည် စစ်ကောင်စီ၏ ကာကင်းစခန်း၊ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လာမှုနှင့်အတူ တိုက်ပွဲများနယ်မြေများ တိုးချဲ့လာနေသည်။

၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စသည့် AA နှင့် ပူးပေါင်းတပ်တို့၏ ထိုးစစ်များသည် ယခုအခါ မကွေးတိုင်း ငဖဲမြို့နယ်၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ ဧရာဝတီတိုင်းရှိ ပုသိမ်၊ သာပေါင်း၊ ရေကြည်၊ လေးမျက်နှာမြို့နယ်တို့အထိ တိုက်ပွဲဖော်ဆောင်လာနေသည်။

ငဖဲမြို့နယ်၊ (နတ်ရေကန်စခန်းအနီး)၊ ပန်းတောင်းမြို့နယ် (ညောင်ကျိုးရွာအနီး)၊ သာပေါင်း အခြေစိုက် ခမရ (၃၀၈) တပ်ရင်းအနီး၊ ရေကြည်မြို့အနီးရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းနှင့် လေးမျက်နှာမြို့နယ် (ချင်းလယ်၊ စောပြာ၊ ဆင်ကနီခုံရွာအနီး) တို့ရှိ စစ်ကောင်စီ တပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

လက်ရှိတွင် AA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်များသည် မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်သည့် အဆင့်တွင်သာ ရှိနေသေးကြောင်း စစ်ရေးလေ့လာသူများက ဆိုကြသည်။

“ဒီတိုင်း ၃ တိုင်းမှာဆိုရင် ထိုးဖောက်ဝင်ရောက်နိုင်တဲ့ အဆင့်လို့ပဲ ပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုရင် တပ်ရင်း၊ ဌာချုပ်တွေကို သိမ်းပိုက်ထားနိုင်တာ မရှိသေးဘူး။ ကာကင်းကုန်းတွေ၊ စခန်းတွေနဲ့ပဲ တိုက်ခိုက်နေတာဆိုတော့ AA ထိုးစစ်က အခုမှ စပြီး ထိုးဖောက်ဝင်ရောက်ပြီး အပြင်းအထန်ကြိုးစားနေတဲ့ အနေအထားလို့ ပြောရမှာ ဖြစ်ပါတယ်” CDM ဗိုလ်ကြီး ဇင်ယော်က ရူမြင်သည်။

မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတို့တွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်း(ကပစ) စက်ရုံများ အခြေစိုက်ထားဖြင့် စစ်ရေးအရများစွာ အရေးပါသည့်အပြင် ပူးပေါင်းတပ်တို့၏ထိုးစစ်သည် စစ်ကောင်စီအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။

စစ်ကောင်စီကလည်း ၎င်းတို့၏ တပ်စခန်းများ မကျဆုံးရေးအတွက် မြေပြင်ပစ်ကူအပြင် ဒရုန်း၊ ဂျက်တိုက် လေယာဉ်တို့ဖြင့် အပြင်းအထန်ခုခံနေသည့်အပြင် စစ်အင်အားများလည်း ဆက်တိုက်ဖြည့်တင်းနေသည်။

လက်ရှိ တိုင်း ၃ တိုင်းတွင် ဆင်နွှဲနေသည့် တိုက်ပွဲများအတွင်း စစ်ရေးအောင်မြင်ရေးအတွက် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် လူထု၏အားမှာ အရေးကြီးကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

“တော်လှန်ရေးအင်အားစုတွေရဲ့ အခန်းကဏ္ဍက အဓိကတော့ AA မှာ စီမံချက် ကောင်းတယ်။ ပြီးရင် လက်နက်ခဲယမ်း အင်အားရှိတယ်။ စစ်ရဲ့သဘောက မြေကိုပိုင်မှ စစ်နိုင်တာဆိုတဲ့ သဘောပေါ့။ အဲတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ ပါဝင်တိုက်ခိုက်တဲ့ စွမ်းအားက မြေပြင်အရေးသာမှုက အဓိကပဲ။ မြေပြင်အရေးသာမှုက ဒေသခံကာကွယ်ရေးတပ်ဖွဲ့၊ ဒေသခံ လူထုတွေရဲ့ အားက လုံးဝအရေးကြီးပါတယ်” ဟု ၎င်းက ဆိုသည်။

AA ဦးဆောင်သည့် တိုင်း ၃ တိုင်း စစ်ဆင်ရေးတွင် ကျောင်းသားလက်ရုံး တပ်တော် (SAF)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA)၊ ချင်းကာကွယ်ရေးတပ် - အရှို (CDF – Asho)၊ ပြည်သူ့လွတ်လပ်ရေး တပ်တော် (PIA)၊ PRA -Magway စသည့် တော်လှန်ရေးတပ်ဖွဲ့များအပြင် အခြားနယ်မြေခံ PDF တပ်ဖွဲ့များ ပါဝင်သည်။

အဆိုပါတပ်ဖွဲ့များသည် နယ်မြေဒေသအလိုက် စစ်ကောင်စီ၏ စစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်စခန်းများကို AA နှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

“ကျနော်တို့ဟာ နိုင်ငံရေးစစ်ရေးအရ တချို့ကိစ္စတွေကို အများကြီး ထုတ်ပြတာ မရှိပေမယ့် ကျနော်တို့ ကြားထဲမှာ (AA နဲ့) ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထားပြီးတော့ ရေရှည်စစ်ကို ဆင်နွဲတဲ့အခါမှာလည်း တကယ့်ကို ခိုင်မာတဲ့ မဟာမိတ်တွေအဖြစ်နဲ့ဆက်ပြီး တိုက်ပွဲဝင်သွားဖို့ ရှိပါတယ်” ဟု SAF ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်ကို က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း DMG နှင့် သီးသန့်အင်တာဗျုးတွင် ဖြေကြားထားသည်။

SAF သည် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး ရခိုင်ဒေသတွင် အခြေစိုက်သည်။

လက်ရှိတွင် တော်လှန်ရေးအင်အားစုများသည် AA ၏ စစ်ရေး အတွေ့အကြုံ၊ နည်းဗျူဟာနှင့် စစ်စွမ်းရည်များကို ပူးပေါင်းထိုးစစ်များမှ လက်ဆင့်ကမ်းရရှိနိုင်၍ စစ်ရေးအရ တိုက်ခိုက်စွမ်းရည်များ ပို၍ကောင်းလာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

AA နှင့် ပူးပေါင်းတပ်တို့၏ စစ်ဆင်ရေးသည် မြန်မာပြည် အလယ်ပိုင်းအတွင်းသို့ ထိုးဖောက်လာခြင်းမှာ စစ်ကောင်စီ ပြိုလဲရေးအတွက် အရေးပါကြောင့် စစ်ရေးနိုင်ငံရေးလေ့လာသူများက ဆိုကြသည်။

မြန်မာပြည် အလယ်ပိုင်း ဒေသသည် စစ်ကောင်စီ ခေါင်းဆောင်များ ရုံးစိုက်သည့်ဒေသဖြစ်ပြီး တော်လှန်ရေး အင်အားစုများလည်း တစစ ထိုးဖောက်လာခြင်းကြောင့် တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း ပြောဆိုကြသည်။

“AA အနေနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းထိ ဝင်တိုက်မယ်လို့ ကျနော် မထင်ပါဘူး။ လက်ရှိ AA နဲ့ ပေါင်းတိုက်နေတဲ့ နယ်မြေခံ တပ်တွေကပဲ အဓိက တိုက်ရလိမ့်မယ်။ AA ကတော့ လက်နက်ခဲယမ်းနဲ့ နည်းစနစ်ပိုင်း ကူညီကောင်း ကူညီမှာပါ” ဟု ထိုင်းနိုင်ငံအတွင်း ပဋိပက္ခနှင့် ငြိမ်းချမ်းရေး ဘာသာရပ်လေ့လာနေသူ တစ်ဦးက သုံးသပ်သည်။

ရခိုင်အစပ်ရှိ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတို့တွင် AA က တိုက်ပွဲဖော်ဆောင်နေခြင်းမှာ ရခိုင်က ထိန်းချုပ်မြို့နယ်များကို စစ်ကောင်စီ ပြန်လည်ထိုးစစ် မဆင်နိုင်စေရန်နှင့် စစ်အာဏာရှင် ပြုတ်ကျရေးတို့အတွက် ပူးပေါင်းတိုက်ခိုက်နေခြင်းဟု စစ်ရေးလေ့လာသူများက သုံးသပ်ထားကြသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စသည့် ရခိုင်တိုက်ပွဲတစ်နှစ်ကျော်အတွင်း AA သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

လက်ရှိတွင် ရခိုင်ရှိ လက်ကျန် မာန်အောင်မှ လွဲ၍ စစ်တွေ၊ ကျောက်ဖြူမြို့နယ်နှင့် မကွေး၊ ပဲခူး၊ ဧရာဝတီတို့တွင် ပူးပေါင်းတပ်များနှင့်အတူ စစ်မျက်နှာဖွင့်နေခြင်း ဖြစ်သည်။

Most read this week

March 21, 2025
ပုံစာ - ကျောက်ဖြူမြိုနယ် မဒေးကျွန်းရှိ တရုတ်စီမံကိန်းကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်။...
March 14, 2025
ပုံအညွှန်း - ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
ဒရုန်း လေ့ကျင့်ရေးလုပ်နေကြသည့် စစ်ကောင်စီတပ်ဖွဲဝင်များ။
March 13, 2025
ရခိုင်ပြည် မြို့တော်စစ်တွေနှင့် တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့နယ်တွင်...
March 12, 2025
၂၀၂၁ ခုနှစ်တွင် USAID နှင့် UNICEF တို့ ပူးပေါင်းပြီး ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ အသိပညာပေး...