မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်ရှိ စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင် ဝန်ထမ်းများသည် အကျင့်ပျက်ခြစားမှု ပိုမိုဆိုးရွားလာနေသည်ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ထုတ်ပြန်သည်။
ကျိုက်မရောအကျဉ်းထောင်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ထောင်အာဏာပိုင် ဝန်ထမ်းများသည် မိသားစုများမှ ပေးပို့လာသည့် အကျဉ်းသားများ၏ အပ်ငွေအပေါ် တစ်သိန်းအပ်ငွေပေးလျှင် နှစ်သောင်းဖြတ်ယူပြီး သုံးသိန်းအပ်လျှင် ခြောက်သောင်းအထိ ဖြတ်ယူသည့် ခေါင်းပုံဖြတ် အမြတ်ကြီးစားခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။
၎င်းပြင် Wave Money Password နှင့် ID နံပါတ်ယူပြီး ငွေထုတ်ပေးစဉ်အချိန်က ကျပ်တစ်သိန်းလျှင် သုံးသောင်း ဖြတ်တောက်ခဲ့သည်အထိ မတရားရယူမှု လုပ်ဆောင်နေသည်ဟုလည်း WOPP က ထုတ်ပြန်ထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စားဝတ်နေရေးအတွက် ခက်ခဲရုန်းကန်နေကြရသည့် ကာလတွင် နိုင်ငံရေးအကျဉ်းသားများသည် မိသားစုဝင်များ၏ ချွေးနည်းစာဖြင့် ပေးပို့လာသည့် ငွေကိုပင် စားသောက်ရေးအတွက် အပြည့်အဝ သုံးစွဲခွင့်မရ ဖြစ်နေကြသည်ဟု WOPP မှ ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်းက ပြောသည်။
“ကျိုက်မရောအကျဉ်းထောင်တင် မဟုတ်ပါဘူး။ အကျဉ်းထောင်အသီးသီးမှာရှိတဲ့ ထောင် (၄၄) ထောင်ဝန်းကျင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ပိုပြီး ဖိနှိပ်ချုပ်ချယ်ခံနေကြရတယ်။ ပြီးတော့ ထောင်အာဏာပိုင်ဝန်ထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှုမျိုးတွေလည်း ခံနေတဲ့အနေအထား ရှိတယ်။ အခုလိုမျိုး ပြည်တွင်းမှာ ကုန်ဈေးနှုန်း မြင့်တက်နေတဲ့ အနေအထားအရဆိုရင် မိသားစုဝင်တွေက ထောင်ဝင်စာ ပို့တော့မယ်ဆိုရင်တောင်မှ ခရီးစရိတ်တွေ အထဲက အကျဉ်းသူ၊ အကျဉ်းသားတွေ စားဝတ်နေရေးအတွက်ကိုပါ ရုန်းကန်နေကြတယ်ပေါ့။ အဲဒီအတွက် ခက်ခဲကြတယ်ပေါ့နော်။ အဲလိုမျိုး ဖြစ်နေတာတောင်မှ ကြာကနေ ဖြတ်တောက်ပြီးမှ အကျဉ်းသူတွေ အကျဉ်းသားတွေဆီကို ရောက်တယ်ပေါ့နော်။ ထောင်ဈေးမှာလည်း အပြင်ဈေးထက် ဈေးနှစ်ဆမတန် တင်ထားတာ ကြားသိရတယ်။ ဒါကြောင့် အထဲမှာ ရှိနေတဲ့ အကျဉ်းသားတွေက စားဝတ်နေရေးရော၊ ရပ်တည်ရေးကအစ အရမ်းကိုမှ ခက်ခဲဖြစ်နေကြတယ်” ဟု ပြောသည်။
ကျိုက်မရောအကျဉ်းထောင်မှ အကျင့်ပျက်ဝန်ထမ်းများကို စိစစ်အရေးယူပေးရန် နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က တောင်းဆို ထုတ်ပြန်ထားသည်။
ထောင်ဝန်ထမ်းများ အကျင့်ပျက်ချစားမှု ဆက်လက်ကျူးလွန်နေပါက နိုင်ငံရေးအကျဉ်းသူများအဖွဲ့အနေဖြင့် ယင်းကိစ္စ ရပ်တန့်နိုင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဟုလည်း အသိပေးထုတ်ပြန်ထားသည်။
“သူတို့အနေနဲ့ ပြည်သူရဲ့ဘဏ္ဍာငွေ အခွန်ငွေတွေနဲ့ တရားဝင်လစာတွေ ယူထားတာဖြစ်တဲ့အတွက် ပြည်သူဝန်ထမ်းတွေ ဖြစ်တယ်။ ဒီလိုမျိုး ပြည်သူ့ဝန်ထမ်းတွေက အကျဉ်းထောင်အသီးသီးမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ပြည်သူတွေပဲ ဖြစ်တယ်။ ပြည်သူတွေဆီက ဒီလိုမျိုး အမြတ်ကြီးစား ပြီးတော့ ခေါင်းပုံဖြတ်မှုတွေ ရပ်တန့်ကရပ်ဖို့တော့ ပြောချင်တယ်။ သူတို့ရဲ့ လုပ်ရပ်က အားနည်းနေတဲ့ သူ၊ အပ်တစ်ချောင်းတောင်မှ ကိုင်ပိုင်ခွင့်မရှိတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေကို ဒီလိုမျိုး လုပ်ဆောင်နေတာကိုတော့ ဆက်ပြီးတော့ မလုပ်ဆောင်ဖို့၊ ရှုတ်လည်းရှုတ်ချပါတယ်” ဟု မဇူးဇူးမေယွန်းက ဆက်ပြောသည်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က နိုင်ငံရေးအကျဉ်းသူဟောင်း ၇၀ တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး အင်းစိန်၊ ဒိုက်ဦး၊ သာယာဝတီ၊ ရမည်းသင်း၊ မြင်းခြံ၊ ကျိုက်မရော၊ ထားဝယ် စသည့် အကျဉ်းထောင် ၁၀ ခုကို ကူညီဆောင်ရွက်မှုများ လုပ်ဆောင်ပေးနေသည်ဟု အဖွဲ့တာဝန်ရှိတို့ထံမှ သိရသည်။
WOPP ကို အကျဉ်းထောင်အသီးအသီးတွင် အကျဉ်းကျခံနေကြရသည့် နိုင်ငံရေးအကျဉ်းသူများအားလုံး လွတ်မြောက်ရန်၊ မတရားဖမ်းဆီးခံထားရသည့် အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသူများ မိခင်နှင့် ကလေးငယ်တို့၏ စားဝတ်နေရေးနှင့် ကျန်းမားရေးတို့ကို ဝိုင်းဝန်းကူညီပေးရန်၊ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများကို ပညာရေးအပါအဝင် လိုအပ်သည်များကို ကူညီစောင့်ရှောက်ပေးရန်အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းသည်ဟု ဆိုသည်။