WFP ရဲ့ စားနပ်ရိက္ခာထောက်ပံ့ငွေ ရပ်ဆိုင်းတော့မှာ ဖြစ်တာကြောင့် အင်ပေါင်စစ်ရှောင်တွေ စားဝတ်နေရေး စိုးရိမ်နေရ

WFP ရဲ့ စားနပ်ရိက္ခာထောက်ပံ့ငွေ ရပ်ဆိုင်းတော့မှာ ဖြစ်တာကြောင့် အင်ပေါင်စစ်ရှောင်တွေ စားဝတ်နေရေး စိုးရိမ်နေရ

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကနေ လာမယ့် ဧပြီလကစပြီး စားနပ်ရိက္ခာထောက်ပံ့ငွေ ရပ်ဆိုင်းတော့မှာဖြစ်တာကြောင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အင်ပေါင်စစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ စစ်ရှောင်တွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ရတော့မယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

အခုလိုကာလမှာ စစ်ရှောင်စခန်းကနေ တခြားနေရာဒေသတွေကိုသွားပြီး အလုပ်လုပ်ကိုင်ဖို့ လုံခြုံရေးစိုးရိမ်နေရသလို စခန်းအနီးတစ်ဝိုက်မှာလည်း အလုပ်အကိုင် ရှားပါးနေတယ်လို့ အင်ပေါင်စစ်ရှောင်စခန်း တာဝန်ခံက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"အနည်းနဲ့အများ စိတ်မကောင်းဖြစ်ကြရတယ်။ ဒါပေမဲ့ ဘယ်တတ်နိုင်မှာလဲ။ အသင်းသားတွေ အားလုံးကိုတော့ အမှုတော်ဆောင်တွေအနေနဲ့ နားလည်အောင်ပြောတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမယ်။ ကိုယ့်တတ်နိုင်တဲ့အလုပ်ကို ကောင်းစွာကြိုးစားလုပ်ဆောင်ကြဖို့ပေါ့။ ဦးဆောင်တဲ့သူတွေကလည်း အလှူရှင်တွေကိုရှာမယ်" လို့ တာဝန်ခံက ဆိုပါတယ်။

 လုံးဝမတတ်နိုင်တဲ့ အခြေအနေရောက်လာရင်တော့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဆီ တတ်နိုင်သလောက် အကူအညီတောင်းခံသွားမယ်လို့လည်း ဆိုပါတယ်။

WFP ကနေ မတ်လအတွက် စားနပ်ရိက္ခာစရိတ် ထောက်ပံ့ငွေတွေကို လာရောက်ထောက်ပံ့ချိန်မှာ နောက်ထပ်နိုင်ငံတကာက အလှူငွေတွေ ရောက်မလာခင်အချိန်အထိ ဆက်လက် မထောက်ပံ့နိုင်တော့ဘူးလို့ ပြောကြားခဲ့ကြောင်း တာဝန်ခံက ဆက်လက်ပြောပါတယ်။

နိုင်ငံရေးအခြေအနေနဲ့ ရန်ပုံငွေအခြေအနေကြောင့် ဇန်နဝါရီလအတွက်မပါဘဲ ဖေဖော်ဝါရီလနဲ့ မတ်လအတွက်ဆိုပြီး အသက် ၃ နှစ်အထက်ရှိသူတွေကို တစ်ယောက် ၈၄,၀၀၀ ကျပ်စီ၊ ၂ နှစ်အောက်ကလေးတွေအတွက်က ၃ လစာဆိုပြီး တစ်ယောက်ကို ၉၀,၀၀၀ ကျပ်စီကို မတ်လ ၁၅ ရက်နေ့မှာ နောက်ဆုံးလာရောက်ထောက်ပံ့ခဲ့တာပါ။

"တစ်ခုရှိတာက စစ်ရှောင်စခန်းမှာ လူအရမ်းများပြီး ကလေးတွေအရမ်းများလို့ အရမ်းခက်ခဲတဲ့ သူတွေကိုတော့ ရွေးချယ်ပြီးတော့ လာကူညီမယ်လို့ ပြောတယ်" လို့ တာဝန်ခံက ဆိုပါတယ်။

 တချို့စစ်ရှောင်ပြည်သူတွေကတော့ ကလေးတွေကို စစ်ရှောင်စခန်းမှာထားခဲ့ပြီး သတ္တုလုပ်ကွက်ရှိတဲ့ ဒေသတွေနဲ့ ရွှေမှော်လိုဒေသတွေမှာ အမျိုးသားတွေက ကျင်းသားလုပ်ပြီး အမျိုးသမီးတွေက ဈေးရောင်းတဲ့အလုပ်တွေကို သွားရောက်လုပ်ကိုင်တော့မယ်လို့လည်း ပြောဆိုနေကြပါတယ်။

 စစ်သားစုဆောင်းတာတွေကို စိုးရိမ်ပေမဲ့ တခြားအလုပ်အကိုင်တွေလည်း မရှိတဲ့အတွက် ဒီအလုပ်ကသာ မိသားစုရှင်သန်ရပ်တည်နိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်တာကြောင့် ရွေးချယ်ရတော့မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 စစ်ရှောင်စခန်းမှာ နေထိုင်နေကြတဲ့ ပြည်သူတွေဟာ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့နဲ့ မေလ ၁၈ ရက်နေက ဖြစ်ပွားတဲ့ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ပွဲကြောင့် စန်းကားကျေးရွာကနေ တိမ်းရှောင်ခဲ့ကြရတဲ့ သူတွေ ဖြစ်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှာ ရန်ပုံငွေမလုံလောက်တာကြောင့်လာမယ့် ဧပြီလကစပြီး မြန်မာနိုင်ငံအတွင်းက လူဦးရေတစ်သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့တွေ ရပ်ဆိုင်းရတော့မယ်လို့ မတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

 အဲဒါကြောင့် ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ အခြားစစ်ရှောင်စခန်းတွေက ပြည်သူတွေလည်း လာမယ့်ဧပြီလကစပြီး WFP က လစဉ်ထောက်ပံ့ပေးတဲ့ စားနပ်ရိက္ခာထောက်ပံ့ငွေတွေကို ရရှိတော့မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

Most read this week

March 10, 2025
ပါတီစုံဒီမိုကရေစီစနစ်လိုချင်ရင် ကဏ္ဍကောစ (ကလန်ကဆန်) မလုပ်ကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်...
ပုံဟောင်းဖြစ်ပါသည်။
March 6, 2025
မြစ်ကြီးနား-မြစ်ဆုံလမ်း တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ်သားအင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားနေတာ...
March 4, 2025
အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်မပို့ကြဖို့...