အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့ရှိ ဆာဂျီဝါးအကျဥ်းထောင်တွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများထဲမှ အမျိုးသမီးနဲ့ကလေး ၂၇ယောက် ပြန်လည်လွတ်မြောက်လာကြောင်း India for Myanmar ထံမှ သိရသည်။
၂၀၂၂ ခုနှစ်ကတည်းက မဏိပူရပြည်နယ်၊ လန်မ်ကားမြို့တွင် နိုင်ငံခြားသား၊ အထောက်အထားမဲ့ တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးအကျဉ်းချခံခဲ့ရသော အမျိုးသမီး အယောက် ၂၀ နှင့် ကလေး ၇ ယောက်တို့သည် မတ်လ ၂၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။
မကြသေးခင်ရက်ပိုင်းက မဏိပိုရ်အကျဉ်းထောင်အတွင်း မြန်မာအမျိုးသား ဦးအောင်မြင့်၊ ရောဂါဖြင့် သေဆုံးခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ၎င်းဖြစ်ရပ်သည် အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီဘဲ လူ့အခွင့်အရေးကို အကြီးအကျယ် ထိပါးနေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံ မြန်မာနိုင်ငံသားများ အမြန်ဆုံးလွှတ်ပေးရန် မတ်လ ၂၀ ရက်နေ့တွင် India for Myanmar က မြန်မာအဖွဲ့အစည်းပေါင်း ၁၆၀ နှင့်အတူ အိန္ဒိယဗဟိုအစိုးရထံ တောင်းဆိုမှု ပြုလုပ်ခဲ့သည်။
“ကျွန်တော်တို့ တောင်းဆိုချက်ကို တုန့်ပြန်ချက်တစ်ခုလည်း ဖြစ်တယ်။ ဒါတွေမကပါဘူး၊ အခု သူတို့လွှတ်ပေးထားတဲ့ အမျိုးသမီးနဲ့ ကလေး ၂၇ ဦးက လွှတ်ပေးသင့်တာကြာပြီ။ အဲတာတောင်မှ သူတို့လွှတ်သင့်တဲ့အချိန် မလွှတ်ဘဲနဲ့ အခုမှ လွှတ်ပေးတဲ့သဘောပါ။ နောက် ထောင်ထဲမှာ သေဆူံးမှုတွေလည်း ရှိလာတဲ့အခါမှာ သူတို့ ဖမ်းဆီးခံတဲ့သူတွေအပေါ်မှာ ပိုပြီးတော့မှ အလေးထားဆောင်ရွက်တဲ့ ပုံစံမျိုးဖြစ်ပါတယ်” ဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။
လွတ်မြောက်လာသူ မြန်မာနိုင်ငံသား ၂၇ ဦးသည် မကွေးနှင့် စစ်ကိုင်းတိုင်းထဲမှ ဗမာလူမျိုးနှင့် ချင်းလူမျိုးများဖြစ်ကြောင်း သိရပြီး အိန္ဒိယအစိုးရအနေဖြင့် မြန်မာဘက်ကို တတိယအကြိမ်မြောက် လွှဲပြောင်းပေးခြင်းဖြစ်သည်။
ယခင်က မဏိပူရထောင်မှ လွတ်မြောက်လာသူများကို စစ်ကောင်စီက တမူးမြို့တွင်ထားရှိပြီး မိသားစုဝင်များ၏ အာမခံချက်ဖြင့် နေရပ်ပြန်နိုင်ခဲ့ကြသော်လည်း ယခု လွတ်မြောက်လာသော ၂၇ ဦးကို မည်သို့ အိမ်ပြန်ပို့မည်ကို မသိရသေးပေ။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် စစ်ဘေးရှောင်များကို မဏိပူရအာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုဖြင့် ဖမ်းဆီးအကျဉ်းချခဲ့ပြီး လွှတ်ရက်စေ့ပြီဖြစ်သော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိသည့်အပြင် ၎င်းတို့၏ အသက်အာမခံချက်မရှိဘဲ စစ်ကောင်စီထံ လွှဲပြောင်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။