စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား ကူညီကယ်ဆယ်ခွင့် နည်းပါးလာသည်ဟု အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေသူများက ပြောသည်။
ရောင်းစားခံရသူများမှာ ကချင်အမျိုးသမီးအများစုအပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားမှဖြစ်ကြပြီး တရုတ်မယားအဖြစ် ရောင်းစားခံရခြင်း၊ တရားမဝင် အွန်လိုင်း လောင်းကစားဂိမ်းများတွင် ဖိအားပေး စေခိုင်းခံရခြင်းများ ကြုံတွေ့နေကြရသည်။
ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ပြောရေးဆိုခွင့်ရှိသူ ဆန်ထွယ်က “သူတို့က နိုင်ငံရေးအရရော စစ်ရေးအရရော အရမ်းခက်ခဲတဲ့ ကိုယ့်ရဲ့ဒေသမှာ တခြားနေရာမှာ ကိုယ်နဲ့နီးစပ်တဲ့ နယ်စပ်မှာ အလုပ်လုပ်ဖို့အတွက်က များသောအားဖြင့် သူငယ်ချင်းတို့ မိတ်ဆွေတို့ ကိုယ့်ရဲ့ အမျိုးတွေတို့ အဲ့လိုမျိုး ခေါ်ရင်းနဲ့ အလုပ်ရှိတယ်ဆိုတဲ့ အောက်မှာပဲ သူတို့က ထွက်လာရင်းနဲ့ တဖက်ကမ်းရောက်တာနဲ့ ရောင်းစားခံရတဲ့အခြေအနေ ပိုများပါတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံသို့ တရားမဝင် ရောင်းစားခံရသည့် အမျိုးသမီးများအား ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကူညီကယ်ဆယ်ခွင့် နည်းပါးလာသည့်အပြင် စာရင်းပြုစုရန်၊ အချက်အလက်ရယူရန်လည်း ပိုမိုခက်ခဲလာသည်ဟု အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသူများက ပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကာလများတွင် နယ်စပ်ဂိတ်များအား တရုတ်ဖက်မှ ပိတ်ထားခြင်း၊ အမျိုးသမီးအဖွဲ့အစည်းများမှာ ပေါ်ပေါ်တင်တင် လှုပ်ရှား၍မရခြင်း၊ ကူညီပေးသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း နယ်မြေအခြေအနေအရ လှုပ်ရှားရန် မလွယ်ကူတော့ခြင်းများ ရင်ဆိုင်နေရသည်ဟု ဆိုကြသည်။
ထို့ကြောင့် တရုတ်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြသူများမှာ ငွေကြေးအမြောက်အများ ရမည်ဟုဆိုကာ မက်လုံးပေးခံရပြီးနောက် တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးခံနေရသည်ဟု ဆန်ထွယ်က ရှင်းပြသည်။
“တကယ်တမ်း ရောင်းစားခံရဖို့ သွားတာတော့ မဟုတ်ဘူးပေါ့။ ဟိုရောက်မှ မလွဲမရှောင်သာ အမျိုးသားက အလုပ်ရှိတယ်ဆိုပြီး ခေါ်သွားရင်းနဲ့ပဲ မယားဖြစ်တာတို့၊ မယားလုပ်ရမှာတို့ အဲ့လိုတွေ ပြောရင်းနဲ့ပဲ လူကုန်ကူးတဲ့သူတွေဆီ ရောက်သွားတာပေါ့”
ရောင်းစားခံရသည့် အမျိုးသမီးများမှာ လှောင်ပိတ်ခံရခြင်း၊ အဓမ္မ လိင်ဆက်ဆံခံရခြင်း၊ ရိုက်နှက်ခံရခြင်းများ ကြုံတွေ့နေရပြီး ထိုအရာများအား ဆန့်ကျင်သူများကိုလည်း နည်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်လေ့ရှိသည်ဟု ထွက်ပြေးလွတ်မြောက်လာသူများက ပြောသည်။
တရုတ်နိုင်ငံတွင် အမျိုးသမီးတစ်ဦးကို တရားမဝင်ပေါက်ဈေး ယွမ် တစ်သောင်းမှ ၅ သောင်းအထိ ပေး၍ ဝယ်ယူကြပြီး ဝေးလံခေါင်ဖျားသည့် ဟဲနန် (Henan) နှင့် စန်းတုန်း (Shandog) ပြည်နယ်များသို့ ခေါ်သွားကြ သည်ဟု ဆိုသည်။
အမျိုးသမီးများ လူကုန်ကူးခံရမှုများ ပပျောက်စေရန်အတွက် နိုင်ငံရေး တည်ငြိမ်မှုရှိရန်၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရန်၊ ထိုက်သင့်သည့် လုပ်ခလစာများ ရရှိရန် လိုအပ်သည်ဟု ဆန်ထွယ်က ဆက်လက်ပြောဆိုသည်။
“အမျိုးသမီးတွေကို လူကုန်ကူးနေတဲ့ကိစ္စ လျှော့ချနိုင်ဖို့အတွက်ဆိုရင် ကျမတို့ရဲ့ မြန်မာနိုင်ငံရေး အပြောင်းအလဲကလည်း အများကြီး အရေးကြီးတယ်။ စစ်ပဋိပက္ခတွေ တောက်လျှောက်ဖြစ်နေတဲ့ နယ်မြေ မတည်ငြိမ်မှုအောက်မှာ လုပ်ကိုင်စားသောက်ရတဲ့ အမျိုးသမီးတွေအတွက်က လုံခြုံမှုမရှိတဲ့အတွက်ကြောင့်မို့လို့ ကိုယ်က တခြားနေရာကိုသွားပြီး ရှာစားရတဲ့အခြေအနေမှာ၊ တွန်းပို့လာတဲ့အချိန်မှာ ဒီအမျိုးသမီးတွေအတွက်က vulnerable ဖြစ်လာတယ်ပေါ့နော်။ ဆိုတော့ သူတို့အတွက်က ဒီလိုမျိုးဖြစ်ဖို့ များလာတဲ့ပုံစံတွေ ဖြစ်နေတယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက်၊ စစ်ရှောင်တွေအတွက် ကူညီပံ့ပိုးမှုတွေ အများကြီး လိုအပ်နေတာကိုလည်း ဖြည့်စွက်ပြီး ပြောချင်ပါတယ်”
အလားတူ တရုတ်နိုင်ငံ၌သာမက ပြည်တွင်းရှိ ရှမ်းမြောက်ဒေသ၊ ရှမ်းအရှေ့ပိုင်းရှိ တာချီလိတ်မြို့နှင့် ထိုင်း - မြန်မာ နယ်စပ် မြဝတီဘက်ခြမ်းရှိ တရားမဝင် အွန်လိုင်း ငွေလိမ်ဂိုဏ်းများဆီသို့လည်း အမျိုးသမီးများ ရောင်းချခံနေမှုများလည်း ရှိနေသည်။
ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) Kachin Women Association Thailand (KWAT) ၏ စာရင်းအရ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အဆိုပါ တရားမဝင် အွန်လိုင်း ငွေလိမ်ဂိုဏ်းများမှ ထွက်ပြေးလွတ်မြောက်လာသူ ၁၈၇ ဦးရှိသည်ဟု သိရသည်။