ရခိုင်တွင် အရပ်ဘက်နေရာများကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲမှုများ တိုးမြှင့်လုပ်ဆောင်လာပြီးနောက်ပိုင်းတွင် အာရက္ခတပ်တော် (AA) က လက်တုံ့ပြန် တိုက်ခိုက်လာမည်ကို စိုးရိမ်၍ စစ်ကောင်စီ ထိန်းချုပ်ထားသည့် နောက်ဆုံး လက်ကျန် မြို့ ၃ မြို့ဖြစ်ကြသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့တွင် လုံခြုံရေးတိုးမြှင့်ပြီး စစ်အင်အားတိုးချနေကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များအရ သိရသည်။
စစ်ကောင်စီ စစ်တွေမြို့တွင် လုံခြုံရေးကို ယခင်ကထက် တိုးမြှင့်ထားပြီး စစ်ဆေးမှုများကိုလည်း ယခုရက်ပိုင်းတွင် ပိုမိုပြုလုပ်လာကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
“သူတို့က မြို့အဝင်/အထွက်ကို အရင်ကထက် တင်းကြပ်ထားတယ်။ ရပ်ကွက်တခုကနေ တစ်ခုသွားတာတောင် လမ်းတိုင်းမှာ လုံခြုံရေးအပြည့်ပဲ။ အစစ်အဆေးလည်းကြမ်းတယ်" ဟု ပြောသည်။
မြို့ပေါ်မီးပွိုင့်လမ်းဆုံနှင့် ရပ်ကွက်တချို့တွင် မွတ်ဆလင်စစ်သားများအပါအဝင် စစ်ကောင်စီနှင့် ရဲတို့လည်း နေရာအနှံ့အပြားတွင် လုံခြုံရေးယူထားကြောင်း မြို့ခံများက ပြောသည်။
နောက်ထပ် စစ်တွေဒေသခံတစ်ဦးက “လက်ရှိ စစ်တွေမြို့ ပတ်ပတ်လည် ရေပြင်မှာလည်း နေဗီ အများအပြားကို အရင်ကတည်းက ဖြန့်ကျက်ချထားတာရှိတယ်။ အခုတော့ စစ်မှုထမ်း စစ်သားသစ်တွေကို စစ်ရေယာဉ်တွေနဲ့ ထပ်ပို့လာတယ်။ စစ်ရေးလှုပ်ရှားမှုက အရင်ထက် ပိုလုပ်လာတယ်။ သူတို့လည်း စစ်ဖြစ်လာနိုင်တယ်လို့ ယူဆထားပြီး စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတာတွေ့နေရတယ်” ဟု ပြောသည်။
စစ်ကောင်စီသည် စစ်တွေမြို့တွင် မွတ်ဆလင် ပြည်သူ့စစ်သင်တန်းဆင်များဖြင့် အားဖြည့်ထားပြီး ၎င်းမွတ်ဆလင်အရေအတွက်မှာ ထောင်ကျော်ရှိနိုင်သည်ဟုလည်း စစ်ရေးအကဲခတ်များက ခန့်မှန်းထားကြသည်။
“စစ်တွေမြို့ပြင် နေရာတော်တော်များ နေရာတွေမှာတော့ အေအေကလည်း ဝင်ရောက်တပ်ဖြန့်ထားပုံ ရပါတယ်။ စစ်တပ်က သူတို့ တပ်ရင်းတွေရှိတဲ့ တပ်နယ်ပတ်ဝန်းကျင်နဲ့ မြို့ထဲလောက်မှာ ရှိကြတာ။ စစ်တပ်က မြို့ပြင်ကို စစ်ကြောင်းထိုးတာနဲ့ အေအေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာတွေရှိသလို လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေလည်း ရှိနေတယ်။ ဒါ့ပြင် စစ်တွေတပ်ရင်းတွေကနေ ရသေ့တောင်၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးကို မကြာခဏ ပြုလုပ်နေတာကို တွေ့နေတယ်” ဟု ဆိုသည်။
ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်တွေမြို့တို့တွင် စစ်ကောင်စီက နေဗီ၊ စစ် ရေယာဉ်များဖြင့် ရန်ကုန်ဘက်က (၄၅) ရက် သင်တန်းဆင်း စစ်မှုထမ်း သင်တန်းသစ်များကို ပို့ဆောင်ကာ အင်အားဖြည့်တင်းလျက်ရှိသည်ဟု မာန်အောင်ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။
"စစ်ကောင်စီက မာန်အောင်မြို့ကိုကျတော့ နေဗီတွေကို အင်အားဖြည့်တယ်။ မြို့ပေါ်မှာလည်း ရေကြောင်းကနေ သင်တန်းဆင်း တပ်သားသစ်တွေနဲ့ တပ်အင်အားတွေ ဖြည့်တယ်။နောက်ထပ် စစ်ကောင်စီ နေဗီတွေ ရှိနေသေးတာက AA သိမ်းထားတဲ့ သံတွဲတို့ ဂွတို့၊ မြေပုံတို့၊ ကျောက်နီမော်ဖက်ရဲ့ ရေပြင်မှာရှိသေးတယ်။ သူတို့ကတော့ ကုန်းပေါ်မှာ အင်အားဖြည့်လို့မရတော့ပေမယ့် နေဗီမှာ အင်အား အပြည့်ဖြည့်ထားတယ်" ဟု ပြောသည်။
မကွေးနှင့် ဧရာဝတီမှ စစ်သင်တန်းဆင်များကို ဟိုင်းကြီးကျွန်း၊ ကိုကိုးကျွန်းမှတဆင့် စစ်သင်္ဘောနေဗီများဖြင့် ရခိုင်ဖက်ကို ပို့ဆောင်ပေးခြင်းများရှိသော်လည်း ယခုအခါ ယခင်ကဲ့သို့ စစ်ကူ အများအပြား ပို့ဆောင်နိုင်ခြင်း မရှိတော့ကြောင်း ရခိုင်စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။
"ဟိုင်းကြီးကျွန်းနဲ့ ကိုကိုးကျွန်းက စစ်ရေယာဉ်တွေက ရခိုင်ပင်လယ်ပြင်ကို အားလုံးနီးပါး ရောက်နေတယ်လို့ ပြောလို့ရတယ်။ အင်အားဖြည့်တာကတော့ နေ့တိုင်းဖြည့်နေတာပါဘဲ။ ဒါပေမယ့် အလုံးအရင်းတော့ မဖြည့်နိုင်ဘူး။ ခုလိုဖြည့်ရာမှာ ရေကြောင်းကို အဓိကသုံးပြီး ဖြည့်နေကြတာလို့သိရတယ်" ဟု ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီမှ အင်အားထပ်မံဖြည့်တင်းနေခြင်းမှာ စစ်ကောင်စီမှ ပင်လယ်ပြင်နှင့်နီးစပ်သည့် မြို့နယ်များကို ပြန်လည်ထိုးစစ်ဆင်ရန် ဖြစ်နိုင်သည်ဟု သုံးသပ်မှုများရှိနေသော်လည်း လောလောဆယ်တွင် ယင်းအစီအစဉ်မှာ မဖြစ်နိုင်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
"စစ်ကောင်စီက ခြေလျင်ကို အသုံးပြုလို့မရတော့ဘူး။ ဒါကြောင့် ရေကြောင်းကို အဓိထားပြီး အင်အားဖြည့်လာတယ်။ ပင်လယ်ပြင်နဲ့ ဆက်စပ်တဲ့မြို့တွေကို ပြန်လို့ ထိုးစစ်ဆင်ချင်တဲ့ပုံပေါက်တယ်။ ဂွတို့ သံတွဲ မောင်တောတွေက တကယ့် စီးပွားရေးအရ အရေးပါတဲ့ မြို့ဖြစ်တယ်လေ။ ဒါပေမယ့် လောလောဆယ် လုပ်ရဲမှာတော့ မဟုတ်ဘူး" ဟု ပြောသည်။
ကျောက်ဖြူတွင်လည်း အင်အားအချို့ဖြည့်တင်းထားပြီး ကျောက်ဖြူမြို့နှင့် ဆက်စပ်နေသည့် ဝင်လမ်း/ထွက်လမ်း နေရာအများအပြားတွင် မိုင်းများထောင်ထားကြောင်း သိရသည်။
ကျောက်ဖြူဒေသခံတစ်ဦးက “အခု ကျောက်ဖြူမြို့ပေါ်မှာ ကင်းလှည့်တာ၊ လုံခြုံရေးယူတာ ရဲတပ်ရင်းက ရဲတွေကိုတွေ့ရတယ်။ စစ်သားတွေက အရင်လို သိပ်မတွေ့ရဘူး။ သူတို့က စခန်းတွေထဲမှာ နေကြတာများတယ်။ ကျောက်ဖြူမြို့မှာတော့ စစ်တပ်အင်အား ရဲတွေအပါအဝင် တစ်ထောင်ကျော်လောက်တော့ ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နှင့် ဗမာပြည်အား ဆက်သွယ်ထားသည့် တောင်ကြားလမ်း ၃ ခုဖြစ်သည့် ဂွ-ဧရာဝတီ၊ အမ်း-မကွေး၊ တောင်ကုတ်-ပြည် စသည့် နေရာများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများလည်း ပြင်းထန်နေကြောင်း သိရသည်။