သျှမ်းပြည်အလယ်ပိုင်း၌ ကျားဖြန့်လုပ်ငန်းကြောင့် ဒေသခံများ ပြသနာမျိုးစုံ ကြုံတွေ့နေကြရ

သျှမ်းပြည်အလယ်ပိုင်း၌ ကျားဖြန့်လုပ်ငန်းကြောင့် ဒေသခံများ ပြသနာမျိုးစုံ ကြုံတွေ့နေကြရ
လဲချားမြို့
လဲချားမြို့

သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှု များပြားလာသည့်အတွက် ဒေသခံများ ပြဿနာမျိုးစုံ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများသည် ပြီးခဲ့သည့် ၂၀၂၄ ခုနစ် အောက်တိုဘာလမှစတင်ကာ လဲချားမြို့နယ် ဝမ်ပန်ကျေးရွာ၊ ဝမ်လေကျေးရွာနှင့် ဝမ်ဟိုင့်ကျေးရွာတို့တွင် အခြေချလာသည်ဟု ဆိုသည်။

ထိုကျားဖြန့်လုပ်ငန်းတို့ကြောင့် ဒေသအတွင်း ကုန်စျေးနှုန်း မြင့်တက်လာခြင်း၊ လူငယ်များနှင့် ဒေသခံများကို လစာများဖြင့် မြူဆွယ်မှုကြောင့် လယ်ယာလုပ်ငန်းအတွက် နေ့စားလုပ်သား ရှားပါးလာခြင်းကို ကြုံတွေ့နေရကြောင်း အသက် ၃၅ နှစ်အရွယ်ရှိ လဲချားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ၌ ကျားဖြန့်လုပ်ငန်းများကို လဲချားမြို့နှင့် ၂၅ မိုင်ကွာဝေးသည့် မန်ပန်ပြည်သူ့စစ် ထိန်းချုပ်ထားသော ကျေးရွာများတွင် ဖွင့်လှစ်ထားသည်ဟု ဒေသခံများက ပြောသည်။

“အခုက ပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ရွာတွေမှာ နေကြတာ။ မနှစ်က အောက်တိုဘာလောက်မှာ စရောက်တယ်။ အခုဆိုရင် ပိုများလာတယ်" ဟု အဆိုပါ လဲချားဒေသခံအမျိုးသားက ဆိုသည်။

ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများသည် ၎င်းတို့လုပ်ငန်းခွင်၌သာ နေထိုင်ရပြီး၊ ထိုလုပ်သားများ စားသောက်ရန်အတွက် လဲချားမြို့ပေါ်သို့ သက်ဆိုင်သူများက စျေးဝယ်ထွက်ကြပြီး ထိုသို့စျေးဝယ်ထွက်လျှင်လည်း ကားတစ်စီးစာဝယ်ပြီး ကုန်စျေးနှုန်းကို ပိုပြီးပေးဆောင်မှုများရှိကြောင်း လဲချားမြို့ခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။

“အဲ့ကျားဖြန့်လုပ်တဲ့သူတွေက စျေးတခါလာဝယ်ရင် ကားတစ်စီးစာဝယ်တယ်။ အများကြီးဝယ်တယ်။ နောက်ပြီး စျေးတွေလည်း ပိုပေးသွားတယ်။ သာမာန်ပြည်သူတွေက သူတို့ပေးသလောက် မပေးနိုင်ဘူးလေ။ ကုန်စျေးနှုန်းကလည်း သူတို့ကြောင့် တက်တယ်လို့တောင် ပြောလို့ရတယ်" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် လဲချားမြို့အတွင်း ဝက်သားတစ်ပိဿာလျှင် မြန်မာကျပ်ငွေ ၄ သောင်းကျပ်၊ မုန်လာထုတ်တစ်လုံးလျှင် ကျပ်ငွေ တစ်ထောင်ဝန်းကျင်ထိ ရှိလာသည်။

ယခင်နှစ် (၂၀၂၄ နိုဝင်ဘာလ) မတိုင်ခင်တွင် ဝက်သားတစ်ပိဿာလျှင် ကျပ်ငွေ တစ်သောင်းရှစ်ထောင်ကျပ်၊ မုန်လာထုတ်တစ်လုံးလျှင် ကျပ်ငွေ ၃၀၀ ခန့်သာရှိကြောင်း သိရသည်။

“ကုန်စျေးနှုန်းက ၁ ဆ တချို့တွေလည်း ၂ ဆ မြင့်လာတယ်။ အသီးအရွက်တွေ ကုန်စိမ်းတို့ ခရမ်းချဉ်သီးတွေ အာလူးတွေက ပိုပြီးဈေးတက်လာတယ်။ အကုန်လုံး ဈေးနှုန်းတွေ တက်နေတာ” ဟု လဲချားမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကျားဖြန့်လုပ်ငန်းသည် အရွယ်မရောက်သေးသည့် ဆယ်ကျော်သက်လူငယ်များနှင့် အသက် ၂၀ အရွယ် လူငယ်များကိုပါ ခေါ်ယူနေသည်ဟု ဒေသခံတို့က ဆိုသည်။

ထို့အပြင် ပန်းရံ၊ ကင်းစောင့်သူ၊ ယာဉ်မောင်း၊ ဟင်းချက်ပေးသည့်သူများပါ ခေါ်ယူနေပြီး အခြေခံလစာ တစ်လလျှင် ကျပ်ငွေ ၁၀ သိန်းအထက် မက်လုံးပေးပြီး ခေါ်ဆောင်မှုများကြောင့် လဲချားမြို့တွင် နေ့စားလုပ်ကိုင်သူ၊ လယ်ယာလုပ်ကိုင်သူများ ရှားပါးလာကြောင်း အဆိုပါ မြို့ခံအမျိုးသမီးက ပြောသည်။

“အခုက အဲ့ရွာကလူတွေ၊ မြို့ထဲကလူတွေရော အဲ့မှာ အလုပ်သွားလုပ်ကြတယ်။ လူငယ်တွေလည်း အဲ့မှာသွားလုပ် ကြတယ်။ သူတို့က ၁၀ သိန်းအထက်ပေးပြီး ခေါ်တာလေ။ ကင်းစောင့်တာ ပန်ရံလုပ်တာတွေခေါ်တော့ မြို့တွင်းမှာ ကျနော်တို့ လယ်ယာအတွက် အလုပ်သမားလိုက်ရှာတာတောင် ခက်လာတယ်။ အဲ့မှာ သွားလုပ်တာ လည်း အများကြီးရတာကိုး” ဟု ၎င်းက ပြောသည်။

မြန်မာ - တရုတ်နယ်စပ်တွင် ကြီးထွားလာနေသော အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူများကို တိုက်ဖျက်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် “၁၀၂၇ စစ်ဆင်ရေး” ကို သျှမ်းပြည်မြောက်ပိုင်း၌ ပြီးခဲ့သည့်နှစ်တွင် ညီနောင်မဟာမိတ်များက စတင်ခဲ့သည်။

ထိုအချိန်ကာလ အတောအတွင်းမှာပင် မြန်မာ-တရုတ် နယ်စပ်က ကျားဖြန့်လုပ်ကိုင်သူများသည် သျှမ်းပြည်အနှံ့ ပြည်သူ့စစ်နှင့် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများထဲသို့ အခြေချရန် နည်းမျိုးစုံနှင့် လှုပ်ရှားလာခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မြန်မာပြည်၏ မတည်ငြိမ်သည့် နိုင်ငံရေးအခြေအနေကြောင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ ပညာရေးအခွင့်အလမ်းမရှိမှုနှင့် ကုန်စျေးနှုန်း တရိပ်ရိပ်မြင့်တက်နေမှုကို ကျားဖြန့်ဂိုဏ်းက အခွင့်ကောင်းယူကာ ဒေသခံလူငယ်များနှင့် ပြည်သူများကို လစာမက်လုံးပေး မြူဆွယ်နေမှုကြောင့် လူငယ်များအတွက် စိုးရိမ်နေရကြောင်း မိခင်တစ်ဦးက ယခုလို ပြောဆိုသည်။

“ဒီအလုပ်က ဥပဒေနဲ့ မကိုက်ညီတဲ့အလုပ်၊ နောက် လစာကောင်းပေမယ့် ရှေ့ရေးအတွက်မကောင်းဘူး။ အခုခေတ်လူငယ်တွေက ကျောင်းလည်းကောင်းကောင်း မတက်ရ၊ အလုပ်လည်းမရှိတော့ သူတို့ဘဝရှေ့ရေးအတွက် စိုးရိမ်ရတယ်။ အခုဆိုရင် လူငယ်တွေရော မိဘတွေရော အခြားအလုပ်ထက် ဝင်ငွေရမယ့် ဒီအလုပ်ကိုပဲ စိတ်နှစ်သွားမှာကို စိုးရိမ်တယ်” ဟု ၎င်းကဆိုသည်။

ကျားဖြန့်လုပ်ငန်းသို့ သွားရောက်လုပ်ကိုင်မည့် လူငယ်များအတွက် မိဘများကလည်း တားဆီးရန်လိုအပ်ကြောင်း၊ ကျားဖြန့်လုပ်ငန်းသည် အသက်အန္တရာယ်ရှိသည့် လုပ်ငန်းဖြစ်ပြီး ထင်သလောက် ငွေမရနိုင်ကြောင်းကို ပြည်သူများသိရန် လိုအပ်ကြောင်းလည်း ဒေသခံများက ပြောသည်။

လဲချားမြို့နယ်အတွင်း မန်ပန်ပြည်သူ့စစ်အပြင် စစ်ကောင်စီတပ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ လှုပ်ရှားသည့် နယ်မြေလည်းဖြစ်သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့တို့သည် သျှမ်းပြည်မြောက်ပိုင်းတွင် ကျားဖြန့်တိုက်ဖျက်ရေးဆိုသည့် ခေါင်းစဥ်ဖြင့် “၁၀၂၇ စစ်ဆင်ရေး” ကို ဖော်ဆောင်လာခဲ့သော်လည်း လက်ရှိအချိန်ထိ ကျားဖြန့်လုပ်ငန်း ပပျောက်သွားခြင်း မရှိသေးပေ။

ကျားဖြန့်လုပ်ငန်း လက်ရှိချိန်ထိ အမြစ်ပြတ်ချေမှုန်းနိုင်ခြင်း မရှိသေးသည့် အကြောင်းရင်းသည် လက်နက်ကိုင်များ ပါဝင်ပတ်သက်မှု ရှိနေခြင်းဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုကြသည်။

Most read this week

January 6, 2025
စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုသည်...
January 2, 2025
သျှမ်းပြည်၊ လားရှိုးမြို့ပေါ် ရပ်ကွက်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က မီတာခနှင့် အမှိုက်ခွန်များ...
January 2, 2025
မြေကော်ကားတွေနဲ့ ထိုးညှိထားပြီး အတော်အတန်ကျယ်ဝန်းတဲ့ မြေနီနီတောင်ကုန်းတွေပေါ်မှာ...
December 23, 2024
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေကြောင်း...