ဝေါလေဒေသ၊ ကနဲလေးထ စစ်ရှောင်စခန်းမှ စစ်ရှောင်များ ၃ နှစ်ကျော်ကြာအထိ နေရပ်မပြန်နိုင်သေး

ဝေါလေဒေသ၊ ကနဲလေးထ စစ်ရှောင်စခန်းမှ စစ်ရှောင်များ ၃ နှစ်ကျော်ကြာအထိ နေရပ်မပြန်နိုင်သေး

KNU - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသရှိ ကနဲလေးထ ပြည်တွင်းစစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များသည် ၃ နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကုန်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများကြောင့် ကနဲလေးထသို့ စစ်ရှောင်ခဲ့ရခြင်းဖြစ်သည်။

ယခု ၃ နှစ်ကျော် ကြာလာသည်အထိ နေရပ်မပြန်နိုင်သေးသလို ရေရှည်အတွက်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆက်လက်လိုအပ်လျက်ရှိနေသည်ဟု ကနဲလေးကျေးရွာ ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“စစ်ဘေးရှောင်နေရတာ ၃ နှစ်ကျော်ရှိလာပြီ။ အခုချိန်ထိ နေရပ်မပြန်နိုင်သေးဘူး။ နောက်ပြီးတော့ စစ်ဘေးရှောင်နေရသူတွေအတွက် လိုအပ်ချက်တွေရှိလာတယ်။ အခုဆိုရင် အကူညီအထောက်အပံ့တွေ မရတာဆိုရင် တစ်လကျော်ပြီပေါ့နော်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ်ကိုလည်း နိုင်ငံတကာက အလျင်အမြန် အရေးယူပေးဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

အိမ်ခြေ ၁၀၀ ကျော်ရှိ ကနဲလေးထ စစ်ရှောင်စခန်းတွင် ကိုယ်ဝန်ဆောင်များ၊ အမျိုးသမီးများအတွက် ဆေးဝါးလိုအပ်ချက်များရှိသလို စစ်ရှောင်များထဲမှ ရောဂါပြင်းထန်နေသူများကို ဆေးဝါးမလုံလောက်၍ နယ်စပ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနိုင်ရန် လုပ်ဆောင်ပေးနေရခြင်းများလည်းရှိသည်ဟု ၎င်းက ဆက်ပြောသည်။

၎င်းအပြင် စစ်ကောင်စီတပ်ဘက်မှ ကနဲလေးထရွာအနီးသို့ လက်နက်ကြီးပစ်ခတ်မှု မကြာခဏ လုပ်ဆောင်နေသည့်အတွက် စစ်ဘေးရှောင်ဒေသခံများအနေဖြင့် လက်ရှိအချိန်ထိ နေရပ်မပြန်ရဲသေးကြောင်း ကနဲလေးထ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။

စစ်ရှောင်တစ်ဦးက “စစ်တပ်က လက်နက်ကြီးပစ်ခတ်နေတာတွေ ရှိနေတုန်းပဲဆိုတော့ နေရပ်မပြန်ရဲသေးဘူး။ နောက်ပြီးတော့ အမျိုးသားတွေကို ပေါ်တာဆွဲတာတွေလည်း ရှိနေသေးတယ်။ ပြီးတော့ ဆေးဝါး အလုံအလောက်မရှိတော့ တုပ်ကွေးဖြစ်မှာတွေ၊ ဝမ်းလျောရောဂါဖြစ်လာမှာတွေကိုတော့ ကြောက်နေရတာပေါ့” ဟု ပြောသည်။

ထို့အပြင် ကနဲလေးထ စစ်ရှောင်စခန်းတွင် သန့်ရှင်းသော သောက်သုံးရေ မရှိသဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေပြီး ရေသန့်လိုအပ်ချက်များ ရှိနေသည်ဟုလည်း စစ်ရှောင်နေသူများထံမှ သိရသည်။

လက်ရှိ စစ်ဘေးရှောင်များအနေဖြင့် လတ်တလော စားဝတ်နေရေးအကျပ်အတည်းများကို ဖြေရှင်းရန် နေ့စားအလုပ်ထွက်လုပ်ခြင်း၊ ခြံအငှားစိုက်ခြင်း၊ ပြောင်းစိုက်ခြင်းနှင့် မျှစ်ချိုးခြင်း စသည့် ကြုံရာအလုပ်များ လုပ်ကိုင်နေကြသည်ဟု စခန်းတွင်းနေထိုင်သူများ၏ ပြောဆိုချက်အရ သိရသည်။

Most read this week

January 6, 2025
ဖားအံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူး၊ ဒုံရင်းနှင့် ထီလုံ စသည့်...
January 4, 2025
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ပေါ်ရှိ ရပ်ကွက်များတွင် ...
January 3, 2025
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာသို့ စစ်ကောင်စီက...
January 2, 2025
တနင်္သာရီတိုင်းဒေသကြီး၊ အရှေ့တောနယ်ဒေသရှိ စစ်ဘေးရှောင်အများစုမှာ လက်ရှိ...