၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု နှစ်ဆတိုးလာတယ်လို့ NUG ဆို

၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု နှစ်ဆတိုးလာတယ်လို့ NUG ဆို

၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ ၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ရှမ်း - ကရင်နီ နယ်စပ်ရှိ ဘန်ကောက်စစ်ရှောင်စခန်း ပျက်စီးမှုမြင်ကွင်း

မြန်မာနိုင်ငံတစ်ဝှမ်းမှာ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု နှစ်ဆတိုးလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေပြုလုပ်တဲ့ “လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာ ကြိုးပမ်းဆောင်ရွက်ချက်နဲ့ စိန်ခေါ်မှု” ခေါင်းစဉ်နဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာပါ။

သတင်းစာရှင်းလင်းပွဲမှာ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဦးအောင်ကျော်မိုးရဲ့ ပြောကြားချက်ကို ဦးအောင်မျိုးမင်းက အခုလို ထပ်လောင်းပြောဆိုထားတာဖြစ်ပါတယ်။

“၂၀၂၃ ခုနှစ်အတွင်းမှာ ဖြစ်ပွားတဲ့ အရေအတွက်နဲ့ ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အရေအတွက်က နှစ်ဆနီးပါး တိုးလာတာကို တွေ့ရပါတယ်။ ဒါတောင်မှ ကျနော်တို့ မြေပြင်ကနေ ကျနော်တို့ကို သတင်းမပေးပို့နိုင်တဲ့ အချက်တွေ ပျောက်ဆုံးသွားတဲ့ တချို့တော့ အချက်တွေလည်း ရှိနိုင်ပါသေးတယ်။ ဒါကို ကျနော်တို့ ဘာပြမလဲဆိုတော့ အကြမ်းဖက် စစ်ကောင်စီတပ်က အခုချိန်မှာ အဖက်ဖက် ယိုယွင်းပျက်စီးနေပြီးတော့ ကျဆုံးနေသည့်တိုင်အောင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်ပြီးတော့ ကျူးလွန်နေတယ်” လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အရေအတွက် (၄၃၇၂) မှုရှိပြီး ၂၀၂၄ ခုနှစ်မှာတော့ (၇၃၉၄) မှုအထိ ရှိလာပါတယ်။

အဲ့ဒီအမှုထဲက တရားလက်လွတ် သတ်ဖြတ်မှု အများဆုံးဖြစ်ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်ကတော့ အနည်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီကျူးလွန်နေတဲ့ လုပ်ရပ်တွေဟာ သာမန် လူ့အခွင့်အရေးချိုးဖောက်မှုထက် နိုင်ငံတကာက သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တဲ့အဆင့်ဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ဆက်ပြောပါတယ်။

စစ်ကောင်စီ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ တရားလက် လွတ်သတ်ဖြတ်မှု၊ ပစ္စည်းဥစ္စာများ ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ ခိုင်းစေခြင်း၊ မတရား ဖမ်းဆီးခြင်း၊ အတင်းအဓမ္မ နေရပ်မှ ရွှေ့ပြောင်းခိုင်းခြင်း၊ တရားလက်လွတ် ချုပ်နှောင်ထားခြင်း၊ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ဘာသာရေး အဆောက်အဦးများကို ဖျက်ဆီးခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ခြင်း၊ အစအနဖျောက်ခြင်း၊ မမျှတသော တရားစီရင်ရေး၊ ဆေးရုံ၊ ဆေးခန်းတွေကို တိုက်ခိုက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ကလေးစစ်သား၊ အလုပ်သမားအခွင့်အရေး၊ လူသားခြင်းစာနာထောက်ထားမှုလုပ်ငန်းတွေကို တိုက်ခိုက်ခြင်း၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုနဲ့ ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခွင့် ကန့်သတ်ခြင်း စတဲ့ လုပ်ရပ်တွေကို ချိုးဖောက်နေတယ်လို့ NUG က ဆိုပါတယ်။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို ခံနေရတဲ့ ဒေသတွေထဲမှာ ကရင်နီပြည်လည်း အပါအဝင်ဖြစ်ပြီး ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း ကရင်နီပြည်မှာ စစ်ကောင်စီကျူးလွန်တဲ့ အမှု ၅၁ ခုရှိတယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကနေ စုဆောင်းထားတဲ့ စာရင်းအရ သိရပါတယ်။

January 2, 2025
၂၀၂၅ နှစ်သစ်ကူးညမှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းနဲ့...
December 20, 2024
ကရင်နီပြည်ရှိ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်ကြတဲ့ CDM ဝန်ထမ်းတွေကို...
December 17, 2024
ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မှာ ညဖက် အသွားအလာလုပ်ပါက စစ်ကောင်စီက ဖမ်းဆီးမှုတွေ...