မြစ်ကြီးနားမြို့ အထက်ဘက်၊ ဧရာဝတီ မြစ်ဆုံဒေသမှာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်တပ်နှင့် နီးစပ်တဲ့ လုပ်ငန်းရှင်တွေက စက်ယန္တရားကြီးနဲ့ ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပိုမိုပျက်စီးလာနေကြောင်း ဒေသခံတွေ ပြောဆိုနေကြပါတယ်။
မြစ်ဆုံ မြစ်ကမ်းတလျှောက် ဒေသခံတွေ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့မှုကြောင့် လအနည်းငယ် ယာယီရပ်တန့်ခဲ့တဲ့ နေရာတချို့မှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစတင်ပြီး လုပ်ငန်းရှင်တွေက စက်ယန္တရားထပ်တိုးပြီးတော့ ပြန်လည်ဝင်ရောက် တူးဖော်လာခဲ့ပါတယ်။
ဒါကြောင့် မြစ်ဆုံ တန်ဖရဲကျေးရွာနဲ့အတူ သမိုင်းဝင်နေရာတွေ ပျက်စီးတော့မယ့်အခြေအနေ ရင်ဆိုင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။
“ကျမတို့ဘက်မှာ စက်ကြီးတွေ နဲ့ ရွှေတူးဖော်တာ အရမ်းများလာလို့ ရွာပျက်တော့မယ်။ ပြီးခဲ့တဲ့ ၃ လအတွင်း ပိုဆိုးလာတယ်။ စက်ယန္တရားကြီးတွေ ၁၀ စီးကျော် ဖြစ်သွားတယ်။ ဘယ်အစိုးရကို လျှောက်တင်ပြီး အကူအညီတောင်းဆိုရမယ်မှန်း မသိတော့ပါဘူး” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလလောက်ကလည်း မြစ်ဆုံဒေသက သမိုင်းဝင်နေရာ တန်ဖရဲ ချောင်းဆုံမှာ ရွှေတူးဖော်ဖို့ လုပ်ငန်းရှင်တွေ ပြင်ဆင်လာတာကြောင့် အဲဒီ တန်ဖရဲချောင်းဆုံဟာ ဒေသခံတွေ အထွဋ်အမြတ်ထားရာ သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့အတွက် ရွှေတူးဖော်ဖို့ တားမြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထံ ဒေသခံတွေ တောင်းဆိုခဲ့ကြပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီလမှာ ရွှေတူးဖော်ဖို့ ပြင်ဆင်တာတွေ ယာယီရပ်ဆိုင်းပေးခဲ့ပါတယ်။
ဒါပေမဲ့ ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတဲ့နောက်ပိုင်း သမိုင်းဝင် မြစ်ဆုံ တန်ဖရဲချောင်းဆုံကနေ အထက်ဘက် မြစ်ကမ်းတစ်ကြောနေရာအားလုံးမှာ စက်ယန္တရားကြီး ၁၀ စီးထက်မနည်း ထပ်ဝင်လာပြီး ရွှေတူးဖော်လာကြတယ်လို့ ဆိုပါတယ်။
လက်ရှိ ရွှေတူးဖော်နေတဲ့ မြစ်ဆုံ တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ်စခန်းတစ်ခု အခြေစိုက်ထားပြီး အရှေ့ဖက်မှာတော့ ဦးလဆန်အောင်ဝါ ပြည်သူ့စစ် ထိန်းချုပ်နယ်မြေဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြစ်ဆုံဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ ထိန်းချုပ်နယ်မြေဖြစ်ပြီး မြစ်ဆုံအထက်ဘက်ရှိ ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန့်ယန်မြို့နယ်တွေကိုလည်း KIA က သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။
ရွှေဆက်တူးနေမယ်ဆိုရင် သမိုင်းဝင်နေရာလည်း ပျောက်ကွယ်သွားမယ်လို့ လုံခြုံရေးအရ အမည်မဖော်ပြလိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။
“ဒီလိုပဲ ဆက်ပြီး စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေမယ်ဆိုရင်တော့ တန်ဖရဲချောင်းဆုံနဲ့ မြစ်ဆုံတွေအားလုံး လုံး၀ ပျက်စီးသွားတော့မှာဖြစ်တယ်။ ရေအိုင်ကြီးတွေ တွင်းဟောင်းကြီးတွေ ဖြစ်ကုန်တော့မယ်။ အဓိက သမိုင်းဝင်နေရာ တန်ဖရဲချောင်းဆုံနေရာလည်း ပျောက်ကွယ်သွားတော့မယ်။ တန်ဖရဲ ချောင်းဆုံနဲ့ မလိ၊ အင်မိုင်ဇွပ် နေရာတွေကတော့ အရမ်းစိုးရိမ်နေရပြီ”
မြစ်ဆုံဒေသ တန်ဖရဲကျေးရွာ၊ မလိယန်၊ ခန်းပူရွာ စတဲ့ ကျေးရွာနယ်နိမိတ် မြစ်ကြောင်းတစ်လျှောက်မှာ ရွှေတူးဖော်မှု မပြုလုပ်ဖို့ တားမြစ်ချက်ဆိုင်းဘုတ်တွေကို ဒေသခံတွေဦးစီးပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က လိုက်လံစိုက်ထူခဲ့ပေမယ့် လက်ရှိမှာ ဒေသခံတွေ ကန့်ကွက်ထားတဲ့ နေရာအားလုံးမှာ နှစ်ဖက်စစ်တပ်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေက ရွှေတူးဖော်နေကြတာ ဖြစ်ပါတယ်။
မြစ်ဆုံ တန်ဖရဲကျေးရွာမှာ ၂၀၀၈ ခုနှစ် ဦးသိန်းစိန် စစ်အစိုးရလက်ထက် တရုတ်နိုင်ငံနဲ့ သဘောတူညီချက်ဖြင့် စတင်လာခဲ့ပြီး ၂၀၁၁ မှာ သမ္မတ ဦးသိန်းစိန်က ယာယီ ရပ်တန့်ခဲ့ပါတယ်။
စီမံကိန်းကြောင့် မြစ်ဆုံ နှစ်ဖက်ကမ်းမှာ နေထိုင်ကြတဲ့ တန်ဖရဲရွာ၊ ဒေါင်ပန်ရွာနဲ့ အောင်ဂျာယန် စတဲ့ဒေသခံတွေကို အောင်မြင်သာနဲ့ မလိယန် ရွေ့ပြောင်းကျေးရွာအဖြစ် နေရာချပေးခဲ့ပါတယ်။
NLD အစိုးရလက်ထက်မှာလည်း ယခင် စစ်အစိုးရနဲ့ တရုတ်နိုင်ငံကြား သဘောတူထားတဲ့ မြစ်ဆုံသဘောတူညီချက်ပါ အချက်အလက်တွေကို လူထုထံ ချပြမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
အဲဒီနောက် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု ဖြစ်စဉ်နဲ့အတူ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဒေသအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တွေဟာ မြစ်ဆုံဒေသမှာ ရွှေတူးဖော်မှုကို အလွန်အကျွံ ပြုလုပ်လာကြတဲ့အတွက် ဒေသခံတွေရဲ့ ကန့်ကွက်မှုကို ပြင်းပြင်းထန်ထန် ကြုံခဲ့ရတာဖြစ်ပါတယ်။
နှစ်ဖက်စစ်တပ်ရဲ့ နှုတ်ဆိတ်နေမှုကြား ရွှေတူးဖော်မှုကို ကန့်ကွက်တဲ့ဒေသခံတွေဟာ သူတို့လုံခြုံရေးအတွက် စိုးရိမ်ကြောင်း KNG ကို ပြောဆိုပါတယ်။
ထို့အပြင် လုပ်ငန်းရှင်တွေဖက်က ပြောဆိုခဲ့ဖူးတဲ့ ရွှေတူးဖော်မှုကြောင့် ပျက်စီးမြေနေရာတွေကို ပြန်ဖို့ပေးမယ်ဆိုတဲ့ အချက်တွေလည်း လက်ရှိချိန် လုပ်ဆောင်မှု တစ်စုံတစ်ရာမရှိဖူးသေးတဲ့အပြင် ကျန်ရှိနေတဲ့ မြေနေရာတွေ အားလုံးမကျန် ရွှေတူးဖော်နေကြတာကြောင့် မြစ်ဆုံဒေသ ပျက်စီးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။