လွိုင်ကော်မြို့မှာ ညဖက် အဖမ်းအဆီးရှိနေတယ်လို့ ဒေသခံတွေပြော

လွိုင်ကော်မြို့မှာ ညဖက် အဖမ်းအဆီးရှိနေတယ်လို့ ဒေသခံတွေပြော

ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မှာ ညဖက် အသွားအလာလုပ်ပါက စစ်ကောင်စီက ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ မြို့နေဒေသခံတွေက ကန္တာရဝတီတိုင်းမ်ကို ပြောပါတယ်။

ညဖက် ၆ နာရီနောက်ပိုင်းမှာ မြို့တွင်းနေထိုင်သူတွေက အပြင်မထွက်ကြတော့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်သူတွေကို ဖမ်းဆီးတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သိတာတစ်ခုက သူတို့ (စစ်ကောင်စီ) ဖမ်းတယ်။ အရွယ်ကောင်းဆို အမှုအမျိုးမျိုးတပ်တယ်။ ဥပမာ - ညအချိန်မတော်ထွက်ရင် ဖမ်းတယ်။ မသင်္ကာမှု အဲ့လိုပေါ့။ ငွေနိုင်ရင်ငွေနဲ့ရွေး မနိုင်ရင် အဝေးပို့ပြီး စစ်သားလုပ်ခိုင်းတာနေမှာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက စစ်မှုထမ်းဖို့နဲ့ ပြည်သူ့လုံခြုံရေးအတွက် စစ်ကောင်စီက တပ်သားခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

မြို့တွင်းရှိရပ်ကွက်မှာ နေထိုင်သူတွေကို စစ်မှုထမ်းဖို့ အဓိကခေါ်ယူနေပြီး မြို့စွန်ရှိ ရပ်ကွက်တွေကိုတော့ ပြည်သူ့လုံခြုံရေးအဖြစ် ခေါ်ယူနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်ရောက် လွိုင်ကော်ဒေသခံတွေကိုလည်း လက်ရှိမှာ နေရပ်ပြန်နေဖို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ပြောဆိုနေပါတယ်။

နေရပ်ပြန်ကြည့်လိုသူ၊ နေအိမ်တွင်း ပစ္စည်းပြန်လည်သယ်ယူလိုသူတွေကို စစ်ကောင်စီက ဒေသကွပ်ကဲရေးမှူးဌာနချုပ် စစ်ဦးစီးရုံးရဲ့ ထောက်ခံစာကို တစ်ပါးတည်း ယူလာခိုင်းထားပါတယ်။ ထောက်ခံစာသက်တမ်းကတော့ တစ်ရက်ပဲဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့ထဲမှာ ပစ်ခတ်မှုတွေလည်းရှိနေသလို နေအိမ်မှာ မြေမြှုပ်မိုင်းနင်းမိပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးတဲ့ ဒေသခံတွေလည်း ရှိနေတယ်လို့ ဒေသခံတစ်ဦးက အခုလို ပြောပြပါတယ်။

“လွိုင်ကော်မှာ မာရှယ်လောပုံစံ မထုတ်ထားပေမယ့် ဟိုအရင်တည်းက ပစ်တာမျိုးရှိတယ်။ ည လူရိပ်မြင်ရင် ပစ်တယ်။ နမ့်ဘော်ဝမ်လို အစွန်ကျတဲ့နေရာမျိုးနဲ့ သူတို့ (စစ်ကောင်စီ) ရှိတဲ့နေရာတွေ သေနတ်သံတွေ ကြားကြားရတယ်ဗျ။ ကျနော်ရှိစဥ်တုန်းက” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ မြို့တွင်းမှာ ဒေသခံလူငယ်အမျိုးသားတွေ ပြန်လည်နေထိုင်မှု နည်းပါးနေပြီး တချို့ကလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းနဲ့ ပြည်သူ့လုံခြုံရေးခေါ်ယူမှုကြောင့် ထပ်မံ တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီခေါ်ယူတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်ဖြစ်ပါက စစ်သင်တန်းကာလ ၂ လတာ တက်ရောက်ရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အသက် ၅၀ နှစ်အထက် အမျိုးသားတွေကို မိမိတို့ရပ်ကွက်အတွင်းမှာသာ လုံခြုံရေးကင်းစောင့်ခိုင်းမှာဖြစ်ပြီး အသက် ၃၅ ကနေ ၅၀ အထိ အမျိုးသားတွေကိုတော့ ရပ်ကွက်အစွန်အဖျားတွေမှာ ကင်းစောင့်ခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Most read this week

January 16, 2025
အာဏာသိမ်း ဒု–စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လွိုင်ကော်မြို့ကို...
January 15, 2025
ထိုင်း-ကရင်နီ နယ်စပ်ရှိ ‌ဒေါ်နိုးကူး စစ်ရှောင်စခန်းမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေရပြီး...
January 13, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က ပအိုဝ်းလူမျိုးတွေနေထိုင်တဲ့ ဖြီကျွတ်ကျေးရွာကို...
January 11, 2025
ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့နယ်၊ စစ်ကောင်စီ၏ လွိုင်လင်လေးအခြေစိုက် ခမရ (၅၃၀) တပ်က...