တီးတိန်မြို့မှာ ချင်းညီနောင်အဖွဲ့မှ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်လာမှာကိုစိုးရိမ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့ကစတင်ကာ တီးတိန်မြို့ခံ ပြည်သူအတော်များများဟာ ၎င်းတို့ပိုင်ပစ္စည်းများကို အခြား လုံခြုံတဲ့နေရာဒေသများနဲ့ ကျေးလက်ဒေသများသို့ ရွေ့ပြောင်းနေကြကြောင်း တီးတိန်မြို့ခံများထံမှ သိရှိရပါတယ်။
တီးတိန်မြို့ခံတစ်ဦးက "ခရစ္စမတ်နေ့ နောက်ပိုင်းမှာ ပစ္စည်းရွေ့တာပါ။ လူတွေကတော့ စွန့်ခွာရွေ့ပြောင်းတာမျိုး သိပ်တော့ မရှိသေးဘူး။ လေးလံတာရယ်၊ ဝန်ကျယ်တာရယ်ကြောင့် ရွေ့ပြောင်းရခက်ခဲတဲ့ ပစ္စည်းတွေ ရွေ့ကြတာ ပိုများပါတယ်" လို့ ပြောပြပါတယ်။
ဒီဇင်ဘာလကုန်ပိုင်းမှာ မင်းတပ်နှင့် ကန်ပက်လက် မြို့နှစ်မြို့ကို ချင်းညီနောင်အဖွဲ့ (CB) မှ သိမ်းပိုက်ခဲ့ပြီး နောက် လက်ရှိ ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်တဲ့ ဖလမ်းမြို့မှာလည်း တပ်ကုန်းတစ်ခုသာ ကျန်ခဲ့တာကြောင့် တီးတိန်မြို့မှာလည်း CB အဖွဲ့အနေဖြင့် မြို့သိမ်းတိုက်ပွဲ အမြန်အဆန် ဖော်ဆောင်လာနိုင်ကြောင်း ထင်ကြေးပေးချက်များကြောင့် တီးတိန်မြို့ခံများ ယခုလို ရွေ့ပြောင်းခဲ့ကြတာဖြစ်တယ်လို့ သိရှိရပါတယ်။
"ရွေ့ပြောင်းသယ်ဆောင်ရာမှာ ‘လေးလံနိုင်တဲ့ ပစ္စည်းတွေ ကြိုရွှေ့လိုက ရွှေ့သင့်ပါပြီ။ လူကတော့ စစ်ရှောင်သင့်တဲ့အချိန်မှာ ကြိုပြောထားမှာပါလို့တော့ တာဝန်ရှိသူတစ်ဦးက ပြောလာပြီ’ ဆိုပြီး လူမှုကွန်ယက်ကနေ ရေးထားတဲ့လူတွေရှိတော့ အခုလို ရွေ့ပြောင်းမှုတွေ ပိုများလာတဲ့သဘောရှိတယ်။ အနည်းဆုံး တစ်လလောက် ကြိုတင်ပြီး ပြည်သူတွေကို တရားဝင် အကြောင်းကြားပေးစေလိုပါတယ်" လို့ အဆိုပါ တီးတိန်မြို့ခံက ဆက်လက်ပြောကြားပါတယ်။
ကလေးမြို့ မှာ စစ်ရှောင်နေရတဲ့ တီးတိန်မြို့ခံတစ်ဦးက "၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့တုန်းကလည်း တိမ်းရှောင်ဖို့ ကြိုတင်အသိပေးတာမရှိဘဲ တိုက်ပွဲဖြစ်ခဲ့တော့ ကမန်းကတန်း စစ်ရှောင်ခဲ့ရတယ်။ အဲတာကြောင့် မြို့သိမ်းတိုက်ပွဲ ဖြစ်နိုင်ချေရှိတယ်ဆိုတဲ့ သတင်းကြားကတည်း တချို့လူတွေ ပြင်ဆင်တာ ဖြစ်လိမ့်မယ်" လို့ သုံးသပ်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တီးတိန်မြို့တွင်းတိုက်ပွဲကြောင့် မြို့နေလူဦးရေ ၁ သောင်းခွဲကျော် တိမ်းရှောင်ထွက်ပြေးခဲ့ရပြီး နေအိမ် အလုံး ၇၀ ကျော် မီးလောင်ပြာကျခဲ့ရပါတယ်။