ဒီဇင်ဘာလကနေစပြီး ကလေးမြို့ နှင့် တီးတိန်မြို့ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတစ်ခုဖြစ်တဲ့ Shalom မော်တော်ယာဉ်လိုင်းက ခရစ္စမတ်ကာလဖြစ်တဲ့ ဒီဇင်ဘာလအတွင်း အထူးလျော့ဈေးနဲ့ ကားခ တစ်ဦးကို ၅၅၀၀၀ ကျပ်နဲ့ ပြေးဆွဲပေးနေတယ်လို့ ယာဉ်လိုင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။
သို့ပေမယ့် ဒီဇင်ဘာလကုန်နောက်ပိုင်းမှာတော့ အခုလက်ရှိဈေးနှုန်းအတိုင်း ပြေးဆွဲနိုင်ဖို့ မသေချာတဲ့ကြောင်း အခုလိုပြောပါတယ်။
“စစ်ပြေး၊ စစ်ရှောင်တွေများတဲ့ ၂၀၂၄ ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလ၊ ခရစ္စမတ်ကာလမှာ ကျွန်ုပ်တို့ယာဉ်လိုင်းကို အားပေးသူတွေအပေါ် ကုသိုလ်လုပ်ချင်လို့ အခုလိုလုပ်တာပါ။ ခရစ္စမတ်ကာလမှာ ကိုယ့်ရဲ့ခရီးသည်တွေ ခဏတာ ပျော်ရွင်ပါစေဆိုတဲ့ သဘောပါ။ လက်ရှိ ကလေး-တီးတိန် ကားခက တစ်ယောက်ကို ကျပ် ၇ သောင်း ရှိပါတယ်။ ကျွန်တော်တို့ယာဉ်လိုင်းက တစ်သောင်းတိတိ Discount ပေးထားပါတယ်။ လက်မှတ် ကြိုတင်ဖြတ်ထားပြီး တကယ်လိုက်ပါလာတဲ့ ခရီးသည်တွေကို နေ့လည်စာအတွက် မုန့်ဖိုး ၅ ထောင်စီလည်း ပေးထားပါတယ်” လို့ Shalom ယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက Chin World Media ကို ပြောကြားခဲ့ပါတယ်။
အခုလိုလုပ်တာက ကားခ လျော့ကောက်တာမဟုတ်ကြောင်း၊ အထူး discount အနေနဲ့သာ ပြုလုပ်ခြင်းသာဖြစ်ပြီး ကားခ ၅၅၀၀ ကောက်တာမျိုးမဟုတ်ဘဲ လျော့ဈေး ၁ သောင်းကျပ် ခံစားခွင့်နှင့်အတူ နေ့လည်စာအတွက် ငါးထောင်ကျပ် ထောက်ပံ့ခြင်းသာဖြစ်ကြောင်း၊ လက်ရှိမှာ ဆီဈေးကျခြင်းမရှိ၊ လမ်းဂိတ်ကြေးလျော့ကောက်ခြင်း မရှိတဲ့အတွက် ခရစ္စမတ်အလွန်ကာလမှာ ပုံမှန်အတိုင်း ကားခ ပြန်ကောက်ရလိမ့်မှာဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းတာဝန်ရှိသူက ဆက်ပြောပါတယ်။
“ဒီနေ့မှာတော့ ခရီးသည် တစ်ယောက်ကို ကျပ် ၅ သောင်းပဲကောက်ပြီး ပို့မယ်ဆိုတဲ့ ကြားကားတွေရဲ့ ကြော်ငြာတွေ တွေ့ရတယ်။ ကြားကားနှင့် ယာဉ်လိုင်းက မတူပါဘူး။ သူတို့က ပြေးဆွဲချင်ရင်ပြေးဆွဲမယ်။ အဆင်မပြေရင် မဆွဲဘူး။ ယာဉ်လိုင်းတွေက ရှိတဲ့ခရီးသည်နှင့် ပုံမှန်ပြေးဆွဲရတယ်ဆိုတော့ အခြေအနေခြင်း မတူပါဘူး” လို့ လည်း ကြားကားများရဲ့ ဈေးလျော့ပြေးဆွဲမှုတွေ ရှိလာခြင်းနှင့်ပတ်သက်ပြီး သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။
ဒီကနေ့အထိတော့ တခြား ကလေး-တီးတိန် ယာဉ်လိုင်းတွေက ကျပ် ၇ သောင်းနဲ့ ပြေးဆွဲလျက်ရှိနေတယ်လို့လည်း ခရီးသွားတစ်ဦးထံမှ သိရှိခဲ့ရပါတယ်။
မေလ ၂၆ ရက်နေ့ညမှာ စတင်ခဲ့တဲ့ တီးတိန်မြို့တွင်းတိုက်ပွဲတွေအပြီးမှာ ကားခများ ကျပ် သိန်းဂဏန်းနီးပါးရှိရာမှ လမ်းခရီး အဆင်ပြေလာမှုကြောင့် ယာဉ်လိုင်းများမှ ကားခများ ပြန်လည်လျော့ချလာကာ လက်ရှိမှာ ကလေး-တီးတိန် ကားခကို ကျပ် ၇ သောင်းဖြင့် ပုံမှန် ပြန်လည်ပြေးဆွဲခြင်းဖြစ်တယ်လို့လည်း သိခဲ့ရပါတယ်။
ဖလမ်းမြို့တိုက်ပွဲအခြေအနေကြောင့် ကလေး-ဖလမ်း-ဟားခါးကို ပြေးဆွဲနေတဲ့ယာဉ်လိုင်းများ ခေတ္တရပ်နားနေခဲ့ရတယ်လို့လည်း ကလေးမြို့နေ ယာဉ်မောင်းတစ်ဦးထံမှ သိရှိခဲ့ရပါတယ်။