မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်နှင့် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်နေရာတို့တွင် ရှမ်းပြည်နယ်မှတ်ပုံတင် ၁၃/ ကိုင်ဆောင်ထားသူများကို စစ်ကောင်စီက လိုက်လံစစ်ဆေးပြီး ဖမ်းဆီးနေသည်ဟု မြို့ခံတို့ထံမှ သိရသည်။
မြို့ပေါ်ရှိ ဟိုတယ်၊ တည်ခိုးခန်း၊ တိုက်ခန်း အစရှိသည့် နေရာတို့ကို စစ်ကောင်စီက ညပိုင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးလေ့ရှိပြီး အဓိက ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားသည့် လူငယ်များကို ပစ်မှတ်ထား ရှာဖွေစစ်ဆေးပြီး ဖမ်းဆီးနေကြောင်း မော်လမြိုင်မြို့ရှိ ဟိုတယ်ဝန်ထမ်းအသိုက်အဝိုင်းတို့ထံမှ သိရသည်။
“ဒီမော်လမြိုင်မြို့မှာက ဟိုတယ်တွေ၊ တည်ခိုးခန်းတွေ၊ တိုက်ခန်းတွေလို နေရာတွေမှာတော့ နေ့တိုင်းလိုလို စစ်တယ်။ ဟိုတယ်လိုနေရာမျိုးဆိုရင် ဝင်တည်းတဲ့လူတွေရဲ့ စာရင်းတွေကို သေချာမှတ်ရတယ်။ ဆိုင်ကယ်လိုင်စင်နံပါတ်ကအစ သေချာမှတ်ရတယ်။ အဲဒါကို သူတို့ (စကစ) လာရင် ပြပေးရတယ်။ ပုံမှန်အချိန်ဆိုရင် ညနေ ၁၀ နာရီကျော်ကျော်လောက်ဆိုရင် နေ့တိုင်း လာစစ်လေ့ရှိတယ်။ အဓိကက ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့သူတွေကို စိစစ်ရှာဖွေတယ်လို့ ပြောတာပဲ။ ၁၃/ မဟုတ်တဲ့ လူငယ်တွေလည်း ရစ်ခံရမှာကြောက်လို့ တချို့ဆို လာစစ်လေ့ရှိတဲ့အချိန်တွေဆို တစ်နေရာရာမှာ သွားနေနေကြတယ်။ ပြီးမှ ပြန်လာကြတယ်” ဟု ဟိုတယ်ဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မြို့အဝင်/အထွက် နေရာများတွင်လည်း စစ်ဆေးမှု တင်းကြပ်နေပြီး အထူးသဖြင့် လူငယ်များ၊ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို ပစ်မှတ်ထား စစ်ဆေးနေသည်ဟု ယာဉ်မောင်းတို့က ပြောသည်။
“အခုတလော မော်လမြိုင်မြို့ အဝင်/အထွက် တိုးဂိတ်နေရာမှာ သူတို့ (စကစ) က ဂိတ်တွေချပြီး တင်းတင်းကြပ်ကြပ်ကို စစ်ဆေးနေတယ်။ အဲဂိတ်ရောက်ရင် မှတ်ပုံတင်တွေ အကုန်စစ်တယ်။ ၁၃/ ကလူတွေဆို ပိုစစ်တယ်လို့ ပြောတာပဲ။ အဲကားက လူငယ်ပါလာတာ များလာလေ၊ သူတို့ စစ်ဆေးမေးမြန်းမှု တင်းကြပ်လေပဲ။ ကားဆရာတွေက သူတို့ကို ဖြေရှင်းနေရတာနဲ့ အချိန်တအားကြန့်ကြာသွားကြတယ်။ တစ်ခါတစ်လေဆို ကားပေါ်ကနေ အကုန်ပေးဆင်းခိုင်းတယ်။ လူငယ်ပါတာများရင် ပိုက်ဆံတွေလည်း အများကြီးပေးရတယ်။ အခြေအနေတွေက ပိုဆိုးသွားဖို့ရှိတယ်။ အဲကြောင့် ဖြစ်နိုင်ရင်လေ လူငယ်တွေကို ခရီးမပေးသွားစေချင်တော့ဘူး” ဟု မော်လမြိုင်မြို့မှ ယာဉ်မောင်းတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များကို ကိုးကန့်တပ်ဖွဲ့ MMDAA နှင့် တအာင်း (ပလောင်) တပ်ဖွဲ့ TNLA တို့ တိုက်ခိုက်သိမ်းပိုက်ထားသည့်နောက်ပိုင်း စစ်ကောင်စီက ၎င်းတို့ထိန်းချူပ်ထားသည့် နယ်မြေများတွင် ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို တင်းကြပ်စွာ စစ်ဆေးလာပြီး ယခုအခါ ဖမ်းဆီးမှုများပါ လုပ်ဆောင်လာခဲ့ကြသည်ဟု ဆိုသည်။
“ကိုယ်တွေက သိမ်းရတဲ့မြို့ကလွဲပြီး ဘယ်မှမသွားနိုင်အောင် သူတို့ (စစ်ကောင်စီ) လုပ်ထားတာ။ ဒါပေမဲ့ မဖြစ်မနေတော့ သွားရမယ့်ခရီးတွေဆို သွားရမှာပဲလေ။ မသွားကြခင်တော့ ကိုယ်သွားမယ့်မြို့ရဲ့ လမ်းအခြေအနေကို အရင်လေ့လာကြည့်တယ်။ ကိုယ်သွားမယ့် ကားဂိတ်၊ စိတ်ချရတဲ့ ကားသမားတွေနဲ့ပဲ သွားကြတယ်။ ကိုယ်တွေဆို မြို့ကြီးတွေဘက်မှာဆို မသွားရဲတော့ဘူး။ သွားတာက ကားဆရာတွေအပေါ် အများကြီး မူတည်တယ်။ တချို့ဆို လွတ်တယ်။ တချို့နေရာတွေဆို ၁၃/ ဖြစ်လို့ ပိုက်ဆံအများကြီး ပေးရတာမျိုးလည်း ရှိတယ်။ ဖမ်းဆီးခံရပြီး အတော်လေး ညှိယူပြီးမှ ပြန်လွတ်လာတာလည်း ကြားမိတာရှိတယ်” ဟု ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားသည့် ပလောင်အမျိုးသမီးတစ်ဦးက ပြောသည်။
၁၃/ မှတ်ပုံတင်ကို ရှမ်းပြည်နယ်မှ ဝ၊ ပလောင်၊ ကိုးကန့်လူမျိုးများက ကိုင်ဆောင်သွားလာလျှက်ရှိကြောင်း သိရသည်။