စစ်ဘေးရှောင်တို့ တိုက်ပွဲဖြစ်ပွားရာနေရာအနီးတွင် ခြံလုပ်ငန်းဝင်ရောက်လုပ်ကိုင်နေခြင်းကြောင့် မြေမြှပ်မိုင်းအန္တရာယ်စိုးရိမ်ရ

စစ်ဘေးရှောင်တို့ တိုက်ပွဲဖြစ်ပွားရာနေရာအနီးတွင် ခြံလုပ်ငန်းဝင်ရောက်လုပ်ကိုင်နေခြင်းကြောင့် မြေမြှပ်မိုင်းအန္တရာယ်စိုးရိမ်ရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း၊ ရဲတံခွန်၊ လွတ်ရှမ်း၊ သံပုရာ၊ ခုံခံကျေးရွာမှ ဒေသခံတို့  ရက်ရှည်ကြာ စစ်ရှောင်နေစဉ် စားဝတ်နေရေး အခက်ခဲကြောင့်  တိုက်ပွဲဖြစ်ပွားရာနေရာ အနီးတစ်ဝိုက် ခြံလုပ်ငန်း ဝင်ရောက်လုပ်ကိုင်လျှက်ပြီး မြေမြှပ်မိုင်းအန္တရာယ် စိုးရိမ်ရကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတို့က ဆိုသည်။

အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် သြဂုတ်လလယ်ခန့်မှစ၍ ရေး-သံဖြူဇရပ် ကားလမ်း အရှေ့ဘက် ရဲတံခွန်ကျေးရွာဘက်တွင် မြေမြှပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးထက်မနည်းရှိခဲ့သည်။

ဒီဇင်ဘာလအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ တပ်ဆုတ်ထားသည့် အခြေအနေကြောင့် နှစ်ဖက်တိုက်ပွဲရပ်တန့်နေချိန် အကူအညီအထောက်အပံ့မှု တစ်စုံတစ်ရာမရှိသည့် စစ်ဘေးရှောင်တို့ တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတစ်ဝိုက် ရာဘာခြံတို့တွင် ရသမျှနည်းဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်နေခြင်းကြောင့် မြေမြှပ်မိုင်းအန္တရာယ် စိုးရိမ်စရာဖြစ်ကြောင်း အနန်းကွင်း စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ဆိုသည်။

“တိုက်ပွဲ နည်းနည်းငြိမ်တဲ့အချိန်ဆို သူတို့တွေက ပြန်လိုက်၊ အလုပ်လုပ်လိုက်ဆိုတော့ မြေမြှပ်မိုင်းကိစ္စက တော်တော်စိုးရိမ်ရပေမဲ့ ကိုယ်လည်း ဘာမှ မကူညီပေးနိုင်တဲ့ အနေအထားဖြစ်နေတယ်၊ ပြီးတော့ တိုက်ပွဲကြောင့် လူမသိသူမသိ သေဆုံးရတာတွေလည်း အများကြီးရှိတယ်” ဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁၅၀၀ ခန့်သည် မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံ၊ ရေး စသည့် မြို့နယ်ဘက်သို့ ပြောင်းရွှေ့နေထိုင်လျှက်ရှိပြီး အဆိုပါကျေးရွာအနီးအနားရှိ တောတောင်ကြားတွင် တိမ်းရှောင်‌နေထိုင်နေကြသည့် စစ်ဘေးရှောင်တို့ စားနပ်ရိက္ခာနှင့် ဆေးဝါးအထောက်အပံ့ လိုအပ်လျှက်ရှိသည်။

အနန်းကွင်းဗျူဟာတိုက်ပွဲ အစောပိုင်းကာဖြစ်သည့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဒေသခံခြံလုပ်သား အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး မြေမြှပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရပြီး လက်ရှိ ဒီဇင်ဘာလအတွင်း ဇီးနှစ်ပင်ရွာသား ၂ ဦးနှင့် သံဖြူဇရပ် ပငရွာမှ အမျိုးသား ၁ ဦး မြေမြှပ်မိုင်း နင်းမိပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဇီးနှစ်ပင်က မိုင်းနင်းမိထားတဲ့ ရွာသားနှစ်ယောက်ဆိုရင် အသက် ၂၀ ကျော်လူငယ်တွေပဲ။ ရာဘာခြံရှင်းလင်းနေချိန်မှာပဲ နှစ်ယောက်လုံး မိုင်းနင်းမိပြီ ဒဏ်ရာရခဲ့ကြတယ်။ တစ်ယောက်က နည်းနည်းပဲထိပေးမဲ့လည်း တစ်ယောက်က ခြေထောက်မှာ အများကြီးထိထားတယ်။ အသက်အန္တရယ် စိုးရိမ်ရတဲ့အထိတော့ မဟုတ်ဘူးပေါ့နော်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

သို့သော် နောက်ဆုံးအကြိမ် မိုင်းနင်းမိပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ပင ဒေသခံသည် နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ရပြီး သေဆုံးပြီး ၆ ရက်အကြာ ဒီဇင်ဘာ ၁၁ ရက်နေ့တွင်မှ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ မြေမြှပ်မိုင်းနင်းမိသည့်နေရာသည် စစ်ကောင်စီတပ်ဖွဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တို့လည်း လှုပ်ရှားသွားလာနေပြီး မြေမြှုပ်မိုင်းကို မည်သည့်အဖွဲ့မှ ထောင်ထားသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

 ၄ လ နီးပါးကြာသည်အထိ အနန်းကွင်း ဗျူဟာတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အင်အားဖြည့်တင်းရန် ပိုမိုခက်ခဲလာသည့် စစ်ကောင်စီတပ်တို့သည့်  ဒရုန်းအသုံးပြီး ပစ်ခတ်တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာနေခြင်းကြောင့်  တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့တွင် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းလည်း သိရသည်။

Most read this week

January 17, 2025
မွန်ပြည်နယ်တွင် ဆားလုပ်သား ရှားပါးလာခြင်းနှင့် ဆားစျေးကျလာပြီး ထုတ်လုပ်မှုစရိတ်...
January 16, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းဘက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကျုံလောင်းနှင့်...
January 14, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောက်ဘက် တိုက်ပွဲဖြစ်ပွားပြီးနောက် ရေး-ကျောင်းရွာ...
January 13, 2025
အာဏာသိမ်းစစ်ကောင်စီက ပြည်သူတို့၏ လွတ်လပ်စွာ အင်တာနက်အသုံးပြုခွင့်ကို ထိန်းချုပ်ရန်အတွက်...