လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာရန် ဆောင်ရွက်သွားမည်ဟု TNLA ပြော

လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာရန် ဆောင်ရွက်သွားမည်ဟု TNLA ပြော

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က “၁၀၂၇ စစ်ဆင်ရေး” အတွင်း ထိန်းချုပ်ထားနိုင်သည့် ဒေသများတွင် ဒေသခံပြည်သူများ ပါဝင်နိုင်မည့် လူထုအစိုးရ အမြန်ဆုံး ပေါ်ပေါက်လာရန် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်လိုက်သည်။

ဇန်နဝါရီလ (၃) ရက်မှ (၇) ရက်အထိ PSLF/TNLA ယာယီဌာနချုပ်တွင် ကျင်းပခဲ့သည့် နှစ်ပတ်လည်အစည်းအဝေးတွင် တအာင်း (ပလောင်) တပ်မတော်ကို တပ်မဟာ (၉) ခုအဖြစ် တိုးချဲ့ပြင်ဆင်ခြင်းနှင့်အတူ ထိန်းချုပ်မြို့များကိုလည်း အုပ်ချုပ်ရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် မြို့ (၁၈) မြို့ ပါဝင်သည့် ခရိုင် (၅) အဖြစ် ပြင်ဆင်စုဖွဲ့ရန် သဘောတူခဲ့ကြကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိန်းချုပ်ထားသည့် မြို့ (၁၂) မြို့တို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စများကို TNLA မှ ဦးဆောင်စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး ဒေသခံပြည်သူများ ပါဝင်နိုင်မည့် လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာရန် ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေး ခေါ်လုပ်တုန်းက ၂၀၂၅ ထဲ လူထုအစိုးရပေါ်လာအောင် လုပ်မယ်လို့တော့ ပြောတယ်၊ အဲ့တာအတွက် လှုပ်ရှားနေတာလည်း အခုနှစ်စအထိ ဘာမှတော့ မတွေ့ရသေးဘူး။ တစ်နှစ်ကျော်သွားပြီဆိုတော့ လိုအပ်ချက်ကတော့ အများကြီး ရှိသေးတယ်။ မြန်မြန်နဲ့ မှန်မှန်လုပ်နိုင်ရင်တော့ လူထုအတွက် ဘက်အားလုံးအတွက် အကျိုးရှိနိုင်တာပေါ့” ဟု နမ့်ခမ်းဒေသခံ အသက် (၄၀) ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နှစ် ၂၀၂၄ ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့သည့် TNLA နှစ်ပတ်လည် အစည်းအဝေးတွင် ထိန်းချုပ်မြို့များ၌ ၂၀၂၅ နှစ်သစ်တွင် လူထုဆန္ဒ အခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ဖူးသည်။

တော်လှန်ရေးအင်အားစုများက ဘုံရန်သူကို ထိုးစစ်ဆင် တော်လှန်နေကြသဖြင့် စစ်ကောင်စီသည် သမိုင်းတွင်သည့် ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရပြီး တော်လှန်ရေးအင်အားစုများ စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်ကို မြင့်တင်ကာ အောင်ပွဲရယူရန် အချိန်အခါကောင်း ဖြစ်ကြောင်းလည်း ဆိုထားသည်။

TNLA အနေဖြင့် “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းတွင် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းလုံနှင့် မိုင်းငေါ့ (၇) မြို့တို့ကို တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယပိုင်းတွင် မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ ကျောက်မဲနှင့် သီပေါ (၅) မြို့တို့ကို ထပ်မံထိန်းချုပ်နိုင်ပြီး စုစုပေါင်း (၁၂) မြို့တွင် အုပ်ချုပ်ရေး ယန္တရားများ စတင်ဖော်ဆောင်နေသည်။

အခြားတဘက်တွင် နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ဆောင်ရွက်နေသည့် တရုတ်နိုင်ငံအစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ စစ်ကောင်စီနှင့် နှစ်ဘက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ၂၀၂၄ နိုဝင်ဘာလ (၂၅) ရက်က TNLA မှ ထုတ်ပြန်ထားသည်။

သျှမ်းမြောက် ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာ
January 9, 2025
သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ် ထိန်းချုပ်ထားသည့် နယ်မြေများသို့ စစ်ကောင်စီတပ်မှ...
January 8, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီနှင့် ပျူစောထီးများက...
January 7, 2025
သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများ...
January 6, 2025
စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုသည်...