ရခိုင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် စစ်ရေးနှင့်မသက်ဆိုင်သည့် နေရာများကိုပါ တိုက်ခိုက်မှုများ ပြုလုပ်လာနေ၍ စစ်ဘေးရှောင်များမှာ စိုးရိမ်ထိတ်လန့်စိတ်ဖြင့် နေထိုင်နေကြရကြောင်း ပြောဆိုကြသည်။
တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများမှာ စစ်ရှောင်စခန်း၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံများတွင် ခိုလှုံနေကြပြီး ထိုနေရာများကိုပါ စစ်ကောင်စီက ဦးတည်ပစ်ခတ်တိုက်ခိုက်လာသဖြင့် အသက်န္တရာယ်နှင့်ပတ်သက်၍ စိုးရိမ်နေကြသည်။
“စစ်ဘေးရှောင်စခန်းတွေမှာ နေရာတွေမဆန့်လို့ လုံခြုံမယ်ထင်တဲ့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ လာပြီးခိုလှုံနေကြတာ။ ဒီနေရာတွေထိ ဗုံးလာကြဲတော့ လုံခြုံမဲ့နေရာဆိုတာမရှိတော့ဘူး” ဟု ပုဏ္ဏားကျွန်း မြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ဇန်နဝါရီ ၄ ရက်က မြေပုံမြို့နယ်၊ ကမ်းထောင့်ကြီးမြို့ရှိ စာသင်ကျောင်းနှင့် ဆေးရုံတို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး သေဆုံးသွားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာစာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်များအပါအဝင် ၇ ဦးသေဆုံးပြီး ၈ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
“စစ်ကောင်စီက ULA ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူတွေကိုမနေရဲအောင် အုပ်ချုပ်ရေးတွေ မလည်ပတ်နိုင်အောင် ခြောက်လန့်နေတာလို့မြင်တယ်။ ပုဏ္ဏားကျွန်း ဗုံးကြဲမှုဖြစ်စဉ်မှာဆိုရင် စစ်ဘေးရှောင်တွေ စာသင်ကျောင်းတွေမှာ မနေရဲတော့ထိဖြစ်သွားတယ်။ သူတို့ရဲ့ စိတ်ဝေဒနာက အကြောက်တရားလွှမ်းမိုးသွားပြီ။ အသံကျယ်ကျယ်ကြားရင်တောင် ကြောက်လန့်နေကြတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်က လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဟု ကြေညာချက်ထုတ်ပြန်ပြီးအချိန်မှစ၍ ရခိုင်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လျက်ရှိနေသည်။
AA ကြေညာချက်ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှ ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်အထိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၈၀ ခန့်ရှိသည်။
စစ်ဘေးရှောင်များမှာ လက်ရှိတွင်လည်း မိမိဒေသအသီးသီးသို့ မပြန်နိုင်သေးသဖြင့် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုအောက်မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများရှိနေပြီး အချို့မှာလည်း ဘေးကင်းမည်ဟုယူဆသည့် နေရာများသို့ ရွှေ့ပြောင်းမှုများလည်းရှိနေသည်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ ဓလေ့ထုံးတမ်းဥပဒေတွင် လက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားများကို မထိခိုက်စေရန်၊ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံ/ဆေးခန်း၊ စာသင်ကျောင်းများ၊ ရပ်ရွာများကို အကာကွယ်ပေးရန်၊ စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားများကို ဖမ်းဆီးခြင်းမပြုရန်နှင့် အရပ်သားများကို ဘေးကင်းလုံခြုံခွင့်ပေးသင့်ကြောင်း ပြဌာန်းထားသည်။
ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက “လူ့အခွင့်အရေးချိုးဖောက်တဲ့နေရာမှာ စစ်ကောင်စီဟာ ထိပ်တန်းက ဗိုလ်ဆွဲနေတယ်။ အပြစ်မဲ့ပြည်သူတွေ နေထိုင်ခိုလှုံကြတဲ့ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အဦတွေကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ ရေကြောင်းကနေ ပစ်ခတ်နေတာဟာ လူတိုင်းအသက်ရှင် ရပ်တည်နေထိုင်ပိုင်ခွင့်ကို ပြောင်ကျကျ ကျူးလွန်ချိုးဖောက်တာဖြစ်တယ်။ စစ်ရှုံးလို့ အရှက်ရနေတဲ့ စစ်ကောင်စီရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကြောင့် နိုင်ငံတကာရာဇဝတ်မှုခုံရုံးက ချက်ချင်းအရေးယူပေးဖို့ လိုအပ်တယ်” ဟု ပြောသည်။
ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ရသည့် စာသင်ကျောင်းပေါင်း ၃၄ ဆောင်ရှိကြောင်း DMG စာရင်းအရ သိရသည်။