ဆားလုပ်ငန်းလုပ်ကိုင်သူ နည်းလာခြင်းကြောင့် မွန်ပြည်နယ် ဆားအထွက်နှုန်း လျော့ကျနိုင်

ဆားလုပ်ငန်းလုပ်ကိုင်သူ နည်းလာခြင်းကြောင့် မွန်ပြည်နယ် ဆားအထွက်နှုန်း လျော့ကျနိုင်

မွန်ပြည်နယ်တွင် ဆားလုပ်သား ရှားပါးလာခြင်းနှင့် ဆားစျေးကျလာပြီး ထုတ်လုပ်မှုစရိတ် မကာမိခြင်းကြောင့် ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် ဆားလုပ်ငန်းလုပ်အချို့ လုံးဝရပ်နားသွားသည်ရှိသလို အချို့ကလည်း တစ်နိုင်တစ်ပိုင်လောက်သာ လုပ်ကိုင်လာကြသည်ဟု ဆားလုပ်ငန်းလုပ်ကိုင်နေသူတို့က ပြောသည်။

နှစ်စဉ် ပုံမှန် ဆားဖို ၁၁ ဖိုအထိ လုပ်ကိုင်နေသည့် ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် အလုပ်သမားရှားပါးမှုကြောင့် ယခုနှစ်တွက် ဆားဖို ၂ ဖိုသာ ဆားထုတ်လုပ်ငန်း လုပ်ကိုင်နေကြောင်း၊ အလားတူ ပလိုင်ကီးကျေးရွာတွင်လည်း ဆားဖို ၂ ဖိုသာ လုပ်ငန်း လုပ်ကိုင်နေကြောင်း သိရသည်။

ဆားလုပ်ငန်းခွင်တွင် ကျွမ်းကျင်လုပ်သားမရှိဘဲ သာမန်အလုပ်သမားများဖြင့်သာ လုပ်ငန်းလည်ပတ်နေရသည့်အတွက် ဆားအထွက်နှုန်းလည်း လျော့ကျလာနိုင်သည့် အခြေအနေရှိသည်ဟု နှစ်ကရင်မှ ဆားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

“အရင်ကဆို ကျနော့်ဆားဖိုမှာ လုပ်သား ၁၂ ယောက်ထိရှိတယ်။ ဒီနှစ်က ၅ ယောက်ပဲဆိုတော့ ဆားထွက်နှုန်းလည်း လျော့မှာပဲလေ။ ပုံမှန် ကျနော့်ဆားဖိုကနေ ပိဿာ ၇ သိန်းအထိ ထွက်ပေမဲ့ ဒီနှစ်ကတော့ ပိဿာ ၃ သိန်းတောင် အနိုင်နိုင်ပါပဲ။ လုပ်သားတွေ ရှာလို့မလွယ်ဘူး။ ပြောရမယ်ဆိုရင် ဒီနှစ်မှာ လုပ်သား ၈၀ ရာခိုင်နှုန်းလောက် နည်းလာတယ်လို့ ပြောလို့ရတယ်” ဟု ၎င်းကပြောသည်။

အလုပ်သမားများကို ကြိုတင်စရံငွေ ထုတ်ပေးထားခဲ့သော်လည်း လုပ်ငန်းရာသီချိန်တွင် ရောက်မလာကြသည့်အတွက် စရံငွေပါ ဆုံးရှုံးရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းခွင်တို့တွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် အထက်အညာဒေသတို့မှ အလုပ်သမားများ လာရောက်လုပ်ကိုင်ကြပြီး လုံခြုံရေးအခြေအနေနှင့် စားဝတ်နေရေးအတွက် ပြည်ပထွက်ခွာကာ အလုပ်လုပ်ကိုင်လာခြင်းကြောင့် ဆားလုပ်ငန်းခွင်တွင် လုပ်သားရှားပါးလာခြင်းဖြစ်သည်ဟု ဆားလုပ်ငန်းလုပ်ကိုင်သူတို့က ပြောသည်။

ယမန်နှစ်က သာမန်ဆားလုပ်သားတစ်ဦးလျှင် တစ်လ ၁၈၀,၀၀၀ ကျပ်၊ ကျွမ်းကျင်လုပ်သားတစ်ဦးလျှင် ၂၃၀,၀၀၀ ကျပ်ဝန်းကျင်ဖြင့် လုပ်အားခ သတ်မှတ်ခဲ့သော်လည်း ယခုနှစ်တွင် အလုပ်သမားရှားပါးခြင်းနှင့်အတူ ကုန်ဈေးနှုန်းကြောင့် သာမန်ဆားလုပ်သားတစ်ဦးလျှင် တစ်လ ၃၆၀,၀၀၀ ကျပ်၊ ကျွမ်းကျင်လုပ်သားတစ်ဦးလျှင် ၄၅၀,၀၀၀ ကျပ်အထိ လုပ်အားခ တိုးမြှင့်ကမ်းလှမ်းခဲ့သော်လည်း လုပ်ကိုင်သူမရှိသည့် အခြေအနေဖြစ်နေသည်ဟုလည်း ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။

လက်ရှိတွင် မွန်ပြည်နယ် ဈေးကွက်အတွင်း နေလှန်းဆားတစ်ပိဿာ ၁၃၀ ကျပ်သာ ပေါက်ဈေးရှိနေပြီး ဆားစျေးသည် ထုတ်လုပ်မှုကုန်ကျစရိတ်ကို မကာမိခြင်းကြောင့် ဆားလုပ်ငန်းအချို့ လုပ်ငန်းရပ်နာလာကြောင်းလည်း ပလိုင်ကီးမှ ဆားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

“အဓိက, ကတော့ ဆားဈေးမတက်တာပေါ့။ ပစ္စည်းတွေက အကုန်လုံးဈေးတက်နေတယ်။ ကျွန်တော်တို့ ဆားတစ်ခုပဲ ဈေးမတက်တာ။ အဲဒီတော့ ကိုယ်လုပ်ထားတဲ့ဟာကို အရင်းတောင်ပြန်မရဘူး” ဟု ပလိုင်ကီးမှ ဆားလုပ်ငန်းရှင်က ပြောသည်။

မွန်ပြည်နယ်တွင် နှစ်စဉ် ဆားကွင်း ဧကပေါင်း ၄၅၀၀ ကျော် ဆားထုတ်လုပ်ငန်း လုပ်ကိုင်နေပြီး နှစ်စဉ် ဆားတန်ချိန် ခြောက်သောင်းခန့်ထွက်ရှိကာ အိုင်အိုဒင်းဆားချောစက်ရုံ ၁၅ ရုံမှ ဆားတန်ချိန် လေးသောင်းကျော် ထွက်ရှိနေသော်လည်း ယခုနှစ်တွင် ဆားအထွက်နှုန်း တန်ချိန် သိသိသာသာ လျော့ကျနိုင်သည်ဟု ဆားလုပ်ငန်းရှင်တို့က သုံးသပ်ထားသည်။

Most read this week

January 16, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းဘက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကျုံလောင်းနှင့်...
January 14, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောက်ဘက် တိုက်ပွဲဖြစ်ပွားပြီးနောက် ရေး-ကျောင်းရွာ...
January 13, 2025
အာဏာသိမ်းစစ်ကောင်စီက ပြည်သူတို့၏ လွတ်လပ်စွာ အင်တာနက်အသုံးပြုခွင့်ကို ထိန်းချုပ်ရန်အတွက်...
January 11, 2025
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီက စားသောက်ကုန်နှင့် စက်သုံးဆီသယ်ယူခွင့်များကို...