မြစ်ကြီးနားတွင် လူငယ်များ ပျောက်ဆုံးနေ

မြစ်ကြီးနားတွင် လူငယ်များ ပျောက်ဆုံးနေ

ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက် ပျောက်ဆုံးမှုများ ဖြစ်နေသည်ဟု မြို့ခံများက ပြောသည်။

ဒီဇင်ဘာလ ဒုတိယပတ်ထဲတွင် ပျောက်ဆုံးသွားသည့် လူငယ်တစ်ဦးမှာလည်း ယနေ့အချိန်ထိ အဆက်အသွယ် မရသေးဘူးဟု မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက  ယခုလိုပြောသည်။

“ငါတို့အိမ်နားက ကောင်လေးတစ်ယောက် ပျောက်သွားတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့လောက်ကပေါ့နော်။ အသက်က ၃၀ ကျော်လောက်ရှိတယ်။ ပျောက်တော့ လိုက်ရှာတယ်။ မြို့အနှံ့ရှာတယ်။ ပျောက်တာက သူငယ်ချင်းရဲ့ မောင်လေးပါ။ ရဲစခန်းမှာလည်း အမှုဖွင့်ထားတယ်။ အခုထိ ဘာသတင်းမှ မရဘူး။ မြောက်ပိုင်းတိုင်းမှာလည်း မေးကြည့်ပြီ၊ KIA လည်း ဆက်သွယ်ကြည့်တယ်၊ ဘယ်မှာမှ ရှာမတွေ့ဘူး”

မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်မှ အသက် ၃၀ ကျော်အရွယ် အဆိုပါ အမျိုးသား ပျောက်ဆုံးနေသည့်အပြင် ဒီဇင်ဘာလအတွင်း ပျောက်ဆုံးနေသူများထဲတွင် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

မိသားစုဝင်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာရှိ Group Page များတွင် လူပျောက်ကြေညာပြီးနောက် ငွေကြေးဖြင့် လာရွေးယူရန် လိမ်လည်ဖုန်းဆက်လာမှုများလည်း ရှိနေသည်ဟု မြစ်ကြီးနားမြို့ခံများက ပြောသည်။

မြို့သစ်ကြီးရပ်ကွက်နေ ပြည်သူတစ်ဦးက “သူငယ်ချင်းမိသားစုက သူတို့သားလေး ပျောက်သွားတော့ နှစ်ရက်လောက်အကြာမှာ ဖေ့ဘုတ်မှာ လူပျောက်ကြေညာလိုက်တာ၊ ကြေညာပြီး တစ်နှစ်ရီလောက်ဆို ဖုန်းကို ဆက်လာတယ်။ ခင်များတို့သားကို ခင်များတို့မောင်ကို စစ်ကြောရေးမှာ ဖမ်းထားတယ်။ အကြမ်းဖက်နဲ့ပတ်သက် ပြီး ဆက်နွယ်မှုရှိလို့ ငါတို့ဖမ်းထားတယ်၊ သိန်းနှစ်ဆယ်နဲ့ လာရွေးပါဆိုပြီး ဖုန်းဆက်ပြော၊ မိသားစုကလည်း စိုးရိမ်ပြီး တဝက်အရင် လွှဲလိုက်တယ်။ တဝက်ကိုတော့ ဘယ်မှာလာပေး၊ အဲ့လိုဆို လွှတ်ပေးမယ်ပေါ့။ အဲ့လိုမျိုးပြောပြီး အခုထိ အဆက်အသွယ် မရတော့ပြန်ဘူး” ဟု ပြောသည်။

အလားတူ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်လည်း မြို့သစ်ကြီးရပ်ကွက်ရှိ နေအိမ်မှ မြစ်ကြီးနားမြို့ထဲသို့ စျေးသွားဝယ်သော အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး ပျောက်ဆုံးသွားခဲ့သည်။

ထို့အပြင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်မှလည်း အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း ၄ လနီးပါးအကြာ ပျောက်ဆုံးနေပြီး ယနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဇန်နဝါရီလ ၆ ရက်နေ့အထိ မတွေ့သေးဘူး။ အဆက်အသွယ်လည်း လုံးဝ မရတော့ဘူး။ ပျောက်နေတာ ကြာပြီ၊ ရဲစခန်းမှာလည်း တိုင်ထားတယ်။ အပြင်သွားလိုက်တာ အဲ့ဒီနေ့ကစပြီး အခုထိ ပြန်မလာတော့တာ။ ဖုန်းလိုင်းတွေကလည်း မရတာကြာပြီလေနော်၊ အစပိုင်းတော့ သူ့ဖုန်းဆက်ရင် ဆက်သွယ်မှုဧရိယာပြင်ပလို့ ဆိုတာမျိုးကနေ ၃ ရက်လောက်ကြတော့ စက်ပိတ်ထားပါတယ်ရှင် ဖြစ်သွားတာ။ စက်ပိတ်ထားပါတယ်ရှင်က ဒီနေ့အချိန်ထိပဲ” ဟု ပြောသည်။

မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်မှ လူငယ်တစ်ဦးလည်း ပျောက်ဆုံးနေသည့်အပြင် အသက် ၁၇ နှစ်အရွယ် မောင်ချန်းဒေးဗစ်ဆန်းလွင်ဆိုသူလည်း ပျောက်ဆုံးနေသည်ဟု မြစ်ကြီးနားနှင့်သက်ဆိုင်သော Group Page များတွင် လူပျောက်ကြော်ငြာထားကြသည်။

မြစ်ကြီးနားမြို့သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှစတင်၍ ယနေ့အချိန်ထိ ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ကာ ဆက်သွယ်ရေးပိုင်း ခက်ခဲနေပြီး လယ်ကုန်း၊ ကျွန်းပင်တာ၊ ဒူကထောင်၊ စီတာပူ၊ အစိုးရရုံး ပတ်ဝန်းကျင်နေရာများနှင့် MPT ရုံးအနီးအနား၌သာ MPT ဖုန်းလိုင်း ရရှိနေခြင်းဖြစ်သည်။

ထိုသို့သော အခြေအနေများကြောင့် မိသားစုဝင်များနှင့် အဆက်အသွယ်လုပ်ရန်ပင် အခက်အခဲများ ဖြစ်နေကြခြင်း ဖြစ်သည်။

Most read this week

January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...
January 7, 2025
မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်းများအတွင်း VPN...
January 7, 2025
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာ...
December 20, 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့်...