ကျောက်ဖြူ မလကျွန်း ကျေးရွာသားများကို စစ်ကောင်စီ ပိတ်လှောင်ထား

ကျောက်ဖြူ မလကျွန်း ကျေးရွာသားများကို စစ်ကောင်စီ ပိတ်လှောင်ထား
၂၀၂၀ ခုနှစ် တိုက်ပွဲကာလက ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ အားတွေ့ရစဉ်။ ဓာတ်ပုံ- CJ
၂၀၂၀ ခုနှစ် တိုက်ပွဲကာလက ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ အားတွေ့ရစဉ်။ ဓာတ်ပုံ- CJ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မလကျွန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရာက်ပြီး ကျေးရွာသားများကို ရွာပြင်ထွက်ခွင့်မပေဘဲ ပိတ်လှောင်ထားသည်မှာ တစ်ပတ်ခန့် ကြာမြင့်လာပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

အင်အာား ၂၀၀ ကျော်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတ် ၂၅ ရက်တွင် မလကျွန်းကျေးရွာကို ရောက်ရှိလာခြင်းဖြစ်ပြီး ရွာခံများအပါအဝင်  စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် မြို့ပေါ်ရပ်ကွက်တို့မှ ဒေသခံအချို့လည်းပါ ပိတ်မိနေခြင်းဖြစ်သည်။

“စစ်ဘေးရှောင်ဖို့ ထွက်လာတဲ့ လူတွေက အဲဒီမလကျွန်းကျေးရွာထဲမှာ ခဏနားကြတာ။ အဲဒီအချိန် စစ်ကောင်စီတပ်သားတွေက ရွာကိုဝိုင်းပြီး စစ်ကြောင်းထိုးလိုက်တော့ ရွာသားတွေအပြင် အဲဒီစစ်ဘေးရှောင်ဖို့ ရောက်နေတဲ့ လူတွေပါ ပိတ်မိသွားတာပါ။ ခုချိန်ထိ ရွာကနေ ဘယ်သူမှ ထွက်ခွင့်မရှိပါဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မလကျွန်းကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိပြီး ယင်းကျေးရွာမှတစ်ဆင့် အခြားကျေးရွာများကို စစ်ဘေးရှောင်ရန် ခေတ္တဝင်ရောက်နားခိုနေသော အုန်းတော၊ ဂုံးချွိန်နှင့် ကျောက်ဖြူ မြို့ပေါ်ရပ်ကွက်တို့မှ ဒေသခံများလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ မလကျွန်းကျေးရွာကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် အုန်းတော၊ ဂုန်းချွိန်ကျေးရွာတို့မှ  စစ်ဘေးတိမ်းရှောင်လိုသူများမှာ အခက်အခဲဖြစ်နေပြီး စစ်ပွဲကြား ပိတ်မိသွားမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။

“စစ်ဘေးရှောင်ဖို့က ဒီမလကျွန်းရွာက လမ်းတစ်လမ်းပဲရှိတယ်။ နောက်ထပ် သွားလို့ရနိုင်တဲ့ လမ်းတွေဆိုတာကလည်း အခု စစ်ပွဲတွေဖြစ်နေတော့ ထွက်ဖို့မလွယ်ဘူး။ ပြီးတော့ တောတောင်အနှံ့မှာ မိုင်းတွေထောင်ထားတော့ အဲဒီမလကျွန်း ရွာကပဲ ဖြတ်ပြီးတော့ သွားရတာ။ အခု အဲဒီရွာကို ပိတ်ဆို့ထားတယ်ဆိုတော့ စစ်ပွဲထဲမှာ ပိတ်မိ ရုံပဲရှိတော့တယ်” ဟု အုန်းတောကျေးရွာသားတစ်ဦးက ပြောသည်။

အုန်းတော၊ ဂုံးချွိန်၊ မလကျွန်းကျေးရွာတို့မှာ ကျောက်ဖြူမြို့နှင့် ၇ မိုင်ခန့် ပတ်ဝန်းကျင် အတွင်းရှိပြီး အမှတ် (၃၂) ရဲတပ်ရင်းနှင့် ၃ မိုင်ခန့် ကွာဝေးသည်။

ယင်း (၃၂) ရဲတပ်ရင်းအနီးတွင် မတ်လ ဒုတိယပတ်မှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ ထိတွေ့တိုက်ပွဲဖြစ်ပေါ်နေခြင်းလည်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ်တွင် ဖြစ်ပွားနေသော စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲမှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ကျေးရွာ ၂၀ ကျော်မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။

Most read this week

April 4, 2025
ပုံအညွှန်း - စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ သက်ကြီးရွယ်အို မိသားစုတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ -...
April 3, 2025
တိုက်ပွဲပြင်းထန်ခဲ့သည့် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် စစ်တွေမြို့နယ်တို့တွင် အာရက္ခတပ်တော် (AA) ၏...
စစ်ကောင်စီ၏ စစ်ရေးလေ့ကျင်မှုတစ်ခု။ ဓာတ်ပုံ - CINCDS
March 28, 2025
အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်တို့၏ အရှိန်မြင့်ထိုးစစ်များကြောင့် စစ်ကောင်စီတပ်သား...
March 27, 2025
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) ထိန်းချုပ်ပြီးနောက် မိမိနေရပ်...