ကျောက်ဖြူနှင့် စစ်တွေတွင် AA ထိုးစစ် ရပ်နေလည်း စစ်ကောင်စီ ပစ်ခတ်မှုရှိနေ

ကျောက်ဖြူနှင့် စစ်တွေတွင် AA ထိုးစစ် ရပ်နေလည်း စစ်ကောင်စီ ပစ်ခတ်မှုရှိနေ

တိုက်ပွဲပြင်းထန်ခဲ့သည့် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် စစ်တွေမြို့နယ်တို့တွင် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်များမှာ လက်ရှိတွင် ရပ်တန့်နေသော်လည်း စစ်ကောင်စီဘက်က တစ်ဖက်သက် ပစ်ခတ်မှုများရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

နိုင်ငံတဝန်းတွင် ငလျင်လှုပ်ခတ်ပြီးနောက် ဖေဖော်ဝါရီ ၃၀ ရက်မှစ၍ စစ်တွေနှင့် ကျောက်ဖြူတို့တွင် AA က ထိုးစစ်များ ရပ်တန့်ထားသော်လည်း စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းနှင့် မြေပြင်တပ်စခန်းများမှ ပစ်ခတ်တိုက်ခိုက်မှုများကို ယမန်နေ့ ဧပြီ ၂ ရက်နေ့အထိ ပြုလုပ်နေခြင်းဖြစ်သည်။

 “AA ဘက်ကတော့ ငလျင်လှုပ်တဲ့နေ့က စပြီး စစ်ရေးအရှိန် လျော့လိုက်တယ်။ နောက်နေ့တွေမှာတော့ ထိုးစစ်တိုက်ပွဲရော ထိတွေ့တိုက်ပွဲရော မကြားရတော့ဘူး။ ဒါပေမယ့် စစ်ကောင်စီ ဘက်ကတော့ ဒီနေ့အချိန်ထိ တစ်ဖက်သက် ပစ်ခတ်နေတာတွေရှိတယ်” ဟု ကျောက်ဖြူမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်ရှိ ကုလာဘာ၊ စစ်တောကျေးရွာအနီးဝန်းကျင်တို့ကို ယမန်နေ့ (ဧပြီ ၂ ရက်)၊ နံနက် ၉ နာရီခန့်မှ ၁၁ နာရီကျော်ထိ စစ်ကောင်စီဘက်မှ ဒရုန်းဖြင့် ဗုံးကြဲမှုအပါအဝင် စစ်သင်္ဘောများမှလည်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွေကျေးရွာကို စစ်ကောင်စီရေတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦး သေဆုံးပြီး ဒေသခံ ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ စစ်တွေမြို့နယ်တွင်လည်း စစ်ကောင်စီ၏ မြေပြင်တပ်စခန်းများနှင့် ရေတပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်တွေမြို့ပေါ်နဲ့ မြို့အနီးတွေကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာ ရှိပါတယ်။ မနက်ပိုင်းကလည်း စစ်သင်္ဘောကနေ လက်နက်ကြီး သုံးလေးချက်လောက် ပစ်ခတ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

ငလျင်ဒဏ်သင့် ပြည်သူများအပေါ် နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ခုခံစစ်မှလွဲ၍ ဧပြီလ တစ်လလုံး တစ်ဖက်သက် အပစ်ရပ်စဲကြောင်း AA ပါဝင်သော ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ဧပြီ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

သို့သော် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိတွင် အချို့သော တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များသည် တိုက်ပွဲဖော်ဆောင်ခြင်းမရှိသော်လည်း စုဖွဲ့ခြင်း၊ လေ့ကျင့်ပြင်ဆင်ခြင်းများ လုပ်ဆောင်နေသဖြင့် လိုအပ်သည့် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု ဧပြီလ ၁ ရက်နေ့တွင် ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်သည့် မတ် ၂၈ ရက်မှစ၍ ယနေ့အထိ စစ်ကောင်စီသည် စစ်ကောင်စီသည် မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်း၊ ကရင်၊ ရခိုင်၊ ကချင်တို့တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

လက်ရှိတွင် ငလျင်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စေရန် ကုလအဖွဲ့၏ တိုက်တွန်းမှုအပါအဝင် NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့က ပစ်ခတ်တိုက်ခိုက်မှုများကို တစ်ဖက်သက် ရပ်နားထားကြောင်း ကြေညာထားသည့်ကြားမှ စစ်ကောင်စီသည် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ရှိနေခြင်းဖြစ်သည်။

Most read this week

ထိန်းချုပ်နယ်မြေထဲက AA ၏ စစ်ဆေးရေးဂိတ်တစ်နေရာ။ ဓာတ်ပုံ - APM။
April 28, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်က...
April 25, 2025
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား နှစ်ဘက်တိုက်ပွဲများ...
April 24, 2025
ကုလားတန်စီမံကိန်းဟာ ဘာလဲ Kaladan Multi-Modal Transit Transport Project (KMTTP) ကို...
April 24, 2025
ပုံစာ - စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခဲ့သောကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် ဦးကင်းကျေးရွာကို...